သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဗီဇာသက်တမ်းကျော်လွန်ရင် ပြည်ဝင်ခွင့်ပါပိတ်မယ်လို့ မြန်မာသံရုံး သတိပေး


ထိုင်းနိုင်ငံဘန်ကောက်မြို့ မြန်မာသံရုံး
ထိုင်းနိုင်ငံဘန်ကောက်မြို့ မြန်မာသံရုံး

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရိုကနေ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများအား သတိပြုလိုက်နာဖို့ဗီဇာသက်တမ်းကျော်လွန်ရင် ဒဏ်ကြေးပေးရမယ့်အပြင် ပြည်ဝင်ခွင့်တွေပါပိတ်ခံရမယ်ဆိုပြီး နိုဝင်ဘာလ ၈ ရက်နေ့က ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာသံရုံးက အသိပေးစာထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာစစ်မှုထမ်းဥပဒေထွက်ပေါ်လာအပြီး နေရပ်မပြန်ကြတဲ့မြန်မာနိုင်ငံသားတွေကြောင့် ထုတ်ပြန်တာလို့ ပြည်ပရောက်နေတဲ့မြန်မာလူငယ်တွေနဲ့ အလုပ်သမားရေးလှုပ်ရှားသူတွေက သုံးသပ်ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံအတွင်း ဗီဇာသက်တမ်းလွန်နေထိုင်ကြတဲ့မြန်မာနိုင်ငံသားတွေ အနေနဲ့ ဘယ်လက်မှတ်ပဲကိုင်ဆောင်ထားထား တစ်ရက်ကို ဘတ် ၅၀၀/- နှုန်းနဲ့ စုစုပေါင်း ဘတ် ၂၀,၀၀၀/- ထက်မပိုတဲ့ ဒဏ်ကြေးငွေကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရိုကိုပေးဆောင်ရမှာဖြစ်ပြီး သက်တမ်းလွန်ကာလအလိုက် ပြည်ဝင်ခွင့်တွေပိတ်ခံရမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံဘန်ကောက်မြို့ မြန်မာသံရုံးက နိုဝင်ဘာလ ၈ ရက်နေ့က အသိပေးစာထုတ်ပြန်ထားတာပါ။ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံထဲမှာ ဗီဇာသက်တမ်းကျော်လွန်ပြီးနေထိုင်နေကြသူတွေများလာတာကတော့မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေထွက်လာပြီးကတည်းကအခုလိုများလာတာဖြစ်တယ်လို့ စစ်မှုထမ်းဥပဒေကိုရှောင်ရင်း ထိုင်းနိုင်ငံကိုထွက်လာခဲ့တဲ့လူငယ်တဦးက VOAကိုပြောပါတယ်။

"ဘာလို့မပြန်ချင်ကြတာလဲဆိုတော့ အဓိက အချက်ကတော့ ပထမဦးဆုံး စစ်မှုထမ်းဥပဒေကြောင့်ပါတယ်၊ လူငယ်တွေအမျိုးသမီးငယ်တွေက စစ်မှုထမ်းဥပဒေကြောင့်ပေါ့ တခြားအချက်အလက်တွေကတော့ မြန်မာနိုင်ငံမှာတော်တော်များများနေရာဒေသမှာက တိုက်ပွဲတွေဖြစ်နေကြတယ်၊ ပညာသင်ကြားတာတွေက ဆက်လုပ်လို့မရတဲ့အတွက်ကြောင့်မို့ပညာသင်ကြတဲ့သူတွေကလည်းလာသင်ကြတယ် ၊ အလုပ်လာလုပ်ကြသူတွေကလည်းလာလုပ်ကြတယ်။ စစ်မှုထမ်းဥပဒေထွက်ပြီးနောက်ပိုင်းမှာ ထိုင်းနိုင်ငံကိုနည်းလမ်းမျိုးစုံနဲ့လာတဲ့သူတွေများတယ် ၊ ထိုင်းနိုင်ငံရဲ့ နေရာဒေသအသီးသီးမှာအထောက်အထားမရှိပဲ နေကြရတာများတယ်"

အလားတူ ရွှေပြောင်းအလုပ်သမားတွေကြားထဲမှာလည်း MOU နဲ့လာပြီး အလုပ်လုပ်ခွင့်ဗီဇာ သက်တမ်းကုန်ဆုံးတာတောင်မှ မြန်မာပြည်က နိုင်ငံရေးအခြေအနေတွေ စစ်ရေးမငြိမ်သက်မှုတွေ၊ ပြန်ရင်စစ်မှုထမ်းရမှာစိုးတာတွေကြောင့် နေရပ်မပြန်ကြသူတွေလည်းများလာနေတယ်လို့အလုပ်သမားရေးလှုပ်ရှားသူတွေကပြောဆိုခဲ့ပါတယ် ။ဒီအတွက်သက်တမ်းကျော်လွန်နေထိုင်သူတွေထဲမှာလည်း နိုင်ငံကူးစာအုပ် ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေလည်းပါဝင်တယ်လို့ လည်း အလုပ်သမားရေးလှုပ်ရှားသူ ကိုရဲမင်းကလည်းပြောပါတယ်။

"လက်ရှိမှာ ထိုင်းနိုင်ငံမှာ Over stay ဖြစ်ကြတဲ့သူတွေကော အထောက်အထားမဲ့တွေကော အခြေအနေအရ မြန်မာပြည်ကိုပြန်လို့မရတဲ့သူတွေကော အဲဒီလိုလူတွေမြောက်များစွာ အတန်းအစားမျိုးစုံရှိတယ် ၊ အထူးသဖြင့်အလုပ်သမားတွေပေါ့နော် အခုချိန်မှာမြန်မာပြည်ကိုပြန်ဆိုလည်းမပြန်ချင်ကြဘူးအရင်ကဆို မြန်မာပြည်ဖို့ပဲကြိုးစားလုပ်နေကြတယ် အခုကမပြန်ချင်ကြဘူး လက်ရှိအခြေအနေအရက Over stayဖြစ်တဲ့သူတွေကတော့များနေမှာပဲ"

မြန်မာသံရုံးကတော့ထိုင်းလူဝင်မှုကြီးကြပ်ဗျူရိုက အက်ဥပ‌ဒေတွေ စည်းကမ်းတွေကိုလိုက်နာဖို့အတွက် အသိပေးချက်ထုတ်ပြန်ပြီး နေထိုင်ခွင့် သက်တမ်းတိုးဖို့တွေကို နိုဝင်ဘာလက ၈ရက်နေ့က သတိပေးထားပါတယ်။

ဗီဇာသက်တမ်းလွန်နေထိုင်နေတဲ့မြန်မာနိုင်ငံသားအများစုကတော့ နိုင်ငံကူးလတ်မှတ် စာအုပ်တွေမှာ ဗီဇာသက်တမ်းတိုးတာတွေမလုပ်တော့ပဲ ထိုင်းနိုင်ငံမှာ နောက်ထပ်လုပ်ပေးမယ့်အလုပ်လုပ်ခွင့်လက်မှတ်တွေရရှိဖို့အတွက်ပဲ စောင့်မျှော်နေကြပါတယ်။ ထိုင်းနိုင်ငံမှာတရားဝင်ကော တရားမဝင်ကော မြန်မာ ၆ သန်းထက်မနည်းရှိတယ်လို့ အလုပ်သမားရေးလှုပ်ရှားသေူတွက ခန့်မှန်းကြပြီး တရားဝင် အထောက်အထားရှိတဲ့မြန်မာတွေကတော့ ၂ သန်းကျော်သာရှိပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG