သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလက်ဝဒေသ စစ်အင်အားတိုးချဲ့မှု မြန်မာစစ်တပ်ငြင်းဆို


လွန်ခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဘက်မှာ တပ်မတော်ဘက်က စစ်အင်အား တိုးချဲ့တာတွေ ရှိနေတယ်လို့ ဒေသတွင်း စောင့်ကြည့်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒီလို တပ်အင်အားတိုးချဲ့မှုတွေကြောင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ အရှိန်မြင့်လာမှာကိုလည်း စိုးရိမ်နေကြတာပါ။ ဒါပေမဲ့ တပ်မတော်ဘက်ကတော့ စစ်ရေးတိုးချဲ့တာ မရှိဘဲ တပ်အပြောင်းအလွှဲ ပုံမှန်လုပ်တဲ့ အခြေအနေသာဖြစ်ကြောင်း ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။

မြန်မာစစ်တပ်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့ကြား စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ရခိုင်ပြည်နယ်စပ်၊ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ဘက်မှာ မြန်မာစစ်တပ်က မကြာခင်ရက်ပိုင်းကပဲ တပ်အင်အား တိုးချဲ့စေလွှတ်မှုတွေနေတာကြောင့် နှစ်ဘက် စစ်ရေးလှုပ်ရှားမှုတွေ တိုးလာမှာကို လူထုအဖွဲ့အစည်းတွေက စိုးရိမ်နေကြပါတယ်။

မတူပီဘက်ကို ၂၁ရက်က ရောက်လာတဲ့ စစ်ကားတွေဟာ ၂၃ရက်မှာ ရေဇွာနဲ့ လိုင်လန်းပီမြို့ဘက်ကို တစ်ဝက်ခွဲထွက်သွားပြီး ပလက်ဝဘက်ကိုလည်း အစီး ၄၀ လောက် ထွက်သွားခဲ့ကြောင်း ပုံမှန်စစ်ကား အရွယ်အစားအရဆိုရင် တပ်သားအင်အားဟာ ထောင်ဂဏန်းရှိနိုင်ကြောင်း ချင်းလူ့အခွင့်အရေး အဖွဲ့အစည်း CHRO ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဆလိုင်းတေရက ပြောပါတယ်။

“သူတို့တပ်မ ၇၇ ရဲ့ လက်အောက်အောက်ခံတပ်ဆိုတော့ ပြောတာတော့ စစ်ကားအစီး ၁၀၀ ဆိုရင်တော့ သူတို့က ၂၀၀၀ လောက်တော့ ဖြစ်နိုင်တယ် ခန့်မှန်းခြေပေါ့နော်။ စစ်ရေးပြင်ဆင်မှုတခုလို့ ကျနော်တို့ ခန့်မှန်းတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာလည်း အဲဒီ AA လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်က မကြာခဏပေါ့နော် တိုက်ပွဲဖြစ်နေတယ်။”

၂၀၁၇ အောက်တိုဘာ ၃၁ရက်ကစပြီးဖြစ်တဲ့ တပ်မတော်နဲ့ AA တိုက်ပွဲတွေ ဖြစ်လာခဲ့ပြီး၊ AA လက်နက်ကိုင်အဖွဲ့တချို့ ချင်းပြည်နယ် တောင်ပိုင်းမှာ ဝင်ရောက် နေရာယူလာတာရှိသလို နှစ်ဘက် လက်နက်ကိုင် စစ်ရေးလှုပ်ရှားမှုတွေ ရှိမယ်ဆိုရင် နယ်မြေတည်ငြိမ်မှုမရှိဘဲ စစ်ရှောင်တွေ တိုးလာနိုင်ကြောင်း ချင်းဒီမိုကရေစီအဖွဲ့ချုပ် CLD ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က ပြောပါတယ်။

“အဲဒီစစ်ရေးအပိုင်းနဲ့ သူတို့ လုံခြုံမှုယူတဲ့ အပိုင်းတွေကျတော့ သိပ်မပြောလိုဘူး သို့သော် တိုင်းရင်းသား လက်နက်ကိုင်ပဲဖြစ်ဖြစ်၊ အစိုးရတပ်မတော်ပဲ ဖြစ်ဖြစ် ရှိလာပြီဆိုရင်တော့ အဲဒီဟာရဲ့ အကျိုးသက်ရောက်မှု ပြည်သူလူထုကတော့ အနည်းနဲ့အများတော့ ခံရနေတာတော့ ရှိတယ်လေ။ ဘာလို့လည်းဆိုတော့ နယ်မြေ မငြိမ်းချမ်းရင် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တိုးတက်ရေး လုပ်ရတာ တော်တော်ခက်ခဲမှုရှိတယ်.. ပြည်သူအတွက်ပေါ့လေ။ ဒီနှစ်ဘက်စလုံးက ဝင်ရောက်ပြီးတော့ နေရာယူလာပြီဆိုရင် ပိုပြီးတော့ ပြည်သူလူထုက စစ်ဘေးရှောင်သမားတွေက ပိုပိုများလာမယ်။ ဒီတော့ချင်းပြည်သူလူထုက ကြားက ဓားစာခံလို ခံစားနေရတယ်လို့ သုံးသပ်ရတယ်လေ။ အဲဒါကတော့ အဓိက အဆိုးရွားဆုံးပဲ။”

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်စပ်မှာ တပ်မတော်ဘက်က တပ်အင်အား တိုးချဲ့ချထားမှုတွေ ရှိနေတဲ့အကြောင်း ဒေသခံ ချင်းအဖွဲ့အစည်းတွေက ခုလို ပြောပေမဲ့လို့၊ မြန်မာစစ်ဘက်ကတော့ ဒါကို ငြင်းဆိုပါတယ်။ ပလက်ဝ မြောက်ပိုင်းဒေသမှာ လွန်ခဲ့တဲ့လတွေကထက်စာရင် နယ်မြေ တည်ငြိမ်နေကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားတာတွေ သိပ်မရှိတော့ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျနော်တို့ ပုံမှန်တပ်ရွှေ့တာတွေ ဘာတွေရှိပါတယ် တပ်မ(၇၇)တော့ မဟုတ်ပါဘူးဗျ။ ကျနော်ကတော့ အဲဒီလို မကြားမိဘူးခင်ဗျ ပုံမှန် မတူပီ(မြို့) တပ်တွေ စစ်ဆင်ရေးချိန်းတာ ဖြစ်မှာပါ။ မတူပီမှာက တပ်တွေရှိတာကိုး အဲဒီတပ်တွေပဲ ကိုယ့်ဘာသာ တာဝန်လဲလှယ်တဲ့ဟာ ရှိကောင်း ရှိမှာပါ။ အခြားဝင်လာတဲ့ တပ်မတွေဘာတွေ ကျနော်ကတော့ မကြားမိဘူးခင်ဗျ။ အရင်ကထက်စာရင် တစ်လ၊ နှစ်လ ထက်စာရင် ပလက်ဝ မြောက်ခြမ်းက အေးချမ်းနေပြီလို့ ပြောလို့ရတာပေါ့။ တိုက်ပွဲတွေဖြစ်တာ သိပ်မရှိတော့ဘူး။”

ပလက်ဝဘက်မှာ စစ်အင်အားတိုးချဲ့တာမရှိပေမဲ့လို့ ဖေဖော်ဝါရီလတုန်းက AA ဘက်က ချင်းရွာသားတချို့ကိုခေါ်ဆောင်သွားတာ၊ ပလက်ဝ တံတားစီမံကိန်း အတွက် ပစ္စည်းတင်လာတဲ့ သင်္ဘောကိုမီးရှို့တဲ့ကိစ္စအတွက် လုံခြုံရေး ချထား ဆောင်ရွက်ခဲ့တာမျိုးတော့ရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ပလက်ဝမြို့နယ် ကင်းသလင်းကျေးရွာနဲ့ ခမောင်းဝကျေးရွာ ကြားမှာ AA လက်နက်ကိုင်တပ်ဖွဲ့က စစ်စခန်း တခုရှိပါတယ်။ တပ်မတော်နဲ့ AA မကြာခဏ ဆိုသလို နှစ်ဘက်တိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ်အတွင်းမှာ စစ်ရှောင် ၂၆၀၀ ကျော်ရှိနေပါတယ်လို့လည်း ချင်းအရပ်ဘက် အဖွဲ့အစည်းတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG