သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးပဋိပက္ခ တွေ့ဆုံဖြေရှင်းဖို့ ရခိုင်လူမှုအဖွဲ့တွေ တိုက်တွန်း


ရခိုင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သားတွေ ထိခိုက်သေကြရတာ ရှေး ဟောင်းအမွေအနှစ် ဘုရားပုထိုးတွေ ပျက်စီးတာတွေ ရှိနေတာကြောင့် ဒါတွေကို ရပ်တန့်ဖို့ အစိုးရတပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကြား ပစ်ခတ်မှုတွေ ရပ်စဲပြီး တွေ့ဆုံ ဆွေးနွေးသွားဖို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။ အစိုးရစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့ AA အကြား တိုက်ပွဲတွေ အရှိန်မြင့် ဖြစ်ပွားနေချိန်မှာ ရခိုင်ပြည်လုံးဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ၃၀၀ နီးပါး ပါဝင်တဲ့ မိတ်ဖက်အဖွဲ့က ခုလို တိုက်တွန်း တောင်းဆိုခဲ့ကြတာပါ။ ဗွီအိုအေ မြန်မာပိုင်းသတင်း ထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်တွင်းက စစ်ရေးအဋိပက္ခဖြစ်ပွါးရာ ဒေသတွေမှာ အရပ်သားတွေ ထိခိုက်မှုတွေ ရှိနေတဲ့အတွက် မြန်မာ့တပ်မတော် ခေါင်းဆောင်တွေနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲတွေရပ်ပြီး တွေ့ဆုံဆွေးနွေးကြဖို့ ရခိုင်လူမှုအဖွဲ့အစည်း ၂၉၈ ဖွဲ့က တိုက်တွန်းလိုက်တာပါ။ ဒါနဲ့ပတ်သက်လို့ ရခိုင်ပြည်က အရပ်ဘက် လူမှုအဖွဲ့အစည်း ၃၀၀ နီးပါး ပါဝင်တဲ့ မိတ်ဖက်အဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဒေါ်ညိုအေးက အခုလိုပြောပါတယ်။

“ကျမတို့ ရင်ဆိုင်နေရတာကတော့ အခု စစ်မြေပြင်မဟုတ်ဘဲနဲ့ လေယာဉ်တွေနဲ့ ဗုံးကြဲတာတွေ ကိုတွေ့မြင်နေရတယ်။ ပြီးတော့လည်းပဲ စစ်ပွဲအတု သဘောမျိုးပေါ့နော်။ စစ်ပွဲမဟုတ်ဘဲနဲ့ ရွာထဲမှာကို ကျည်မိုးတွေ ရွာနေတာကို တွေ့မြင်နေရတယ်။ အဲတာတွေကို ငြိမ်းငြိမ်းချမ်းချမ်းနည်းနဲ့ ကျမတို့ ဖြစ်စေချင်တာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် အင်အားကြီးတဲ့ တပ်မတော်က သဘောထား နည်းနည်းကြီးပြီးတော့ ဒိုင်ယာလော့ လုပ်တာမျိုး လိုချင်တယ်ပေါ့နော်။ အပြစ်မဲ့တဲ့ ပြည်သူတွေ နစ်နာမှု အနည်းဆုံးနည်းလမ်းတွေကို ရှာကြံကြဖို့ ကျမတို့ ပြောချင်ပါတယ်။”

ပြီးခဲ့တဲ့ မတ်လတုန်းက ဖြစ်ပွါးခဲ့တဲ့ မြောက်ဦးမြို့က စစ်ရေးတင်းမာမှုအတွင်း ရှေးဟောင်းဘုရားပုထိုးတွေ အပြင်လူနဲ့ လူနေအိမ်တွေပါ ထိခိုက်ခဲ့တယ်လို့ ဒေါ်ညိုအေးက ဆိုပါတယ်။

“ကျမတို့ ယူနက်စကိုဂွင်ကို ဝင်ဖို့ အကုန်လုံး သတ်မှတ်ချက်တွေ ရှိနေပြီးတဲ့ဆိုတောင်မှ ဒီလိုမျိုး လာပစ်တယ်ဆိုတော့ ကျမတို့ တော်တော်လေးကို စိုးရိမ်နေစရာ ရှိတာပေါ့လေ။ ရှေးဟောင်းဘုရားတွေနဲ့ ပက်သက်ပြီး စိုးရိမ်စရာရှိတယ်။ ပြီးတော့လည်း လူနေအိမ် တော်တော်များများ ပျက်စီးကြတယ်ပေါ့။ လူတွေကလည်း အသက်ဆုံးရှုံးရတာတွေ ရှိတယ်။ ဒါကြောင့်မို့လို့ ကျမတို့ သဘောထားအမြင်တွေ အဲဒီလိုပဲ ထုတ်ပြန်ရတာ ဖြစ်ပါတယ်။"

ရခိုင်ပြည်နယ်အတွင်း မတ်လကနေ ဧပြီလအတွင်း ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေမှာ အရပ်သားတွေအပေါ် ပစ်ခတ်မှု ရွာအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိနေခဲ့လို့ ရွာသားတွေ ထိခိုက်သေဆုံးမှုတွေ များပြားလာနေခဲ့ပါတယ်။

မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်တော် AA တို့ ဖြစ်ပွါးခဲ့တဲ့ (၄) လတာ တိုက်ပွဲတွေအတွင်း ရွာသားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ရှေးဟောင်းအမွေအနှစ် ဘုရားပုထိုးကို ပစ်ခတ်တာတွေ ကျေးရွာ လူနေအိမ်တွေကို လက်နက်ကြီး၊ လက်နက်ငယ် လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေ အများအပြား ရှိလာနေပါတယ်။

ရခိုင်ပြည်နယ် (၅) မြို့နယ်က စစ်ရှောင်စခန်း (၆၆) ခုက ဒုက္ခသည်ဦးရေ (၃၄၀၀၀) ကျော်ရှိလာနေပြီး ဖြစ်ပါတယ်။

လာမယ့် မိုးတွင်းကာလမှာ ဒီစစ်ပြေးဒုက္ခသည်တွေအတွက် စိုးရိမ်စရာ အနေအထားမှာ ရှိတယ်လို့ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

“မိုးကျလာတော့ သွားရေးလာရေးလည်း အခက်တွေ့လာမယ်။ ပြီးတော့ တောတောင်တွေကိုလည်း သစ်ခုတ်၊ဝါးခုတ်၊ ထင်းခွေသွားလို့ မရတော့ဘူး။ တောတောင်ကို မှီခိုပြီးတော့ ကိုင်းကျွန်းလုပ်လို့ မရတော့ဘူး။ အဲဒီအခြေအနေမှာ ရှိတယ်ဆိုတော့ မိုးကျလာလို့ ရှိရင်တော့ စစ်ရှောင်ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အကုန်လုံးတော့ အခက်ခဲ ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။”

ဒီလိုအခြေအနေတွေ အဆုံးသတ်ဖို့အတွက် ရခိုင်ပြည်နယ်တွင်း တိုက်ခိုက်မှုတွေရပ်ပြီး သက်ဆိုင်ရာအဖွဲ့တွေကြား တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ လူမှုအဖွဲ့အစည်းတွေက တောင်းဆိုနေကြတာပါ။ လက်ရှိမှာ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်မဲ့ဖြစ်ရတဲ့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာဖူလုံဖို့ လုံခြုံတဲ့ လူနေမှုဘဝနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက အမြန်ဆုံး ကူညီဖြေရှင်းပေးဖို့။ ရှေးဟောင်းအမွေအနှစ် ဘုရားပုထိုး ပရဝုဏ်အတွင်း တပ်စခန်းချ နေထိုင်ခြင်းနဲ့ တိုက်ပွဲမပြုလုပ်ဖို့အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကော်မီတီ (NRPC) မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် ခေါင်းဆောင်တို့ အမြန်တွေ့ဆုံ ဆွေးနွေးဖို့ ရခိုင် အရပ်ဘက် လူမှုအဖွဲ့အစည်း ၃၀၀ နီးပါးက ဧပြီလ ၂၃ ရက်နေ့ နေ့စွဲနဲ့ သဘောထားထုတ်ပြန် တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

တဘက်မှာလည်း စစ်ရေးမဟာမိတ် (၃) ဖွဲ့ဖြစ်တဲ့ ရခိုင့်တပ်တော် AA၊ တအာင်းပလောင်တပ်ဖွဲ့ TNLA၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ရဲ့ ထိပ်သီး ခေါင်းဆောင်တွေကနေ ဧပြီလ (၂၀-၂၁) ရက်နေ့မှာ အရေးပေါ်အစည်းအဝေး တခုကျင်းပခဲ့အပြီး မြန်မာ့အစိုးရ မြန်မာ့တပ်မတော်အနေနဲ့ လက်ရှိပဋိပက္ခတွေကို စိတ်ရင်းစေတနာအမှန်နဲ့ အထူးအလေးထား ဖြေရှင်းသွားဖို့ မဟာမိတ်အဖွဲ့ (၃) ဖွဲ့အနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အမြန်အကောင်ထည် ဖေါ်နိုင်ရေးအတွက် တရုတ်နိုင်ငံ အစိုးရအနေနဲ့ ကြားဝင်စေ့စပ်ပေးဖို့ တောင်းဆိုထားသလို အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကော်မီတီ (NRPC) နဲ့ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာဖို့အတွက် မဟာမိတ်(၃)ဖွဲ့ကနေ အဆင်သင့်ရှိနေကြောင်း ဒီကနေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG