သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရန်ကုန်၊ စစ်တွေနဲ့ မြောက်ဦး ရခိုင်ရိုးရာသင်္ကြန်ပွဲ မဆင်နွှဲနိုင်


ရခိုင်မြောက်ဦး ရှေးဟောင်စေတီပုထိုးများ

မြန်မာနိုင်ငံဒေသအနှံ့မှာ ရိုးရာသင်္ကြန်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေပေမဲ့ စစ်ရေးပဋိပက္ခတင်းမာနေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ သင်္ကြန်ပျော်ရွှင်ပွဲ မကျင်းခဲ့သလို ရန်ကုန်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ ရခိုင်ရိုးရာသင်္ကြန်ပွဲလည်း မကျင်းနိုင်ခဲ့ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိရခိုင်ပြည်နယ်အတွင်း စစ်ရေးအရ ဆိုးရွားနေတဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ဘုရားရေသပ္ပါယ်တာကလွှဲရင် မဏ္ဍပ်တွေမှာ ရေကစားတာ မရှိဘူးလို့လည်း ဆိုကြပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

နှစ်စဉ်နှစ်တိုင်း စည်ကားစွာကျင်းပနေတဲ့ ရခိုင်ရိုးရာသင်္ကြန်ဟာ ဒီနှစ်မှာတော့ ကြီးကျယ်ခမ်းနားစွာ မကျင်းပတော့ဘဲ နံ့သာသွေးပွဲနဲ့ ဘုရားရေသပ္ပာယ်ပွဲကိုသာ ကျင်းပခဲ့ကြပါတယ်။

နှစ်စဉ်ရခိုင်ရိုးရာ သင်္ကြန်ပွဲကျင်းပခဲ့တဲ့ ရန်ကုန်မြို့မှာလည်း ရေလောင်းမဏ္ဍပ်နဲ့ ပျော်ပွဲရွှင်ပွဲတွေ မကျင်းပဘူးလို့ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ဒုဥက္ကဌ ဒေါက်တာစံလှကျော်ကပြောပါတယ်။

“ကျနော်တို့ ရွှေတိဂုံစေတီတော်အနီးမှာရှိတဲ့ ရခိုင်ဓမ္မာရုံမှာ ကျင်းပပါတယ်။ (၁၂) ရက်နေ့က နံ့သာသွေးတာပေါ့။ ဒီနေ့ ဘုရားရေသပ္ပါယ်တယ်။ ရေလောင်းမဏ္ဍပ်တော့မရှိဘူး ဒီနှစ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဘာတွေဖြစ်နေလို့လေ။ လူတွေစိတ်မချမ်းမသာဖြစ်တယ်။ ဒေသတွေ မတည်မညိမ်ဖြစ်တယ်။ အဲတာတွေကြောင့်လေ ကျနော်တို့ကဒီမှာ အပျော်အပါးတွေကို လျှော့တဲ့သဘောပေါ့။ နောက် ရခိုင်ပြည်ငြိမ်းချမ်းပါစေကြောင်း လူတွေစိတ်သောက ပြေပျောက်ပါစေကြောင်း ကျွန်တော်တို့ကဆုတောင်းတဲ့ သဘောပေါ့လေ။ ဘုရား ရေသပ္ပါယ်ပြီးတော့။”

ယခင်နှစ်တွေတုန်းကဆိုရင် သုဝဏ္ဏကွင်းမှာ ရိုးရာရေကစားမဏ္ဍပ်နဲ့ ပျော်ပွဲတွေကျင်းပခဲ့ပေမဲ့ ဒီနှစ်မှာတော့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးနေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပျော်ပွဲရွှင်ပွဲတွေ မကျင်းပတော့ဘူးလို့ သူကဆိုပါတယ်။

အလားတူ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့အကြိုနေ့ သင်္ကြန်ဆင်နွှဲနေမှုအခြေအနေကိုတော့ ရခိုင်အမျိုး သားပါတီ ဒုတိယဥက္ကဌဒေါ်အေးနုစိန်က အခုလိုပြောပြပါတယ်။

“ရေပက်ခံမဏ္ဍပ်တို့ ရေလောင်းမဏ္ဍပ်တို့ အဲတာတွေတော့လုံးဝ မရှိသလောက်ဘဲ။ စစ်တွေမြို့တော်မဏ္ဍပ်လည်း မရှိပါဘူးနော်။ ဗဟိုမဏ္ဍပ်တို့ ဘာတို့အဲဒီလိုမရှိဘူး။ ခြုံပြီးတော့ပြောရရင် သင်္ကြန်မကျကြဘူးလေ။ သင်္ကြန်ပွဲတော် မဆင်နွှဲကြဘူးပေါ့။ သင်္ကြန်အဆောင်ယောင် အခင်းအကျင်းတွေ ဘာမှမမြင်ရဘူး။”

ရခိုင်ပြည်နယ် ရှေ့ဟောင်းယဉ်ကျေးမှုမြို့လို့ခေါ်ဆိုတဲ့ မြောက်ဦးမြို့မှာလည်း ဘုရားရေသပ္ပါယ်တာကလွှဲပြီး ရေ ကစားမဏ္ဍပ်နဲ့ ကစားတာမရှိဘူးလို့ မြောက်ဦးမြို့ခံဦးအေးမောင်ကပြောပါတယ်။

“ဒီမှာတော့ မနက်ကတော့ ဘုရားရေသပ္ပါယ်တာတော့ ရှိတယ်။ သူတို့ရိုးရာအစဉ်အလာအတိုင်းပေါ့။ ရေကစားမဏ္ဍပ်တွေ မရှိတော့ဘူး။ တခြားမဏ္ဍပ်တွေ မချတော့ပါ။”

လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ စစ်ရေးပဋိပက္ခတွေတင်းမာနေဆဲ အခြေအနေကြောင့် ဒီနှစ်သင်္ကြန်မှာ ရခိုင် ရိုးရာသင်္ကြန်ကို ရန်ကုန်မြို့အပြင် ရခိုင်ပြည်နယ်မြို့ကြီးတွေမှာ ပျော်ပွဲရွှင်ပွဲ အခမ်းအနားမလုပ်တော့ဘဲ နံ့သာသွေးပွဲနဲ့ ဘုရားရေသပ္ပာယ်ပွဲသာ ကျင်းပကြဖို့ ရခိုင်အသိုင်းဝိုင်းတွေအကြား နှိုးဆော်မှုတွေကလည်း ရှိနေပါတယ်။

ဒီနှစ်ရခိုင်သင်္ကြန်ပွဲတော် မဆင်နွှဲတဲ့အကြောင်းအရင်းကိုတော့ ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဌ ဒေါ်အေးနုစိန် ကအခုလိုပြောပြပါတယ်။

“လုံခြုံရေးလည်းပါတဲ့အပြင် ရခိုင်တပြည်နယ်လုံးမှာ အခုစစ်ဘေးရှောင် ဒုက္ခသည်(၃၀၀၀၀)ကျော် လက်ငင်းအနေအထားမှာ ဒုက္ခရောက်နေကြပြီးတော့ သေဆုံးတဲ့လူတွေ ပျောက်ဆုံးတဲ့လူတွေ ဆေးရုံမှာဒဏ်ရာရတဲ့သူတွေ။ အချုပ်နှောင်ခံနေရတဲ့မိသားစုဝင်တွေ အများကြီးရှိနေတယ်ဆိုတော့။ ဘယ်အချိန်ဘယ်လိုဖြစ်လာမှန်း မသိဘူး။ ဆိုတဲ့ အနေအထားတွေကြောင့် အဲဒီသင်္ကြန်ပွဲတော် မဆင်နွှဲဘူးဆုံးဖြတ်လိုက်ကြတာ ဖြစ်မယ်။”

အခုနှစ်သင်္ကြန်မှာ ရေလောင်းမဏ္ဍပ်ဆောက်ပြီး ရေကစားခြင်း သီချင်းဖွင်ပြီး ကခုန်ခြင်း မူးယစ်သောက်စားခြင်း မပြုလုပ်ဖို့ စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေးရဟန်းတော်တွေကနေ ဧပြီလ(၈) ရက်နေ့တုန်းကမြို့ ရပ်မိရပ်ဖတွေကို မေတ္တာရပ်ခံထားခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့အကြား ဖြစ်ပွါးနေတဲ့တိုက်ပွဲကြောင့် ဒေသအတွင်း လုံခြုံမှုအားနည်းနေသလို မလိုလားအပ်တဲ့တိုက်ခိုက်မှု ဖေါက်ခွဲမှုတွေဖြစ်မှာစိုးလို့ ဒီနှစ်သင်္ကြန်ပွဲ ကျင်းပခြင်းမပြုတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG