အာရှတလွှားမှာ အခြား လူမျိုးစုတွေနဲ့မတူပဲ တမူထူးခြားတဲ့ လည်ပင်းကြေးကွင်းပတ် အမျိုးသမီးတွေကို ၊ ကမ္ဘာလှည့်ခရီးသွားတွေက အထူး စိတ်ဝင်စား ကြပြီး အခုတော့ မျိုးဆက်သစ် အမျိုးသမီးငယ်တွေက သူတို့ ဘိုးဘေးဘီဘင်တွေလို လည်ပင်းမှာ ကြေးကွင်းပတ်ဖို့ ငြင်းဆန်လာကြပါတယ်။ ဒီလို ငြင်းဆန်မှုကြောင့် မြန်မာနိုင်ငံမှာ နှစ် ရာပေါင်းများစွာကတည်းကရှိလာတဲ့ လည်ပင်းကို ကြေးကွင်းပတ်တဲ့ဓလေ့ ပျောက်ကွယ်သွားတော့ မှာပါလား။ အဲဒီအခြေအနေဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အပေါ်မှာရော ဘယ်လိုရိုက်ခတ် လာနိုင်သလဲဆိုတာ- AP သတင်းတပုဒ်အပေါ် အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံ ကယားပြည်နယ်က ‘ပဒေါင်’တွေလို့ လူသိများကြတဲ့ လည်ပင်းရှည်နဲ့ အမျိုးသမီးတွေဟာ တကယ်တော့ ကယန်းလူမျိုးစုတွေဖြစ်တယ်လို့ ဒေသခံတွေကပြော ပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့ နှစ်ရာပေါင်း များစွာကတည်းက လည်ပင်းကို ကြေးကွင်းပတ်ပြီး အလှဆင်တဲ့ဓလေ့ ကျင့်သုံးလာခဲ့ သူတွေဖြစ်ပါတယ်။
အသက် ၈၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကယန်းအမျိုးသမီးကြီး ဒေါ်မာရီယာခိုင်ဟာ အခုချိန်ထိ လည်ပင်းမှာကြေးကွင်းပတ် အလှဆင်ထားပြီး သူ့လည်ပင်းလဲ ရှည်လာခဲ့ပါတယ်။ ရိုးရာဓလေ့အရကြေးကွင်းကို လည်ပင်းမှာသာမက လက်ကောက်ဝတ်နဲ့ ခြေသလုံးမှာပါပတ်ပြီး ဝတ်ဆင်ထားပါတယ်။ ဒေါ်မာရီယာခိုင် ဟာ ကယားပြည်နယ် ပန်ပက်ကျေးရွာမှာနေထိုင်ပြီး သူ့အမည်ကိုတော့ တချိန်က သူတို့ဒေသကိုရောက်လာတဲ့ အီတာလျံ သာသနာပြုအဖွဲ့က ပေးသွားခဲ့ တာပါ။ ဒေါ်မာရီယာက ငယ်စဉ်ဘ၀ အဖြစ်အပျက်တွေကို ခုလိုပြောပြပါတယ်။
"အသက် ၈နှစ်အရွယ်ကစပြီး ကျမလည်ပင်းမှာ ဒီကြေးကွင်းတွေ ဝင်ဆင်ခဲ့တာပါ။ ကျမက ယောက်ျားလေးနဲ့ တူတယ်ဆိုပြီး အဖေက ပြောပါတယ်။ နောက်ပြီး ယောက်ျားတယောက်လို အမဲလိုက်ဖို့ သေနတ်တလက် ဝယ်ပေးမယ်လို့လည်း အဖေက ပြောဖူးပါတယ်။ ဒါပေမဲ့ မိန်းကလေးတိုင်းက ကြေးကွင်းတွေ ဝတ်ကြတာဆိုတော့ ကျမလည်း ဝတ်ချင်တယ်ဆိုပြီး ပူဆာခဲ့ပါတယ်။"
ကြေးကွင်းတွေ ဝတ်ခါစတုန်းက နာခဲ့ပေမယ့် နောက်ပိုင်းမှာ နေထိုင်ရ အဆင်ပြေလာတယ်လို့ သူမကဆိုပါတယ်။ နွားကျောင်းတာ လှည်းမောင်းတာတွေ လုပ်ရင်း ဆယ်စုနှစ်နဲ့ချီ ဒီကြေးကွင်းဝတ်ရင်း နေလာသူဖြစ်ပါတယ်။ ကယန်းလူ့အဖွဲ့အစည်းက အမျိုးသမီးတွေဟာ ဒေါ်မာရီယာခိုင်လိုပဲ တချိန်ကျရင် လည်ပင်းမှာ ကြေးကွင်း ဝတ်ရရေးကို ရည်မှန်းချက်ထားကြပါတယ်။ ဒါပေမယ့် ဒီကနေ့ခေတ် ကယန်းမိန်းခလေးငယ်တွေကတော့ အဲသည်လို မဟုတ်ကြ တော့ပါဘူး။ ကြေးကွင်းဝတ်လို့ လည်ပင်း ရှည်လာတဲ့အခါ ပုခုံးက ညှပ်ရိုးနာတာမျိုး၊ အစားအသောက်မြိုချတဲ့အခါ အဆင်မပြေတာမျိုး၊ စတာတွေကို စိုးရိမ်နေကြတာပါ။ ဒေါ်မာရီယာခိုင်ရဲ့မြေးဖြစ်သူ အသက် ၂၀ အရွယ် ကယန်းမိန်းကလေး မဇာဇာဦးဟာ ထိုင်းနဲ့စင်္ကာပူလို နိုင်ငံမျိုးမှာ အလုပ်သွားလုပ်ဖို့ စိတ်အားထက်သန်နေပြီး ကြေးကွင်းဝတ်ဖို့ ငြင်းဆန်နေသူပါ။
"ကြေးကွင်းက လေးလည်းလေးတယ်။ ကျမတခါမှ မပတ်ဖူးဘူး အကြောင်းလည်း စုံစုံလင်လင်မသိဘူး။ အဲလိုဖြစ်နေတယ် အဲဒါကြောင့်မို့လို့ မပတ်ဖြစ်တာ "
ခုတော့ ကယန်းလူ့အဖွဲ့အစည်းမှာ ဒေါ်မာရီယာလို ကြေးကွင်းဝတ်ဆင်သူတွေ နည်းလာပါတယ်။ အခုဆိုရင် ကြေးကွင်းဝတ် လည်ပင်းရှည်အမျိုးသမီးဦးရေ ၁၀၀ အောက်မှာသာ ရှိတော့တယ်လို့ လေ့လာသူတွေကပြောပါတယ်။ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲမှာ လည်ပင်းရှည် ပဒေါင်အမျိုးသမီး အရင်က (၃-၄၀၀)လောက်ရှိခဲ့ရာက ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။
ဇာဇာရဲ့အကိုဝမ်းကွဲတော်စပ်သူလည်းဖြစ် ဒေါ်မာရီယာနဲ့အတူနေသူ မြေးလည်းဖြစ်တဲ့ မောင်ကိုကော်ကတော့ ထိုင်းမြန်မာနယ်စပ်က ကုလသမဂ္ဂဒုက္ခ သည်စခန်းမှာ အင်္ဂလိပ်စာ သင်ယူခွင့်ရခဲ့ပြီး အခုတော့ ခရီးသွားဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေပါတယ်။
"ကမ္ဘာလှည့် ခရီးသွားတွေကို ကျနော် ခေါ်လာတဲ့အခါ၊ ဒီကလူတွေရဲ့ အခြေအနေမှန်ကို သိစေချင်တာပါ။ ဒီက လူတွေကလည်း လူသားတွေပါပဲ၊ သူတို့ကို တိရစ္ဆာန်ရုံလို သဘောထားပြီး လာကြည့်တာမျိုး၊ သစ်ကုလားအုပ်-အမျိုးသမီးတွေ ၊ ‘ပဒေါင်’ တွေလို့ ဘာကြောင့်ခေါ်ကြတာလဲတော့ မသိဘူး။ ကျနော်တို့ လူမျိုးစုရဲ့ မူရင်းအမည်က ‘ကယန်း’ ဖြစ်ပါတယ်။"
၂၀၁၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ အစိုးရတပ်နဲ့ ဒေသခံတိုင်းရင်းသားတပ်တွေကြား အပစ်ရပ် ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ ဆွေးနွေးခဲ့ချိန်က စပြီး ဒီဒေသကို ကမ္ဘာလှည့်ခရီးသွား လာရောက်လည်ပတ်မှုတိုးလာခဲ့ပါတယ်။ ပြည်တွင်းစစ်ဖြစ်နေတဲ့ အရင်တုန်းကတော့ လည်ပင်းရှည်အမျိုးသမီး တွေအပါဝင် ကယန်းလူမျိုးစုတွေဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တဝိုက်မှာ လည်ရှည် ပဒေါင်အမျိုးသမီးတွေကို နိုင်ငံခြားသားခရီးသွားတွေ အထူးအဆန်းအဖြစ် လာရောက် ကြည့်ရှုတဲ့အတွက် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းကို ဝင်ငွေတိုးရစေခဲ့ပါတယ်။ ခုတော့ သူတို့ တဖြည်းဖြည်းနဲ့ မြန်မာနိုင်ငံထဲ ပြန်လာနေကြပါပြီ ။
ဇန်နဝါရီလဟာ နိုင်ငံခြားသားဧည့်သည်အလာများပြီး ၂၀၁၈ ခုနှစ် ကယားပြည်နယ် စာရင်းအရ ပန်ပက်ရွာကို ကမ္ဘာ့လှည့်ခရီးသည် (၃၀၀)နီးပါးလည်ပတ် ခဲ့ပြီး အဲဒီရွာအတွက် ဒေါ်လာ(၂)ထောင်နီးပါး ဝင်ငွေရစေခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက နိုင်ငံခြားဧည့်သည် ၆၃ ဦးသာလာခဲ့ပြီး ဒေါ်လာ(၅၀၀)လောက် သာ ရခဲ့ပါတယ်။
မကြာသေးခင်က ထိုင်းနိုင်ငံကနေ မြန်မာပြည်ကိုပြန်လာပြီး လက်ဆောင်ပစ္စည်းဆိုင်ဖွင့်ထားတဲ့ ကယန်းအမျိုးသမီး ဒေါ်မူဖဲကတော့ ကမ္ဘာ့လှည့်ခရီးသွား တွေကို မျှော်လင့်နေသူပါ။
" ကမ္ဘာ့လှည့်ခရီးသွားတွေက ကျမတို့လိုလူတွေကို မြင်ဖူးကြတာ မဟုတ်ပါဘူး။ ကျမတို့ကလည်း သူတို့ကို မတွေ့ဖူးဘူးဆိုတော့ တွေ့တဲ့အခါ ပျော်ပါတယ်။ ကျမတို့ဆိုင်က ပစ္စည်းတွေ ဝယ်သွားတယ်ဆိုရင် ကျမတို့လည်း ဝင်ငွေရတော့ ပိုပြီးတော့တောင် ပျော်မိပါတယ်။"
အသက်(၄၈)နှစ်အရွယ် လည်ရှည်အမျိုးသမီး ဒေါ်မုတူဟာလည်း ထိုင်းနိုင်ငံကနေ ကိုယ့်မူလဒေသကို ပြန်လာပြီး လက်ဆောင်ပစ္စည်းဆိုင်ဖွင့်ရင်း မိမိတို့ရဲ့ ရိုးရာဖြစ်တဲ့ လည်ပင်းကြေးကွင်းပတ်တဲ့ ဓလေ့ကို လက်ဆင့်ကမ်းနေသူဖြစ်ပါတယ်။
"ကြေးကွင်းကို ခပ်တိုတို ပတ်တာက ပိုအဆင်ပြေပါတယ်။ လူတိုင်းမှာ သူတို့နှစ်သက်တဲ့ စတိုင်ရှိပါတယ်။ သူတို့ မကြိုက်တဲ့ပုံစံမျိုး ပတ်မိရင် အဲဒါကိုချွတ်ပြီး အစကနေ ပြန်ပတ်ရပါတယ်။"
အခုလိုထူးခြားတဲ့ လည်ရှည်အမျိုးသမီးတွေကြောင့် ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးပြီး ဝင်ငွေတိုးစေတာကြောင့် ထိုင်းနိုင်ငံမှာရောက်နေတဲ့ ကယန်း အမျိုးသမီးတွေ မိမိတို့တိုင်းပြည်ကို ပြန်ဝင်လာကြဖို့ ကယားပြည်နယ်က ဝါရင့်ဧည့်လမ်းညွှန် ကိုဌေးအောင်က ပြောပါတယ်။
"လည်ပင်းရှည်-ကြေးကွင်းပတ် တိုင်းရင်းသား အများစုက ထိုင်းနိုင်ငံထွက်သွားကြတာပါ။ ထိုင်းက သူတို့ရဲ့ မွေးရပ်ဇာတိ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် အချိန်ထိ ဒီနေရာတွေက တိုက်ပွဲတွေဖြစ်နေတော့ တည်ငြိမ်အေးချမ်းမှု မရှိပါဘူး။ ဒါကြောင့်ထိုင်းကို ထွက်ပြေးသွားတာပါ။ ကယားပြည်နယ်က သူတို့ရဲ့ မူရင်းဒေသပါ၊ ထိုင်းက သူတို့ မွေးရပ်မြေ မဟုတ်ပါဘူး။"
ပန်ပက်လိုဒေသမျုးိကို ကယန်းပြည်သူတွေ ပြန်ဝင်လာနေတာနဲ့အမျှ အဲဒီဒေသအတွက် ဝင်ငွေပိုရစေမှာဖြစ်ပါတယ်။ ဒါပေမယ့် မျိုးဆက်သစ် ကယန်း မိန်းကလေးတွေ ကတော့ လည်ပင်းမှာကြေးကွင်းပတ်တဲ့ ရိုးရာဓလေ့ကို တဖြည်းဖြည် စွန့်လာနေတာကြောင့် ဒီဒေသမှာ လည်ရှည်အမျိုးသမီးတွေကို နောင်တချိန်မှာ မြင်ရပါ့တော့ မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။