ချစ်သူများနေ့လို့ မြန်မာနိုင်ငံမှာခေါ်ကြတဲ့ Valentine’s Day ဟာ အစ္စလာမ်ဘာသာနဲ့ မကိုက်ညီဘူးဆိုပြီး ပါကစ္စတန် တရားရုံး တခုကနေ ၂နှစ်မြောက်ဆက်တိုက်အဖြစ် ဒီနှစ်မှာလည်း ဆုံးဖြတ်လိုက်တာကြောင့် ဗယ်လင်တိုင်းဒေး အထိမ်းအမှတ်ပွဲတွေ၊ သတင်းမီဒီယာတွေမှာ ဖော်ပြတာတွေကို ပါကစ္စတန်အာဏာပိုင်တွေက ပိတ်ပင်လိုက်ပါတယ်။
ဒီနေ့နဲ့ပတ်သက်ပြီး ကြော်ငြာတာ ဒါမှမဟုတ် ကုန်ပစ္စည်းရောင်းချတာတွေ မလုပ်ရဘူးလို့ တရားရုံးက ဆုံးဖြတ် ကန့်သတ်လိုက် တာပါ။
တရားရုံးရဲ့ဆုံးဖြတ်ချက်နဲ့အညီ လိုက်နာလုပ်ဆောင်ကြဖို့အတွက် ပါကစ္စတန် အီလက်ထရောနစ်မီဒီယာ စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့ PEMRA က လိုင်စင်ချထားပေးတဲ့ ရုပ်သံနဲ့ ရေဒီယိုဌာနတွေကို ပြီးခဲ့တဲ့သီတင်းပတ်မှာ ညွှန်ကြားချက်တွေ ပေးပို့ခဲ့ပါတယ်။
ဗယ်လင်တိုင်းဒေးဟာ လူ့အဖွဲ့အစည်းမှာ ကိုယ်ကျင့်သိက္ခာမဲ့မှု၊ ဖော်ချွတ်မှုနဲ့ မဖွယ်မရာလုပ်မှုတွေ ပြန့်နှံ့စေတယ်လို့ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ အစ္စလာမ်မာဘတ် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့တာပါ။ အဲဒီဆုံးဖြတ်ချက်အရ အစ္စလာမ်မာဘတ် မြို့တော်က အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေနဲ့ အစိုးရရုံးဌာနတွေမှာ ဗယ်လင်တိုင်းဒေး ဆင်နွှဲတာကို ပိတ်ပင်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို သဘောမတူသူတွေကတော့ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံအတွက် တကယ့်ကိုအရေးပါတဲ့ ကိစ္စတွေအပေါ် ဆုံးဖြတ်ချက်တွေ ချမှတ်ရမယ့်အစား အရေးမပါတဲ့ကိစ္စရပ်တွေကို အာရုံစိုက်နေတယ်လို့ ဝေဖန်ပြောဆိုကြပါတယ်။