သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်လာဒင်ကိစ္စ စွပ်စွဲချက် ပါကစ္စတန် ပယ်ချ


ပါကစ္စတန် လွှတ်တော်တွင် ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ မိန့်ခွန်းပြောကြားနေစဉ်။ မေ ၉၊ ၂၀၁၁။
ပါကစ္စတန် လွှတ်တော်တွင် ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ မိန့်ခွန်းပြောကြားနေစဉ်။ မေ ၉၊ ၂၀၁၁။

အယ်လ်ခိုင်းဒါး (Al Qaida) အဖွဲ့ ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) ပါကစ္စတန် နိုင်ငံထဲမှာ ပုန်းခိုနေခဲ့တာနဲ့ ပတ်သက်လို့ ပါကစ္စတန်က လျှို့ဝှက်ပေးထားတယ်၊ ဒါမှမဟုတ် ဖော်ထုတ်ဖို့ အရည်အချင်း မရှိဘူးဆိုတဲ့ ပြောဆိုမှုတွေကို ပါကစ္စတန် ဝန်ကြီးချုပ်က ပယ်ချလိုက်ပါတယ်။

ဒီလို စွပ်စွဲ ပြောဆိုမှုတွေဟာ အဓိပ္ပာယ် မရှိဘူးလို့ ပါလီမန်မှာ ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) က တနင်္လာနေ့က မိန့်ခွန်းထဲမှာ ပြောသွားတာ ဖြစ်ပါတယ်။

ထောက်လှမ်းရေးအဖွဲ့ အပါအဝင် ပါကစ္စတန် အာဏာပိုင်တွေနဲ့ အယ်လ်ခိုင်းဒါးအဖွဲ့ တပေါင်းတည်း ဖြစ်နေတယ်လို့ ပြောသူမှန်သမျှဟာ မရိုးသားဘူးလို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

စစ်တပ်နဲ့ ထောက်လှမ်းရေးအဖွဲ့ အပေါ် ထောက်ခံကြောင်းလည်း ပြသခဲ့ပြီး ဘင်လာဒင် သေဆုံးမှုဟာ တရားမျှတတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံထဲမှာ ဘယ်သူမှ မဖော်ထုတ်နိုင်လောက်အောင် ဘင်လာဒင် ဘယ်လို နေထိုင်ခဲ့သလဲ ဆိုတာကို စုံစမ်းဖော်ထုတ်ဖို့ အတွက်လည်း အမိန့်ပေးလိုက်ပါတယ်။ ဦးဆောင် စုံစမ်းဖို့ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး တယောက်ကိုလည်း တာဝန်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ပါကစ္စတန်နိုင်ငံ အဘော့တာဘတ် (Abbottabad) မြို့ထဲက ခြံဝန်း တခုထဲကို အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းပြီး ဘင်လာဒင်ကို သုတ်သင်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်တို့ရဲ့ ဝင်ရောက် စီးနင်းမှုနဲ့ ပတ်သက်လို့လည်း အခုလို ပါကစ္စတန် မြေပေါ်မှာ တဖက်သတ် လုပ်တဲ့အတွက် ပြင်းထန်တဲ့ အကျိုးဆက်တွေ ရှိလာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ပါကစ္စတန်ဟာ အမေရိကန်နဲ့ ဆက်ဆံရေးကို အင်မတန် အလေးထားပါတယ်လို့လည်း ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီက ပြောကြားသွားပါတယ်။

အခုလို မစ္စတာ ဂီလာနီ ပြောကြားခဲ့တဲ့ မိန့်ခွန်းအပေါ်မှာ ပါကစ္စတန်ရေးရာ လေ့လာနေသူတွေက ဝေဖန်ကြပါတယ်။ ဒီလိုပြောကြားလိုက်လို့ အခြေအနေတွေကို ပိုပြီးတော့ ငြိမ်သွားစေမှာလား ဆိုပြီးတော့ သူတို့က မေးခွန်းထုတ်နေကြပါတယ်။

XS
SM
MD
LG