သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးသည်းထန်မှုကြောင့် ပါကစ္စတန်မှာ ရေလွှမ်းမိုးမှု အခြေအနေ ပိုဆိုး


ရေကြီးနေတဲ့ ပါကစ္စတန်နိုင်ငံမှာ ဒီကနေ့ တနင်္ဂနွေနေ့ မိုးကြီး ရွာပြန်တာကြောင့် ရေဘေးဒုက္ခသည်တွေကို အကူအညီပေး လုပ်ငန်းတွေ အခက်အခဲ ဖြစ်ရပြီး ရေဘေးဒုက္ခသည် ၁၅ သန်းလောက် ဒုက္ခရောက်နေရတာ ပိုဆိုးရွားသွားပါတယ်။ အခု ရေကြီးတာဟာ နှစ်ပေါင်းများစွာအတွင်း ပါကစ္စတန်မှာ အဆိုးရွားဆုံး ဖြစ်ပါတယ်။

နိုင်ငံ အနောက်မြောက်ပိုင်းကို ဖုံးလွှမ်းခဲ့တဲ့ ရေထုကြီးဟာ ဆင်းဒ်ပြည်နယ်ကို ဦးတည်ပြီးတော့ အိန္ဒုမြစ်တလျှောက် တောင်ဘက်ကို ဦးတည် စီးဆင်းသွားနေတယ်လို့ ပါကစ္စတန် တာဝန်ရှိသူတွေက ပြောပါတယ်။ ရေဘေးဒဏ်ကြောင့် လူပေါင်း ၁,၆၀၀ ထက်မနည်း သေဆုံးခဲ့ပြီးပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဆင်းဒ်ပြည်နယ်က ထောင်ပေါင်းများစွာသော လူတွေဟာ ရေဘေးဒဏ်ကနေ ထွက်ပြေးနေကြပါတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ သူတို့ပစ္စည်းတွေ အခိုးခံရမှာ စိုးရိမ်ပြီး ကယ်ဆယ် ရွှေ့ပြောင်းတာကို မလိုက်ဘဲ တင်းခံနေပါတယ်။

ရေဘေးကနေ လွတ်ရာ ထွက်ပြေးရသူတွေကို အကူအညီပေးဖို့ ပါကစ္စတန် အာဏာပိုင်တွေက ကြိုးစားနေကြပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ရဟတ်ယာဉ်တချို့ဟာ မိုးကြီးရွာတာကြောင့် မပျံသန်းနိုင် ဖြစ်နေပါတယ်။

နိုင်ငံတကာကနေ အကူအညီတွေ ပိုပေးကြဖို့ ပါကစ္စတန် ၀န်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ (Yusuf Raza Gilani) က မေတ္တာရပ်ခံ ပန်ကြားထားပါတယ်။ အခုဘေးဒုက္ခဟာ အစိုးရက လုပ်ဆောင်နိုင်စွမ်းထက် အများကြီး ကျော်လွန်နေတယ်လို့ သူက ပြောပါတယ်။

XS
SM
MD
LG