သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ရေကြီးမှုမြင်ကွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တုန်လှုပ်


ပါကစ္စတန်နိုင်ငံရောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း သတင်းထောက်များနှင့် တွေ့ဆုံနေစဉ် (သြဂုတ်လ ၁၅၊ ၂၀၁၀)
ပါကစ္စတန်နိုင်ငံရောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း သတင်းထောက်များနှင့် တွေ့ဆုံနေစဉ် (သြဂုတ်လ ၁၅၊ ၂၀၁၀)

အခု ပါကစ္စတန်နိုင်ငံမှာ ကြုံတွေ့ရတဲ့ ဆိုးရွားလှတဲ့ သဘာဝဘေးအန္တရာယ်မျိုး ဘယ်တုန်းကမှ မတွေ့ခဲ့ရဖူးဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။ ခုလို မထင်မှတ်ဘဲ ကြုံတွေ့ရတဲ့ ရေဘေး အန္တရာယ်ကြောင့် ဒုက္ခရောက်နေကြတဲ့ ပါကစ္စတန်နိုင်ငံသားတွေအတွက် နိုင်ငံတကာရဲ့ လူသားချင်းစာနာတဲ့ ကူညီထောက်ပံ့မှုတွေ အကြီးအကျယ် လိုအပ်နေတယ်လို့လည်း သူက ပြောပါတယ်။ ပါကစ္စတန် တောင်ပိုင်းနဲ့ အလယ်ပိုင်းက အဆိုးရွားဆုံး ရေဘေးဒဏ်သင့်နေရာတွေကို ကိုယ်တိုင် သွားရောက်ခဲ့ပြီး ပါကစ္စတန် ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပြီးတဲ့နောက် သတင်းထောက်တွေကို ကုလသမဂ္ဂ အတွင်းရေမှူးချုပ် ဘန်ကီမွန်းက အခုလို ပြောသွားခဲ့တာဖြစ်တယ်လို့ အစ္စလာမ်မာဘတ်မြို့ကနေ Ayaz Gul က ဗွီအိုအေ အတွက် သတင်းပေးပို့ထားပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ၃ ပတ်အတွင်း ပါကစ္စတန်သမိုင်းမှာ အဆိုးရွားဆုံး ကြုံတွေ့ရတဲ့ ရေဘေး အန္တရာယ်သင့် နေရာတွေကို မစ္စတာ ဘန်ကီမွန်း ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့တာပါ။ အဲဒီလို အဆိုးရွားဆုံး ရေလွှမ်းမိုးခံရတဲ့ ဒေသတွေကို သူ သွားရောက်ခဲ့ပြီးတဲ့နောက် သတင်းထောက်တွေနဲ့ တွေ့ဆုံ စကားပြောခဲ့ရာမှာ မစ္စတာ ဘန်ကီမွန်းက - လူသားချင်း စာနာ နားလည်တဲ့စိတ်နဲ့ သူ အခုလို ရောက်လာရတာဖြစ်သလို ပါကစ္စတန်အစိုးရ၊ ပြည်သူလူထုတွေနဲ့ ကုလသမဂ္ဂက အတူရှိနေတယ်ဆိုတာကို အားပေးဖို့အတွက် ဖြစ်တယ်လို့ ပြောသွားပါတယ်။

“ဒီကနေ့ ကျနော် တွေ့မြင်ခဲ့ရတဲ့ သဘာဝဘေးဆိုးကြီးရဲ့ ဒုက္ခတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ကမ္ဘာအရပ်ရပ်က သဘာဝဘေးဆိုးသင့် နေရာတွေကို ကျနော် အရင်ကလည်း သွားပြီး ကြည့်ဖူးပါတယ်။ ဒါပေမဲ့ ဒီလောက်ဆိုးရွားတဲ့ အခြေအနေမျိုး မတွေ့ခဲ့ရဖူးပါဘူး။ အခု ရေဘေးအန္တရာယ်ရဲ့ ထိခိုက်ပျက်စီးမှု ပမာဏက ကြီးမားလွန်းပါတယ်။ နေရာ အတော်များများမှာ လူတွေ အမြောက်အများ ထိခိုက်ပျက်စီးခဲ့ရတယ်။ အကူအညီတွေလည်း အများကြီး လိုအပ်နေပါတယ်။”

ရေဘေးဒဏ်သင့် ဒုက္ခသည် သန်း ၂၀ လောက်ရှိပြီး ဒါဟာ တိုင်းပြည်ရဲ့ ၅ ပုံတပုံ လူဦးရေဖြစ်တယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

“မြို့တွေ ရွာတွေ ထောင်နဲ့ချီပြီး ရေလွှမ်းတာ ခံလိုက်ရတာပါ။ လမ်းမတွေ၊ တံတားတွေ၊ အဆောက်အဦးတွေ၊ ကောက်ပဲသီးနှံတွေ၊ သန်းနဲ့ချီတဲ့ ကြက်ဝက်တိရစ္ဆာန်တွေ အားလုံး ထိခိုက်ပျက်ဆီးသွားခဲ့ပါတယ်။ လူတွေက ကျွန်းငယ်လေးတွေပေါ်မှာ ဘေးမှာလည်း ရေပတ်လည်ဝိုင်းလျက်နဲ့ စုပြုံ ပိတ်မိနေကြပါတယ်။ မသန့်ရှင်းတဲ့ရေတွေကို သူတို့ သောက်နေကြရတယ်။ ဒီဘေးဆိုးကြီး တော်တော်နဲ့ရပ်သွားမယ့်ပုံလည်း မရှိပါဘူး။ မိုးက ရွာနေတုန်းဖြစ်သလို နောက်ထပ် သီတင်းပတ်အတော်များများ ဆက်ပြီး ရွာဦးမယ့်ပုံပါ။ ရေကာတာကြီးတွေ ပေါက်ထွက်နိုင်တဲ့ စိုးရိမ်ရတဲ့ အခြေအနေမှာလည်း ရှိနေပြန်ပါတယ်။”

အကူအညီ အကြီးအကျယ် လိုအပ်နေတဲ့ ရေဘေးသင့် ဒုက္ခသည်တွေအတွက် အရေးပေါ် အမိုးအကာ၊ အစားအစာနဲ့ သောက်ရေသန့်တွေ အမြန်ဆုံးနည်းနဲ့ အရောက်ပို့ပေးနိုင်ဖို့ ကုလသမဂ္ဂနဲ့ ကူညီထောက်ပံ့ရေးအဖွဲ့တွေက အစွမ်းကုန် ကြိုစားနေကြတယ်လို့ မစ္စတာ ဘန်ကီမွန်း က ပြောပါတယ်။ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေကို နိုင်ငံတကာက အခုထပ်ပိုပြီးတော့ ပေးကြဖို့ကိုလည်း သူက တိုက်တွန်းလိုက်ပါတယ်။

“မထင်မှတ်ဘဲ ကြုံတွေ့ရတဲ့ ဒီသဘာဝဘေးဆိုးကြီးကြောင့် အကူအညီတွေလည်း အတိုင်းအဆမရှိ လိုအပ်နေပါတယ်။ အခုလို ရေဘေးအန္တရာယ်က ကြီးမားလှတာကြောင့် ဒီပမာဏနဲ့ညီမျှတဲ့ အကူအညီတွေကလည်း အကြီးအကျယ် လိုအပ်နေပါတယ်။”

ရက် ၉၀ အတွင်း ရေဘေးသင့်ဒေသတွေက ဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီတွေ ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ သန်း ၄၆၀ နီးပါး နိုင်ငံတကာက ပေးလှူကြဖို့ ကုလသမဂ္ဂက မေတ္တာရပ်ခံထားပါတယ်။ ဒါပေမဲ့ အခုချိန်ထိ လိုအပ်တာရဲ့ ၂၀ ရာခိုင်နှုန်းပဲ ရသေးပြီး နိုင်ငံတကာ အထောက်အကူတွေ နှေးကွေးနေတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၇၆ သန်း အကူအညီပေးခဲ့ပြီး ဖြစ်ပါတယ်။ ကူညီထောက်ပံ့ရေး လုပ်ငန်းတွေမှာ သုံးဖို့ ရဟတ်ယာဉ်တွေကိုလည်း အမေရိကန်က ပါကစ္စတန်ကို ပို့ပေးခဲ့ပါတယ်။ ရေဘေးဒုက္ခသည်တွေအတွက် ကုလသမဂ္ဂက နောက်ထပ် ဒေါ်လာ ၁၀ သန်း နဲ့ စုစုပေါင်း ဒေါ်လာ ၂၇ သန်းအထိ တိုး လှူဖို့ မစ္စတာ ဘန်ကီမွန်းက ကတိပေး ပြောခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံက လိုအပ်ချက်တွေကို ဆွေးနွေးဖို့ကြမယ့် ကြာသပတေးနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သူ ပြန်လည် အစီရင်ခံတာတွေ လုပ်သွားမယ်လို့လည်း မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

“လိုအပ်တဲ့အကူအညီတွေ အားလုံး ပေးနိုင်ဖို့အတွက် ကျနော်တို့ ကြိုးစားသွားပါမယ်။ ခုလို ဘေးဆိုးနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ပါကစ္စတန်နိုင်ငံသားတွေကို ကူညီဖို့ တကမ္ဘာလုံးက ရှိနေတယ်ဆိုတာကို သတိရကြပါ။”

အခုချိန်မှာ ရေဘေးဒဏ်သင့်် ဒုက္ခသည် ၆ သန်းထက်မနဲဟာ နိုင်ငံတကာရဲ့ အကူအညီတွေနဲ့ ရပ်တည်နေရတယ်လို့ ကုလသမဂ္ဂနဲ့ တခြား ကူညီထောက်ပံ့ရေးအဖွဲ့တွေက ပြောပါတယ်။ ရေဘေးကြောင့် သေဆုံးသူ ဦးရေဟာ အရင်ပြောဆိုနေတဲ့ အရေအတွက်ထက် လျော့ပြီး ၁,၄၀၀ လောက်ပဲ ရှိတယ်လို့ ပါကစ္စတန် တာဝန်ရှိသူတွေက ပြောပါတယ်။ ကုလသမဂ္ဂ အရာရှိတွေကတော့ အကူအညီတွေ အချိန်မီ အရောက်မပို့နိုင်ဘူးဆိုရင် ဖျားနာပြီး ငတ်ပြတ်နေသူတွေအကြား ရောဂါတွေဖြစ်ပွားလာနိုင်တာကြောင် နောက်ထပ် သေဆုံးမှုတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးနေကြပါတယ်။ ရေဘေးဒဏ်သင့်ဒေသတွေမှာ ရေကြောင့်ဖြစ်တဲ့ ရောဂါတွေ ဖြစ်ပွားနေတာကိုလည်း သူတို့က အတည်ပြု ပြောဆိုခဲ့ကြပါတယ်။

XS
SM
MD
LG