ပါကစ္စတန် အစိုးရနဲ့ တာလီဘန်တွေကြား ဆွေးနွေးညှိနှိုင်းမှုတွေကို အစ္စလာမ် မာဘတ်မြို့တော်မှာ ကြာသပတေးနေ့က စတင်ခဲ့ကြပါတယ်။ အစောပိုင်းက အင်္ဂါနေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားပေမဲ့ တာလီဘန်တွေဘက်က တက်ရောက်မယ့်သူ ဘယ်သူတွေလဲ ဆိုတာကို သိနိုင်ဖို့ အစိုးရဖက်က ကြိုးစားနေတာကြောင့် ကြန့်ကြာခဲ့ရတာပါ။ ၃ နာရီလောက်ကြာတဲ့ တွေ့ဆုံမှု အတွင်းမှာတော့ သွေးထွက်သံယို ပုန်ကန်ထကြွမှုတွေ အဆုံးသတ်ရေး အနာဂတ် အစီအစဉ်တွေ ချမှတ်နိုင်ရေး အဓိက ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံမှုအပြီး ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်ထဲမှာတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အနှောက်အယှက် ဖြစ်စေမယ့် လုပ်ရပ်တွေကို ၂ ဖက်စလုံးက ရှောင်ရှားဖို့ အစိုးရနဲ့ သဘောတူညီမှု ရခဲ့တဲ့အကြောင်း တာလီဘန်အဖွဲ့က စေ့စပ်ညှိနှိုင်းရေးမှူး Maulana Sami-ul Haq ကပြောဆိုခဲ့တာပါ။
တာလီဘန်တွေဖက်က တောင်းဆိုချက်တွေ ထဲမှာတော့ တင်းကြပ်တဲ့ အစ္စလာမ် ဥပဒေတွေ ပြဌာန်းဖို့၊ ဖမ်းဆီးခံထားရတဲ့ သူတို့ အဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့နဲ့ ပါကစ္စတန် အနောက်မြောက်ဖက် လူမျိုးစုဒေသက အစိုးရတပ်တွေကို ရုပ်သိမ်းဖို့တွေ ပါဝင်ပါတယ်။
တွေ့ဆုံမှုနဲ့ ပတ်သက်လို့ အစောပိုင်းက မျှော်လင့်ချက် သိပ်မထားခဲ့ကြတဲ့ အစိုးရဖက်က ကိုယ်စားလှယ်တွေကတော့ အားရကျေနပ်မှု ရှိတဲ့အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ တာလီဘန်တွေရဲ့ ၇ နှစ်ကြာ ပုန်ကန်မှုအတွင်း ပါကစ္စတန်မှာ လူပေါင်း ထောင်ဂဏန်းချီ သေဆုံးခဲ့တာပါ။