သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်အပေါ် Drone လေယာဉ်တိုက်ခိုက်မှု အမေရိကန် ရပ်ဆိုင်း


ပါကစ္စတန်အပေါ် Drone လေယာဉ်တိုက်ခိုက်မှု အမေရိကန် ရပ်ဆိုင်း
ပါကစ္စတန်အပေါ် Drone လေယာဉ်တိုက်ခိုက်မှု အမေရိကန် ရပ်ဆိုင်း

ပါကစ္စတန်နဲ့ ဆက်ဆံရေး ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရတာကို ပြင်ဆင်ဖို့ ကြိုးစားတဲ့အနေနဲ့ ပါကစ္စတန် နိုင်ငံအတွင်းမှာ ရှိနေကြတဲ့ အောက်ခြေ စစ်သွေးကြွတွေအပေါ် မောင်းသူမဲ့ Drone လေယာဉ်နဲ့ တိုက်ခိုက်နေတာကို အမေရိကန် ဗဟို ထောက်လှမ်းရေး စီအိုင်အေ က ရပ်ဆိုင်းထားလိုက်တယ်လို့ ထင်ရှားတဲ့ အမေရိကန် သတင်းစာကြီးတစ်စောင်က ဆိုပါတယ်။

နှစ်နိုင်ငံကြား ယုံကြည်မှုက ထိုးကျသွားပြီးတဲ့နောက် ပြန်ပြင်ဖို့ ရည်ရွယ်ပြီး စီအိုင်အေက မကြေညာဘဲ ခုလို ရပ်ဆိုင်းထားခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အရာရှိတစ်ယောက်ကို ကိုးကားပြီး လော့စ်အိန်ဂျဲလိစ် တိုင်းမ်စ် (Los Angeles Times) သတင်းစာကြီးက သောကြာနေ့က ရေးခဲ့တာပါ။ နိုဝင်ဘာလအတွင်းမှာ နေတိုးက တိုက်ခိုက်ခဲ့လို့ ပါကစ္စတန် စစ်သား ၂၄ ယောက် သေဆုံးခဲ့တဲ့ဖြစ်ရပ် အပါအဝင် အသေအပျောက် ရှိခဲ့တဲ့ဖြစ်ရပ်တွေ ဆက်တိုက် ဖြစ်ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံကြား ဆက်ဆံရေး ယုံကြည်မှု ပျက်ပြားလာခဲ့တာပါ။

ပါကစ္စတန်မှာ စီအိုင်အေရဲ့ drone မောင်းသူမဲ့ လေယာဉ် လှုပ်ရှားမှုတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဘရက် အိုဘားမားရဲ့ အစိုးရအဖွဲ့အတွင်းမှာ ပြင်းပြင်းထန်ထန် အချေအတင် ဆွေးနွေးခဲ့ကြတဲ့အချိန်မှာပဲ အခုလို ၆ ပတ်ကြာ ရပ်ဆိုင်းထားခဲ့တာ ဖြစ်တယ်လို့ သတင်းစာက ဆိုပါတယ်။ ၂၀၀၄ ခုနှစ်ကတည်းကဆိုရင် drone မောင်းသူမဲ့ လေယာဉ်ကနေ တိုက်ခိုက်တာကြောင့် အယ်လ်ခိုင်းဒါး စစ်ဆင်ရေးတွေနဲ့ အောက်ခြေ အကြမ်းဖက် တိုက်ခိုက်သူ ရာပေါင်းများစွာ ပျက်စီး သေကြေခဲ့ရတယ်လို့ သတင်းစာက ရေးပါတယ်။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုတွေကြောင့် ပါကစ္စတန် တော်တော်များများက ဒေါသူပုန်ထခဲ့ကြပါတယ်။

အဲဒီလို လေကြောင်းကနေ တိုက်ခိုက်တာတွေဟာ လိုချင်တဲ့ ရလဒ်ကို မရတဲ့အပြင် ပြောင်းပြန်ရလဒ်ကိုပဲ ရခဲ့တယ်လို့ အမျိုးသား လုံခြုံရေးကောင်စီနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေကို ကိုးကားပြီး လော့စ်အိန်ဂျဲလိစ် သတင်းစာက ဆိုပါတယ်။ ပါကစ္စတန်ကတော့ အရပ်သားတွေလည်း ခုလို တိုက်ခိုက်မှုတွေမှာ သေကြေခဲ့ကြတာကြောင့် သမ္မတ အဆစ်အလီဇာဒါရီ (Asif Ali Zardari) ရဲ့ အစိုးရ မတည်မငြိမ် ဖြစ်လာရတယ်လို့ သတင်းစာက ပြောပါတယ်။ အရပ်သားတွေ သေတယ်ဆိုတာကို အမေရိကန်ဘက်က အငြင်းပွားထားပါတယ်။

တချို့ထောက်လှမ်းရေး အရာရှိတွေကတော့ ထောက်လှမ်းရေး အလုပ်ကိုပဲ စီအိုင်အေက ပြန်အာရုံ စိုက်လုပ်ကိုင်ဖို့ တိုက်တွန်းကြတယ်လို့ သတင်းက ပြောပါတယ်။ drone မောင်းသူမဲ့ လေယာဉ်နဲ့ လုပ်တဲ့ စစ်ဆင်ရေးတွေကို ကာကွယ်ရေး ဝန်ကြီးဌာန ပူးတွဲ အထူး စစ်ဆင်ရေးဌာနကို လွှဲလိုက်ဖို့ အရာရှိတွေက အကြံပြုကြကြောင်း သတင်းစာက ဆိုပါတယ်။

XS
SM
MD
LG