Microsoft ကုမ္ပဏီကြီးကို ပူးတွဲတည်ထောင်ခဲ့သူ Paul Allen ဟာ တနင်္လာနေ့က အသက် ၆၅ နှစ် အရွယ်မှာ ကွယ်လွန်သွားပါပြီ။ ကိုယ်ပိုင်ကွန်ပြူတာလေးတွေဟာ တနေ့ကျရင် မရှိမဖြစ်ပစ္စည်း တခု ဖြစ်လာမယ်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်ကတည်းက ဟောကိန်းထုတ်ခဲ့သူ လည်းဖြစ်ပါတယ်။
သူဟာ ၂၀၀၉ ခုနှစ်ကတည်းက စတင်ခံစားခဲ့ရတဲ့ ပုံမှန်ထက် သွေးဖြူဥပိုများတဲ့ ကင်ဆာရောဂါတမျိုး (non-Hodgkin's lymphoma) နဲ့ Seattle မှာ ကွယ်လွန်သွားပြီလို့ သူ့ရဲ့ မိသားစုက ပြောပါတယ်။
သူဟာ အထက်တန်းကျောင်းကတည်းက တွဲခဲ့တဲ့ သူငယ်ချင်း Bill Gates ရဲ့ တိုက်တွန်းမှုကြောင့် ၁၉၇၅ ခုနှစ်မှာ Harvard တက္ကသိုလ်ကနေ ကျောင်းထွက်ခဲ့ပြီး သူတို့ ၂ ဦးဟာ အိမ်လုပ်ကွန်ပြူတာတွေအတွက် အခြေခံ Software တွေ တီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့ ၂ ဦးဟာ Microsoft ကုမ္ပဏီကို ပူးတွဲ တည်ထောင်ခဲ့ကြပြီး ကမ္ဘာကြီးကို အပြောင်းအလဲ ဖြစ်စေတဲ့ software ကို တီထွင်ခဲ့ကြတာပါ။
အချစ်ဆုံး သူငယ်ချင်း Allen သေဆုံးခဲ့ရတာအတွက် ကြေကွဲ ဝမ်းနည်းရတယ်လို့ Bill Gates က တနင်္လာနေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
သူတို့ ၂ ဦးဟာ ၁၉၈၃ ခုနှစ်မှာ လမ်းခွဲခဲ့ကြပေမယ့် Allen က Microsoft ကုမ္ပဏီကြီးမှာ အစုရှယ်ယာ ဆက်ထားခဲ့တဲ့ အတွက် အခု ဘီလျံနာတဦး ဖြစ်နေပါပြီ။ Forbes မဂ္ဂဇင်းက Allen ဟာ အမေရိကန် ဒေါ်လာ ၂၂ ဘီလျံ ကြွယ်ဝသူလို့ ဖေါ်ပြထားတဲ့ အတွက် သူဟာ ကမ္ဘာ့ စတုတ္ထမြောက် အကြွယ်ဝဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။