သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံအတွင်း ဘာသာမတူ၊ လူမျိုးကွဲတွေကြား လူအချင်းချင်း တဦးနဲ့တဦး အမုန်းပွား၊ ရန်များစေမယ့် စကားတွေ မပြောဆိုမိစေဖို့ ကိုယ့်နှုတ်ကို ကိုယ်စောင့်စည်းကြပါလို့ ပန်းစကားလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။

တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်စေမယ့် အမုန်းတရားပွားစေမယ့် လှုံ့ဆော်ပြောဆိုမှုတွေကို ရပ်တန့်ပြီး သာယာနာပျော်ဖွယ် ချစ်ခင်စရာ ပန်းစကားတွေကိုသာ လက်ဆင့်ကမ်းကြပါဆိုတဲ့ ပန်းစကားလှုပ်ရှားမှုကို ရန်ကုန်၊ မန္တလေးမြို့နဲ့ မြို့ကြီးတွေမှာ စတင်နေပြီဖြစ်ပါတယ်။ အကြောင်းစုံကို မဆုမွန် က စုစည်းတင်ပြပေးထားပါတယ်။

“လူသားအချင်းချင်း၊ အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့။” ဆိုတာကတော့ ပန်းစကားလှုပ်ရှားမှုရဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ ပန်းလေးတပွင့်၊ တခိုင်၊ တခက်ကို နှုတ်ခမ်းဖျားမှာ ကိုက်ထားတဲ့ပုံကတော့ ပန်းစကားရဲ့ သင်္ကေတပါ။ ဧပြီလ ၄ ရက်နေ့ကနေ စတင်လိုက်တဲ့ ဒီပန်းစကားလှုပ်ရှားမှုဟာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကြား အမုန်းပွားအောင် တာဝန်မဲ့ပြောဆိုနေတဲ့ အမုန်းစကားတွေကို ပြောဆို လက်ဆင့်ကမ်းနေမယ့်အစား ကိုယ့်ရဲ့နှုတ်ကို ကိုယ်စောင့်စည်းစေကြဖို့နဲ့ လူသားအချင်းချင်း ချစ်ခြင်းတရား ပွားများစေမယ့် စကားတွေကိုသာ ပြောဆိုကြဖို့ အဓိက ရည်ရွယ်တယ်လို့ ပန်းစကားလှုပ်ရှားမှု ဖြစ်ပေါ်လာစေတဲ့ အကြောင်းရင်းကို ပန်းစကားလှုပ်ရှားမှု ဦးဆောင်သူတဦးဖြစ်တဲ့ ကိုနေဘုန်းလတ် က ရှင်းပြပါတယ်။

“အဓိကကတော့ Online ပေါ်မှာရော၊ အပြင်မှာရော တရားလက်လွတ်ပေါ့ အဲ့လိုမျိုး လူသားတွေကြားထဲမှာ အမုန်းပွားစေတဲ့ စကားမျိုးတွေ သိတယ်မဟုတ်လား၊ ပြီးတော့ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိတဲ့ စကားမျိုးတွေ အင်တာနက်ပေါ်မှာရော၊ အပြင်မှာရော ပြောတာတွေ တော်တော်များများကို များလာတယ်ပေါ့နော်။ ရလာတဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို တလွဲသုံးပြီးတော့ပေါ့ အဲ့လိုမျိုးလုပ်တဲ့ဟာတွေ တော်တော်လေးကို များများစားစား တွေ့လာရတယ်။ နောက်ပြီးတော့ တချို့ဟာတွေကလည်း လူ့အဖွဲ့အစည်းအတွက် စိုးရိမ်စရာကောင်းတဲ့ စကားမျိုးတွေ၊ ပြောနေကြတာ၊ လိုက်ဖြန့်ဖြူးနေကြတာ တွေ့လာရတော့ အဲ့ဒီဟာတွေနဲ့ပတ်သက်ပြီး နည်းနည်းစိုးရိမ်စိတ်ရှိတဲ့ အဖွဲ့တွေပေါ့နော် ကျနော်တို့ မီဒိုပါတယ်၊ နောက် ပေါင်းကူးတို့ SPS တို့ အဲ့လိုမျိုး လူမှုအခြေပြုအဖွဲ့လေးတွေ ပေါင်းပြီးတော့ ဒီဟာနဲ့ပတ်သက်ပြီး တခုခုတော့ လုပ်ကြရင် ကောင်းမယ်လို့ တိုင်ပင်ဖြစ်ရာကနေ ဒီပန်းစကားလှုပ်ရှားမှုလေး ပေါ်ပေါက်လာတာပေါ့။”

အာဏာရှင် စစ်အစိုးရအဆက်ဆက်က နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို ပိတ်ပင် တားဆီးခံခဲ့ရတဲ့အတွက် ပြည်သူအများက တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြပြီးတဲ့နောက် လွတ်လပ်ပွင့်လင်းလာကာစ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုတင်ပြပိုင်ခွင့် (Freedom of Expression) အထိုက်အလျောက် ရလာတဲ့အချိန်မှာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့အတူ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်း အန္တရာယ်ကြီးတဲ့ မဆင်မခြင် ပြောဆိုမှုတွေ၊ လှုံ့ဆော်မှုတွေ ရှိလာတဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေနဲ့အတူ အကြမ်းဖက်မှု ပဋိပက္ခတွေ ဖြစ်လာတဲ့အတွက် အခုလို ပန်းစကားလှုပ်ရှားမှုကို လူထုကြားမှာ လုပ်ဆောင်ရတာ ဖြစ်တယ်လို့လည်း ပန်းစကားလှုပ်ရှားသူတွေက ဆိုပါတယ်။

ပန်းစကားလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်သူ The Triangle အမျိုးသမီးအဖွဲ့ တည်ထောင်သူ မခင်လေးကလည်း အမုန်းစကားတွေ ဆိတ်သုဉ်းသွားအောင် မိမိတို့ရဲ့ နှုတ်ကို စောင့်စည်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်လို့ ပြောပါတယ်။

“လူတိုင်းတာဝန်ရှိတယ်ပေါ့ ဒီအမုန်းတရားတွေ မပွားဖို့အတွက်၊ ငြိမ်းချမ်းရေးရဖို့အတွက် ဘာသာတခုနဲ့တခုကြားမှာပဲဖြစ်ဖြစ်၊ လူမျိုး တခုနဲ့တခု ကြားမှာပဲဖြစ်ဖြစ်၊ ကိုယ့်တိုင်းသူပြည်သားအချင်းချင်း တဦးနဲ့တဦးကြားထဲမှာ ငြိမ်းချမ်းရေးရဖို့ ဆိုတဲ့ဟာက အစိုးရတွေ၊ တာဝန်ရှိတဲ့သူတွေ၊ နိုင်ငံရေးပုဂ္ဂိုလ်တွေ၊ ခေါင်းဆောင်တွေအပေါ်မှာပဲ မူတည်နေတာ မဟုတ်ပါဘူး။ ပြည်သူတဦးချင်းဆီကနေပြီးတော့ ကိုယ့်ပါးစပ်ကို ကိုယ်စောင့်စည်းမယ်ဆိုရင် ကျမတို့ ငြိမ်းချမ်းရေးဆိုတာလည်း မဝေးနိုင်ပါဘူး။ ငြိမ်းချမ်းရေးဆိုတိုင်း ကျမတို့က ထင်နေတာ စစ်မက်ဖြစ်ပွားပြီး နှစ်ဘက် ဟိုဘက် ဒီဘက် လက်နက်တွေကိုင်ပြီး တိုက်နေမှလို့ ထင်တယ်။ အခု ကျမတို့ကြားထဲမှာ မကြာသေးခင်က ဖြစ်ပျက်သွားတဲ့ အဓိကရုဏ်းတွေ၊ အဲ့လိုဟာတွေသည် ဒါ အမုန်းစကားတွေကနေပြီးတော့ အခြေခံပြီးတော့ ဖြစ်သွားကြတဲ့ဟာတွေ ဖြစ်တဲ့အတွက် ဒီဟာလေးတွေကိုတော့ ကိုယ့်ပါးစပ်ကိုယ် သတိထားပြီးတော့ ကိုယ်ပြောတဲ့စကားလေးဟာ တခြားသူတွေကို သွားပြီးတော့ ထိခိုက်စေနိုင်တဲ့ပုံစံမျိုး မဖြစ်အောင် သတိထားသင့်တယ်ဆိုတဲ့ မက်စေ့ခ်ျလေး ပေးချင်တာပါ။”

ပန်းစကားလှုပ်ရှားမှုဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တာမဟုတ်ဘဲ ကိုယ့်အမုန်းစကားတခွန်းကြောင့် လူ့အဖွဲ့အစည်း အန္တရာယ်များစေမယ့် စကားတွေကို မပြောမိဖို့ နှုတ်စောင့်စည်းဖို့ကိုသာ တိုက်တွန်းတာဖြစ်တဲ့အတွက် မပြောဘဲ နှုတ်ပိတ်နေရမယ်လို့ အထင်မမှားကြစေချင်ဘူးလို့လည်း MIDO (Myanmar ICT for Development Organization) အဖွဲ့ရဲ့ Executive Director ကိုနေဘုန်းလတ် က ပြောပါတယ်။

“ကောင်းတဲ့ပါဝင်မှုတွေ၊ ကောင်းတဲ့တုံ့ပြန်မှုတွေ ရသလိုပဲ ဒီပန်းစကားလှုပ်ရှားမှုကို မင်းတို့ကဘာလဲပေါ့နော် နှုတ်ပိတ်ခိုင်းတာလား။ ဘာမှမပြောဘဲ နေရမှာလား ဆိုပြီးတော့ နားလည်မှု လွဲနေတာလေးတွေရှိတယ်။ အဲ့ဒါကိုလည်း ကျနော်တို့က သေချာရှင်းချင်ပါတယ်။ ဘာလို့လဲဆိုတော့ ပန်းစကားလှုပ်ရှားမှုက ဘာမှမပြောဖို့ နှုတ်ပိတ်ထားဖို့အတွက်ကို လုံးဝ မပြောပါဘူး။ လူတိုင်းလူတိုင်းမှာ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်။ ပြောသင့်ပြောထိုက်တာကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ပြောဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ကိုယ်ပြောလိုက်တဲ့စကားကြောင့် လူ့အဖွဲ့အစည်းထဲမှာ အမုန်းတွေ ပွားနေမယ်ဆိုတဲ့ စကားမျိုး ပြီးတော့ လူသားမျိုးနွယ်စု၊ လူသားမျိုးနွယ်အတွက် အန္တရာယ်ရှိစေတဲ့ စကားမျိုးတွေကို ထိန်းထိန်းသိမ်းသိမ်း ပြောကြဖို့ကို ကျနော်တို့က ပြောတာပါ။”

မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်တွင်းမှာလည်း သင်္ကြန်တွင်း လူသားအချင်းချင်း အမုန်းပွား၊ ရန်မများစေဘဲနဲ့ ငြိမ်းချမ်းစေဖို့အရေး သင်္ကြန်ပန်း အထိမ်းအမှတ် ပိတောက်ပန်းခက် အဝါလေးတွေနဲ့ ပန်းစကားအထိမ်းအမှတ် သင်္ကေတတွေကို လိုက်လံဝေငှတဲ့ ပန်းစကားလှုပ်ရှားမှုတွေကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။

“တယောက်စကား တယောက်နားမှာ မခါးရအောင်၊ မောင်တို့ဆိုလေ ပျားသကာလို ချိုလှစေ” ဆိုတဲ့ ပန်းစကားလှုပ်ရှားမှု လက်ကမ်းစာစောင်တွေ၊ ပိုစတာတွေနဲ့ ပြည်သူတွေအကြား လူငယ်တွေက လက်ဆင့်ကမ်းပေးနေတဲ့ ပန်းစကားလှုပ်ရှားမှုကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ရန်ကုန်မြို့၊ မန္တလေးမြို့၊ လားရှိုး၊ ပခုက္ကူ၊ ရေစကြို၊ မကွေးမြို့၊ ပြည်၊ ကြို့ပင်ကောက်၊ ရေးမြို့ စတဲ့ မြို့တွေမှာ စတင်လှုပ်ဆောင်နေပြီဖြစ်လို့ ဒီငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ စိတ်ပါဝင်စားတဲ့ ပြည်သူတွေ ပူးပေါင်း ပါဝင်ကြစေချင်တယ်လို့လည်း ပန်းစကားလှုပ်ရှားသူတွေက ဖိတ်ခေါ်ထားပါတယ်။
XS
SM
MD
LG