သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပန်ဆန်းညီလာခံမှာ ဖွဲ့စည်းပုံ လိုအပ်ချက်ဆွေးနွေး


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကိုဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ်မှာ ကျင်းပစဉ်။ (မေ ၁၊ ၂၀၁၅)
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကိုဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ်မှာ ကျင်းပစဉ်။ (မေ ၁၊ ၂၀၁၅)

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို တိုင်းရင်းသားအဖွဲ့တိုင်းက ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ်မှာ ကျင်းပနေတဲ့ တိုင်းရင်းသား ညီလာခံ-တတိယနေ့မှာတင်ပြခဲ့ကြတယ်ပါတယ်။ ဆွေးနွေးပွဲ ပထမနေ့နဲ့ ဒုတိယနေ့တွေမှာ တင်သွင်းခဲ့တဲ့စာတမ်း ၁၂ စောင်နဲ့ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးမှုတွေလည်း ဒီကနေ့မှာ ဆွေးနွေးခဲ့ကြတယ်လို့လည်း တိုင်းရင်းသားတွေကပြောပါတယ်။ ဒီသတင်းကိုတော့ ရန်ကုန် အခြေစိုက် ဗွီအိုအေ သတင်းထောက် မေခကတင်ပြထားပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ဆန်းမှာကျင်းပနေတဲ့ တိုင်းရင်းသားထိပ်သီးခေါင်းဆောင်အချို့ပါဝင်တဲ့ တိုင်းရင်းသားညီလာခံ တတိယမြောက်နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို တိုင်းရင်းသားအဖွဲ့တွေကတင်ပြခဲ့ကြတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။ ဆွေးနွေးခဲ့တဲ့အပိုင်းနဲ့ပတ်သက်ပြီး သူက အခုလို ရှင်းပြတာပါ။

“….ပြင်ဆင်ရေးပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဘယ်လို ဆက်လက် ပါဝင်သွားမလဲဆိုတာ ပါမယ်။ ပြည်တွင်းငြိမ်းချမ်းရေးဘယ်လို တည်ဆောက်ကြမလဲဆိုတာ ပါမယ်ပေါ့။ အဲသလိုတွေပါပဲ၊ အားလုံးကတော့ ကွဲလွဲတာတော့မရှိဘူး၊ ဘယ်လိုလုပ်မလဲဆိုတာတွေပဲ တိုင်ပင်ကြတာတော့ များတာပေါ့။”

ပန်ဆန်းမှာကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ အစိုးရနဲ့ NCCT ကြား သဘောတူညီထားတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း သဘောတူညီချက်ထဲက အချက်အလက်တစ်ချို့ကို ပြင်ဆင်ဖြည့်စွက်မှုတွေလုပ်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ကတောင်းဆိုထားပါတယ်။ မတ်လ ၃၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီး ပြင်ဆင်ရေးအတွက် တင်ပြထားတာတွေက ထပ်မံဖြည့်စွက် ပေါင်းစည်းခြင်းသဘောသာဖြစ်တယ်လို့ ဦးခွန်ဥက္ကာကခုလို ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လကုန်ကရရှိထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးသဘောတူပြီး နောက်မှ အပစ်ရပ်စာချုပ်ကို အတည်ပြု လက်မှတ်ရေးထိုးကြမှာပါ။ လက်ရှိမှာ တိုင်းရင်းသားပေါင်းစုံပါမယ့် အဆုံးအဖြတ်ပေးနိုင်မယ့် တိုင်းရင်းသား ပေါင်းစုံ ညီလာခံကို ထပ်မံလုပ်ဆောင်ဖို့တိုင်းရင်းသားတွေက ဆောင်ရွက်နေကြပါတယ်။ ပန်ဆန်းညီလာခံဟာ တိုင်းရင်းသားပေါင်းစုံမပါဝင်တဲ့အတွက် ထပ်မံ တွေ့ဆုံဖို့စီ စဉ်ထားတယ်လို့တိုင်းရင်းသားတွေက ပြောပါတယ်။

ပန်ဆန်းညီလာခံမှာ တိုင်းရင်းသားတွေတင်ပြထားတဲ့ နိုင်ငံရေးဆိုင်ရာရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သတ်ပြီး ဘုံသဘောတူညီချက်ရဖို့ အဖွဲ့တဖွဲ့ဖွဲ့စည်းကာ ဆွေးနွေးခဲ့တဲ့အချက်တွေကို ဆွေးနွေးပွဲ နောက်ဆုံးရက်မှာ ထုတ်ပြန်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ တိကျစွာ ထုတ်မပြောနိုင်သေးဘူးလို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ခုလို ပြောပါတယ်။

“ဘုံနိုင်ငံရေးရည်မှန်းချက်ကို စုစည်းတယ်။ ဒါ နံပါတ် (၁)၊ နံပါတ် (၂) ကတော့ အဲဒီ ဘုံသဘောထားတွေ၊ အမြင်တွေကို စုစည်းတယ်။ အဲဒါ အချောကတော့ အလုပ်အဖွဲ့တဖွဲ့ ဖွဲ့ပြီးတော့ ဒီည- မနက်ဖြန် ရေးရမယ်ထင်တယ်။ အဲဒီသဘောပါ။ အဲဒီ အချောကနေပြီးတော့မှ အစည်းအဝေးက ရလဒ်အဖြစ် ထုတ်ပြန်ကြေညာချက်တို့လို ဟာမျိုးကို ကူးပြောင်းသွားမယ်နဲ့တူပါတယ်။”

နိုင်ငံတော်သမ္မတကြီးကတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို အစိုးရအနေနဲ့ချုပ်ဆိုဖို့အတွက် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ဒီကနေ့ပြောကြားခဲ့တဲ့ ရေဒီယိုမိန့်ခွန်းမှာ ထည့်သွင်းပြောကြားထားပါတယ်။ တိုင်းရင်းသားအဖွဲ့တွေရဲ့ ညီလာခံက ရလာမယ့်ရလဒ်ကိုသာ စောင့်ဆိုင်းနေတာဖြစ်တယ်လို့ ပြောပါတယ်။ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ဆန်းမှာ မေ ၁ ရက်နေ့က စတင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို အဖွဲ့ ၁၂ ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင် အနည်းဆုံး ၆၀ ကျော် တက်ရောက်လျက်ရှိပါတယ်။

ဆွေးနွေးပွဲကို မေ ၆ ရက်ထိဆွေးနွေးမှာဖြစ်ပေမယ့် အခုအချိန်အထိ ဆွေးနွေးပွဲရလဒ်တွေကို ဘယ်အဖွဲ့အစည်းကမှ တိကျစွာပြောဆိုခြင်း မရှိသေးပါဘူးရှင်။

XS
SM
MD
LG