သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းရောက် ရုရှားစစ်တပ်နဲ့ အာဏာသိမ်းမြန်မာစစ်တပ် နှိုင်းယှဉ်ချက်


Myanmar army (L)/ Russia army (R)
Myanmar army (L)/ Russia army (R)

ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်နဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ ဖိနှိပ်အုပ်ချုပ်မှုမှာ ကွာခြားချက်တွေရှိနေပေမယ့် အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ နည်းဗျူဟာမှာ တူညီတာတွေ့ရကြောင်း ယူကရိန်းကို ရောက်ရှိနေတဲ့ မြန်မာ့ပဋိပက္ခမှာ နှစ်ပေါင်း ၃၀ နီးပါး လူသားချင်းစာနာမှုဆိုင်ရာ လုပ်သားအဖြစ်ဆောင်ရွက်နေသူတဦးက ဗွီအိုအေကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့ ပဋိပက္ခတွေနဲ့ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်ကြောင့် ဖြစ်လာတဲ့ ပဋိပက္ခတွေမှာ တူညီချက်၊ ကွာခြားချက်တွေ ဘာတွေရှိနေသလဲ ဆိုတာ မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

ယူကရိန်းနိုင်ငံအပေါ် ရုရှားကျူးကျော်စစ်ကိုကြည့်ရင် သူတပါးနိုင်ငံရဲ့ အချုပ်အချာအာဏာကို အကြမ်းဖက်ကျူးလွန်တာဖြစ်ပြီး မြန်မာနိုင်ငံက အခြေအနေကတော့ အာဏာသိမ်း စစ်တပ်က ကိုယ့်နိုင်ငံရဲ့ပြည်သူပြည်သားတွေအပေါ် အကြမ်းဖက်ဖိနှိပ်အုပ်ချုပ်မှုဖြစ်ပါတယ်။ မြန်မာနဲ့ ယူကရိန်း ပဋိပက္ခနှစ်ခုမှာ ပထဝီအနေအထားအပါအဝင် အခြားကွာခြားချက်တွေရှိနေပေမယ့် ယူကရိန်းကို အပြည့်အဝထိန်းချုပ်ဖို့ အင်အားအလုံအလောက်မရှိတဲ့ ရုရှား စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး အမြောက်တွေနဲ့ အဝေးကနေ အတားအဆီးမရှိ ပစ်ခတ်တိုက်ခိုက်တာ၊ အကာအကွယ်မဲ့နေတဲ့ အရပ်သားတွေကို ပစ်မှတ်တိုက်ခိုက်တဲ့ ပုံစံမျိုးကတော့ မြန်မာစစ်တပ်ကျင့်သုံးတဲ့ နည်းဗျူဟာ အတိုင်းပဲလို့ နိုင်ငံတကာပဋိပက္ခလေ့လာသုံးသပ်သူ Georgetown University က ပါမောက္ခ Zachary Abuza ကပြောပါတယ်။ ဒါအပြင် ရုရှားတပ်ဖွဲ့တွေဟာ မြန်မာစစ်တပ်လိုပဲ အရပ်သားတွေကို ကူညီမယ့် လူသားချင်းထောက်ထားမှုဆိုင်ရာ အထောက်အပံံ့တွေကို ပိတ်ဆို့ထားတယ်လို့လည်း သူကဆိုပါတယ်။

လူသားချင်းစာနာမှုအကူညီတွေပေးနိုင်ဖို့ ရုရှားအနေနဲ့ တိုက်ခိုက်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပြုလုပ်ခဲ့တဲ့ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုဆိုင်ရာ (၁၁) ကြိမ်မြောက် အရေးပေါ် ကုလသမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံပေါင်း ၁၄၀ ကျော် ထောက်ခံမဲနဲ့ အတည်ပြခဲ့ပါတယ်။ ပူးတွဲအဆိုတင်သွင်းခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း-ယူကရိန်းနိုင်ငံမှာ ရုရှားကျူးကျော်စစ်ကြောင့်ဖြစ်လာတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေကို အမြန်ဆုံးဖြေရှင်းနိုင်ရေး နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းဆောင်ရွက်နေချိန်မှာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲရင်ဆိုင်နေရတဲ့ ပဋိပက္ခအကျပ်အတည်းတွေကို မေ့မထားကြဖို့ အခုလို သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ယူကရိန်း ပြည်သူတွေနဲ့အတူ အခိုင်အမာ၊ တသားတည်း ရပ်တည်နေပါတယ်။ မြန်မာပြည်သူတွေဟာလည်း စစ်အာဏာပိုင်တွေရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေ၊ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေ၊ ကိုယ့်ပြည်သူအပေါ် သိမ်းကျုံးပြီး အပြင်းအထန် တိုက်ခိုက်မှုတွေကြောင့် အလားတူ လူဖန်တီးလို့ ဖြစ်ရတဲ့ ကြေကွဲစရာ အဖြစ်တွေနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။”

အခုလို မြန်မာစစ်တပ်နဲ့ ရုရှားစစ်တပ် ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ တူညီချက်၊ ကွာခြားချက်တွေကို ယူကရိန်းနိုင်ငံကိုလွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်းရောက်ရှိနေတဲ့ မြန်မာပြည်တွင်း စစ်ရေးပဋိပက္ခဒေသတွေမှာ လူသားချင်းစာနာမှုအကူအညီပေးနေတဲ့ Partners Relief and Development (PRAD) ဥက္ကဌ Steve Gumaer ကို ဗွီအိုအေက Skype ကနေ ဆက်သွယ်မေးမြန်းရာမှာ သူ့မျက်မြင်တွေ့နေရတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ပြီး အခုလိုပြောပါတယ်။

"ဒီမေးခွန်းနဲ့ ပတ်သက်လို့ ကျနော်နဲ့ ကျနော်အဖွဲ့သားတွေ တော်တော်များများပြောဆိုဆွေးနွေးခဲ့ကြတဲ့အချက်ပါ။ အဲဒါကတော့ မြန်မာစစ်တပ်က သူ့ပြည်သူတွေကို ဖိနှိပ်နေတဲ့ လုပ်ရပ်နဲ့ ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်တဲ့ လုပ်ရပ်မှာ ကြီးမားတဲ့ ခြားနားချက်သိပ်မရှိပါဘူး။ မြို့ကြီးတွေမှာ ရုရှားရဲ့တိုက်ခိုက်မှုအတိုင်းအတာ ပိုမိုကြီးမားပါတယ်။ ဒါပေမဲ့ အရပ်သားတွေနဲ့ အရပ်သားဆိုင်ရာ အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှု၊ အထူးသဖြင့် အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေဟာ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အတိုင်းပါပဲ။ ဒါကြောင့် ကျနော်နဲ့ကျနော်အဖွဲ့ မြင်တာကတော့ ရုရှားနဲ့ မြန်မာစစ်တပ် နှစ်ခုလုံး အကြမ်းဖက်မှုပုံစံကတော့ အတူတူပါပဲ။ တခုပဲ ကွာခြားတာက မြန်မာစစ်အာဏာရှင်တွေက ကိုယ့်ပြည်သူ ကိုယ့်လူမျိုးကို လက်နက်နဲ့ တိုက်ခိုက်ချေမှုန်းနေတာဖြစ်ပါတယ်။ ယူကရိန်းကိစ္စမှာတော့ ရုရှားက အခြားနိုင်ငံရဲ့ အချုပ်အချာအာဏာပိုင်ဆိုင်မှုကို ကျူးလွန်တိုက်ခိုက်တာဖြစ်ပါတယ်။ အဲဒါကြောင့် နှစ်နိုင်ငံဖြစ်တဲ့ စစ်ပွဲဖြစ်ပြီးတော့ ဖက်ဆစ်ဝါဒ ဒါမှမဟုတ် ပြည်တွင်းစစ်လို့ ပြောလို့ မရပါဘူး။ အဲဒါက အဓိက ကွာခြားချက်ပါ။"

တဆက်တည်းပဲ ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ အဖွဲ့ဆိုပေမယ့် ယူကရိန်းနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခကို သွားရောက်ကူညီနေတဲ့ အခြေအနေကိုလည်း သူက အခုလိုပြောပါတယ်။

"ဒီပဋိပက္ခရဲ့ ရှေ့ဆုံးမှာရှိနေတဲ့ လူတွေကို ထောက်ပံ့ပေးဖို့နဲ့ သူတို့တွေကို အကောင်းဆုံးပံ့ပိုးပေးနိုင်တဲ့ နည်းလမ်းတွေရှာဖွေဖို့အတွက် ယူကရိန်းနိုင်ငံကို ကျနော်တို့အဖွဲ့ရောက်ရှိနေတာပါ။ ကျနော်တို့လုပ်တဲ့အလုပ်က စစ်ဘေးကြောင့် ပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေ၊ မိသားစုအလိုက် တိုက်ပွဲတွေကနေ လွတ်မြောက်အောင် အဓိကထားကူညီပေးနေတာပါ။ အခု ယူကရိန်းမှာလည်း ဒါတွေလိုအပ်နေပါတယ်။ ဆိုတော့ ကျနော်တို့အဖွဲ့ဟာ အခြားမိတ်ဖက်အဖွဲ့နှစ်ဖွဲ့နဲ့ ပူးပေါင်းပြီးတော့ အထောက်အပံ့တွေကို ပို့ဆောင်တဲ့နေရာတွေ၊ ဆေးရုံနဲ့ ဆေးဘက်ဆိုင်ရာအဆောက်အုံတွေမှာ ကူညီပေးနေပါတယ်။ နောက်ပြီး တိုက်ခိုက်ခံရတဲ့ မြို့တွေက မြေအောက်ရထားဘူတာရုံတွေ၊ မြေအောက်ခန်းတွေမှာ ခိုလှုံနေသူတွေအတွက် စားနပ်ရိက္ခာထောက်ပံ့မှုတွေအပြင်၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကိုလည်း ဆောင်ရွက်ပေးပါတယ်။ ဆိုတော့ မိသားစုတွေ၊ အထူးသဖြင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေကို တိုက်ခိုက်နေတဲ့ လမ်းကြောင်းတွေကနေ လွတ်မြောက်ပြီး အဓိကအားဖြင့် အနောက်ဘက် လုံခြုံတဲ့နေရာတွေနဲ့ Lviv ဘက်ကိုထွက်ပြေးခိုလှုံနိုင်အောင် အကူအညီပေးနေပါတယ်။"

Steve Gumaer နဲ့ ဇနီးဖြစ်သူတို့ဟာ ဗွီအိုအေက ဆက်သွယ်မေးမြန်းချိန်မှာ ရုရှားရဲ့ဗုံးကျဲတိုက်ခိုက်မှုကို ခံနေရတဲ့ Lviv မြို့ကိုရောက်နေတာပါ။ အခုလို ယူကရိန်းအပေါ်ရုရှားကျူးကျော်စစ်ကို အမေရိကန်၊ ဥရောပနိုင်ငံတွေကအပြင်းအထန်ဆန့်ကျင်ပြီး အရေးယူတုံ့ပြန်မှုတွေ လုပ်ဆောင်နေတော့ မြန်မာ့အရေးမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေ လျော့ကျသွားမလားဆိုတာကို မြန်မာပြည်သူတွေ စိုးရိမ်နေကြပါတယ်။ ဒါနဲ့ ပတ်သက်လို့ ယူကရိန်း စစ်ဘေးဒုက္ခသည်တွေကို ကူညီနေပေမယ့်လည်း နှစ်ပေါင်း ၅၀ ကျော်ကြာနေတဲ့ မြန်မာ့ပြည်တွင်းစစ်ကိုလည်း နိုင်ငံတကာအနေနဲ့ မေ့မထားဖို့ PRAD အနေနဲ့ ရောက်နေတဲ့နေရာမှာလှုံဆော်နေတဲ့အခြေအနေတွေကို Steve Gumaerက အခုလိုပြောပါတယ်။

"ယူကရိန်းအရေးအပေါ် သတင်းမီဒီယာတွေ လုံးလုံးလျားလျား အာရုံစိုက်နေပြီး ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မေ့ပျောက်နေတာ၊ ပစ်ပယ်ထားတာတွေနဲ့ပတ်သက်လို့ ကျနော်တို့စိုးရိမ်မိပါတယ်။ ကျနော်တို့ရဲ့ဆိုရှယ်မီဒီယာကို ကြည့်ရင်တော့ ဒီအခြေအနေတွေကို တွေ့ရမှာပါ။ စစ်မက်ဖြစ်ပွားတဲ့ ဘယ်နေရာမှာ မဆို ကလေးတွေနဲ့ မိသားစုတွေဟာ ဒုက္ခအရောက်ဆုံးသူတွေဖြစ်ပါတယ်။ ဒါဟာ ကိုယ်ကျင့်တရားဆိုင်ရာ အမျက်ဒေါသဖြစ်စေသလို စိုးရိမ်မှုတွေလည်းဖြစ်စေပြီး ကျနော်တို့အနေနဲ့ လုပ်ဆောင်ပေးသင့်တဲ့ အထဲမှ ယူကရိန်းနိုင်ငံက အခြေအနေလည်းပါပါတယ်။ ဒါပေမယ့် နှစ် ၅၀ ကျော်ကြာဖြစ်နေတဲ့ မြန်မာနိုင်ငံက ပြည်တွင်းစစ်အခြေအနေကို မေ့ထားလို့ မရပါဘူး။ အလားတူ မြန်မာနိုင်ငံက ပဋိပက္ခ၊ အကြမ်းဖက်မှုတွေအတိုင်း ဖြစ်နေတဲ့ ဆီးရီးယား၊ ယီမင်တို့က အခြေအနေတွေဟာလည်း ဖေဖေါ်ဝါရီလကုန်ပိုင်းမှ စတင်ခဲ့တဲ့ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်ကြောင့် မေ့မထားသင့်ပါဘူး။"

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကရင်ပြည်နယ် တပ်မဟာ (၃) ရှိတဲ့ဘက်မှာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြေင့် အိုးအိမ်စွန့်ခွာပြီး ပြည်တွင်းထဲမှာပဲ ပုန်းအောင်းနေရသူပေါင်း ထောင်ပေါင်းများစွာကိုကူညီဖို့ အဲဒီနေရာမှာ လွန်ခဲ့တဲ့ သုံးပတ်လောက်က ယူကရိန်းကို ထွက်မလာခင်မှာ သူတို့အဖွဲ့ သွားရောက်ပြီး အကူအညီတွေ ပေးခဲ့တယ်လို့လည်း Steve Gumaer က ဆိုပါတယ်။

စစ်ကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဖြစ်ရပ်ချင်းအတူတူမှာ ယူကရိန်းမှာ ရုရှားကျူးကျော်စစ်ကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအပေါ် အိမ်နီးချင်းနိုင်ငံတွေရဲ့ ကူညီစောင့်ရှောက်မှုဟာ အလွန်မတန်မှ အတုယူစရာကောင်းကြောင်း ယူကရိန်းစစ်ပြေးဒုက္ခသည်တွေကို လက်ခံထားတဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံက NUG အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် ဦးလင်းသန့်က ပြောပါတယ်။

တဖက်မှာလည်း ရုရှားကျူးကျော်စစ်ကို ခုခံနေတဲ့ ယူကရိန်းပြည်သူတွေရဲ့ ခိုင်မာတဲ့ စိတ်ဓါတ်နဲ့ မြန်မာစစ်တပ်ရဲ့အာဏာသိမ်းမှုကို လက်မခံပဲ ဆန့်ကျင်လှုပ်ရှားနေတဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ဓါတ်ခိုင်မာမှုတွေမှာ တူညီတဲ့အချက်တွေတွေ့ရတယ်လို့ ဦးလင်းသန့်က ဆိုပါတယ်။

ယူကရိန်းမှာ ရုရှားကျူးကျော်စစ်ကြောင့် လူပေါင်း ၃ သန်းနီးပါး ဥရောပအလယ်ပိုင်း ဒေသတွေဘက်ကို ထွက်ပြေးခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်ဘေးဒုက္ခသည်အကျပ်အတည်းကြီးမားနေပေမယ့် ယူကရိန်းလို အိမ်နီးချင်း ဥရောပဒေသတခုလုံးကို ရိုက်ခတ်တဲ့ အခြေအနေတော့ မရောက်သေးဘူးလို့ လေ့လာသူတွေကပြောပါတယ်။

ကုလသမဂ္ဂ ကိန်းဂဏန်းများအရ စစ်တပ်ကနေ နိုင်ငံတစ်ဝှမ်းတွင် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်မှုများ ကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာသူ (၉) သိန်းခန့်ရှိလာပြီဖြစ်ပြီး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ အထူးလိုနေအပ်နေသူ ၆.၂ သန်းခန့် ရှိနေပြီဖြစ်ကြောင်း၊ အလားတူပင် ပြည်သူများအနေဖြင့် စားနပ်ရိက္ခာမလုံလောက်မှုပြဿနာများဖြင့်လည်း ရင်ဆိုင်လာနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ တပ်မတော်နေ့ အခမ်းအနားမှာတော့-
အာဏာသိမ်းမှုကို ဆန်ကျင့်တဲ့ အတိုက်အခံတွေဟာ "အပြစ်မဲ့ပြည်သူများ၊ အစိုးရကျန်းမာရေးနှင့် အုပ်ချုပ်ရေးဝန်ထမ်းများကို အကြောင်းပြချက်မရှိဘဲ သတ်ဖြတ်ခြင်းနှင့် ပြည်သူများ၏ လူမှုဖူလုံရေးကို ခြိမ်းခြောက်ခြင်းအတွက်" တွေ့ဆုံဆွေးနွေးစရာအကြောင်းမရှိပဲ ချေမှုန်းသွားမှာဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားပါတယ်။

ယူကရိန်းအပေါ်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ရုရှားဘက်က တုံ့ပြန်ပြောဆိုရာမှာ- အထူးစစ်ဆင်ရေးအဖြစ်သာ ခေါ်ဆိုပြီး နယ်မြေသိမ်းပိုက်ဖို့ ရည်ရွယ်တာမဟုတ်ပဲ သူ့ အိမ်နီးချင်းနိုင်ငံရဲ့ စစ်ရေးစွမ်းရည်ကို ဖျက်ဆီးဖို့နဲ့ de-Nazify နာဇီလွှမ်းမိုးမှုကို ဖယ်ရှားဖို့ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။

-------------------------------




















XS
SM
MD
LG