သုံးရလွယ်ကူစေသည့် Link များ

ပါရီမှာ ရဲကို တူနဲ့တိုက်ခိုက်သူ Algeria နိုင်ငံသားဖြစ်


ပြင်သစ်နိုင်ငံ ပါရီမြို့တော် မှာ ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ Notre Dame Cathedral အပြင်ဘက်မှာ လုံခြုံရေးတင်းကြပ်။

ပြင်သစ်နိုင်ငံ ပါရီမြို့တော်က အထင်ကရ Notre Dame Cathedral ဘုရားရှိခိုးကျောင်းမှာ ရဲအရာရှိ တယောက်ကို တူနဲ့ အင်္ဂါနေ့က တိုက်ခိုက်ခဲ့သူဟာ ဆီးရီးယားအတွက် လုပ်တာလို့ ဟစ်ကြွေးခဲ့ကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီး Gérard Collomb (ဂျေဟဒ် Colom) ကပြောကြားခဲ့ပါတယ်။

တိုက်ခိုက်သူဆီမှာ တွေ့ရတဲ့ မှတ်ပုံတင်ကဒ်ပြား အရ တိုက်ခိုက်သူဟာ Algeria လူမျိုး ကျောင်းသားတယောက် ဖြစ်တယ်လို့ ဝန်ကြီး Collomb က သတင်းထောက်တွေကို ပြောပါတယ်။ ကမ္ဘာလှည့် ခရီးသွားတွေနဲ့ စည်းကားတဲ့ နေရာတခုဖြစ်တဲ့ Notre Dame ဘုရားကျောင်း အပြင်မှာ အင်္ဂါနေ့ နေ့လည်ပိုင်းက ရဲ ၃ ယောက် ကင်းလှည့်နေစဉ် တိုက်ခိုက်သူက အနောက်ကနေ လိုက်လာပြီး တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနက ကိုင်တွယ် စုံစမ်းနေတယ်လို့ ပြင်သစ်အစိုးရ ရှေ့နေရုံးက ပြောပါတယ်။ ရဲအရာရှိ တယောက်ကို လူတယောက်က တူနဲ့ တိုက်ခိုက်ခဲ့တဲ့ အတွက် အဲဒီလူကို နောက်ရဲတယောက်က ပစ်ခတ်ခဲ့တာမှာ ဒဏ်ရာရသွားတယ်လို့ ပြင်သစ် ရဲတပ်ဖွဲ့က ပြောပါတယ်။

တူနဲ့ တိုက်ခိုက်ခံရတဲ့ ရဲအရာရှိရဲ့အခြေအနေ တည်ငြိမ်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ တိုက်ခိုက်သူဆီမှာ မီးဖိုချောင်သုံး ဓါးတွေ ကိုလည်း တွေ့ရတဲ့အတွက် ဘယ်လိုလက်နက်မျိုးနဲ့ မဆိုတိုက်ခိုက်မယ့် အကြမ်းဖက်ဝါဒစွဲ လုပ်ရပ် အဖြစ် ညွှန်ပြနေတယ်လို့ ဝန်ကြီး Collomb ကဆိုပါတယ်။ တိုက်ခိုက်သူဟာ တခြားသူတွေနဲ့ ချိတ်ဆက်မှု မရှိဘဲ တဦးတည်း တိုက်ခိုက်ခဲ့ပုံရပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို ပိုပြီး ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက် မျှဝေမလဲဆိုတာကို EU ပြည်ထဲရေးဝန်ကြီးတွေ မကြာခင် တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့လည်း ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

အခုနှစ်ပိုင်းတွေ အတွင်း အကြမ်းဖက်တိုက်ခိုက်မှု မကြာခဏ ဖြစ်နေတဲ့ ပါရီမြို့တော်မှာ လုံခြုံရေးကို တင်းကြပ်ထားပါတယ်။ ဧပြီလ တုန်းကပဲ Champs Elysees လမ်းမကြီးပေါ်မှာ လူတယောက်ရဲ့ ပစ်ခတ်မှုကြောင့် ရဲအရာရှိတယောက် သေဆုံးပြီး လူ ၂ ယောက်ဒဏ်ရာသွားခဲ့ပါတယ်။

XS
SM
MD
LG