သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရီသဘောတူညီချက်ကနေ ကန် နုတ်ထွက်ဖို့ သမ္မတ Trump အသင့်ရှိနေ


အမေရိကန်သမ္မတဟောင်း Barack Obama လက်ထက်မှာ လက်မှတ်ရေးထိုးထားတဲ့ ရာသီဥတုဆိုင်ရာ ပါရီသဘောတူညီချက်ကနေ နုတ်ထွက်ဖို့ သမ္မတ Donald Trump အသင့်ဖြစ်နေပြီလို့ အမေရိကန် သတင်းမီဒီယာတွေမှာ ဖော်ပြနေပါတယ်။

သဘောတူညီချက်ကနေ နုတ်ထွက်ဖို့ သမ္မတ Trump ဆုံးဖြတ်ထားပြီး၊ အသေးစိတ် အချက်အလက်တွေကိုတော့ အမေရိကန် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီ EPA အကြီးအကဲ Scott Pruitt ကို တင်ပြလိမ့်မယ်လို့လည်း သမ္မတရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ တိုက်ရိုက်သိရှိထားတဲ့ အမည်မဖော်လိုသူ အိမ်ဖြူတော် အဆင့်မြင့်တာဝန်ရှိသူတွေကို ကိုးကားပြီး အမေရိကန် အခြေစိုက် Axios ဝဘ်ဆိုဒ်က ပထမဆုံး သတင်းရေးသား ဖော်ပြခဲ့တာပါ။

ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ သတင်းပေါက်ကြားပြီးနောက်မှာပဲ၊ မကြာခင်ရက်တွေမှာ သူ့သဘောထားကို ပြောဆိုမယ့်အကြောင်း Twitter လူမှုကွန်ယက်မှာ သမ္မတ Trump က ဒီကနေ့ပဲ ပြောဆိုခဲ့ပါတယ်။

ပါရီသဘောတူညီချက်ကတော့ ဇီဝရုပ်ကြွင်းလောင်စာတွေကနေ ထွက်ပေါ်လာတဲ့ ကာဗွန်ဓာတ်ငွေ့တွေကို လျှော့ချပြီး ကမ္ဘာကြီးပူနွေးလာမှုကို ထိန်းချုပ်ဖို့၊ ပင်လယ်ရေပြင် မြင့်တက်လာတာ၊ မိုးခေါင်တာ စတဲ့ ရာသီဥတု ဖောက်ပြန်မှုတွေအပေါ် သက်ရောက် မှုတွေ လျော့ပါးလာစေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

သမ္မတ Trump ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ကျင်းပခဲ့တဲ့ စက်မှုထိပ်သီး ၇ နိုင်ငံ G-7 ညီလာခံအတွင်း အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ သဘောတူညီချက်ကို အတည်ပြု ထောက်ခံဖို့ ငြင်းဆန်ခဲ့တာပါ။ တရုတ်နိုင်ငံပြီးရင် ကာဗွန်ဓာတ်ငွေ့ ထုတ်လုပ်မှု ဒုတိယအများဆုံးဖြစ်တဲ့ အမေရိကန် နုတ်ထွက်မယ် ဆိုရင်တော့ သဘောတူညီချက်ကို ထိခိုက်မယ့် အလားအလာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG