သုံးရလွယ်ကူစေသည့် Link များ

လွှတ်ေ်တာ် ကိုယ်စားလှယ်လောင်း တင်သွင်းရက် ရေဘေးကြောင့် ထပ်တိုး


တနိုင်ငံလုံးနီးပါးရေဘေးသင့်မှုတွေကြောင့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ကို ထပ်ပြီး တိုးပေးလိုက်ပါတယ်။ ထပ်မံတိုး ပေးတာကြောင့် သြဂုတ်လ ၁၄ ရက်နေ့အထိ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရေဘေးကြောင့် သြဂုတ်လ ၁ဝ ရက်နေ့မှာ ပြန်လည်ကျင်းပဖို့လုပ်ထားတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကိုလည်း ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မေခကပေးပို့ထားပါတယ်။

ဒီကနေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ နောက်ဆုံးသတ်မှတ်ထားတဲ့ ရက်ကို ထပ်တိုးပေးလိုက်ပါတယ်။ ဒီလိုထပ်တိုးတာကြောင့် သြဂုတ်လ ၁၄ ရက်ထိ ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်း တင်သွင်းခွင့်ရမှာ ဖြစ်ပါတယ်။ ဒီလို ရက်ထပ်တိုးတာနဲ့ပတ်သတ်ပြီး ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“နဂိုရ် ကျနော်တို့ (၈) ရက်ပေးထားတာကနေ အခု (၁၄) ရက်ဆိုတော့ ထပ်တိုးပေးထားတယ်လေ။ အဓိက-ကတော့ အခု ရေကြီးတဲ့အတွက် သွားရေးလာရေး နည်းနည်း အခက်အခဲရှိတယ်ဆိုပြီးတော့ ပါတီတချို့က တင်ပြတာရှိတယ်လေ။ ဒီအပေါ်မှာသုံးသပ်ပြီးတော့ ရာသီဥတု အခြေအနေအရ သွားရေးလာရေးနည်းနည်း ခက်ခဲတဲ့အတွက်ကြောင့် သူတို့ကို ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းတဲ့အခါကျရင် အဆင်ပြေအောင် ဆိုပြီးတော့ပေါ့နော်၊ ရက်တိုးပေးလိုက်တာပါ။”

အရင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားတဲ့သြဂုတ်လ ၈ ရက်နေ့အစား နောက်ထပ် ရက်အနည်းငယ်တိုးပေးဖို့ တောင်းဆို ခဲ့ဖူးပါတယ်။ ဒါပေမယ့်ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက လက်မခံခဲ့ပါဘူး။ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာချက်အရ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမယ့် နောက်ဆုံးရက်ကို သြဂုတ်လ ၈ ရက်ကနေ သြဂုတ် ၁၄ ရက်အထိ ပြောင်းရွှေ့လိုက်သလို ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာ ရုပ်သိမ်းရက်ကို သြဂုတ် ၁၇ ရက်နေ့ထိ၊ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာ စိစစ်မယ့်ရက်ကိုလည်း နဂိုရ်သတ်မှတ်ထားတဲ့ ရက်ကနေ သြဂုတ်လ ၁၈ ရက်က ၂၇ ရက်ထိ အသီးသီး ရက်တိုးမြှင့်ပေးလိုက်တာဖြစ်ပါတယ်။

လက်ရှိရေဘေးကြောင့်ရွေးကောက်ပွဲကော်မရှင်ကနေ အခုလိုရက်ထပ်တိုးပေးလိုက်တာဖြစ်ပါတယ်။ ဒီလိုရေဘေးကြောင့်ပဲ သြဂုတ်လ ၁ဝ ရက်နေ့မှာ ပြန်လည်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကိုလည်း ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒီကနေ့ ပြည်ထောင်စုလွှတ်တော် ရုံးကနေ တရားဝင်ထုတ်ပြန်ချက်မှာ လွှတ်တော်ကျင်းပမယ့်ရက်ကို ရက်ရွှေ့ဆိုင်းမှုသာပါဝင်ပြီး ဘယ်အချိန်မှာ ပြန်လည်ကျင်းပမလဲကိုတော့ တိကျစွာ သတ်မှတ်ဖော်ပြထားခြင်းမရှိပါဘူး။

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားချက်အရ ပြီးခဲ့တဲ့ ဇူလိုင် ၂ဝ ရက်ကနေ ဒီလ ၁ ရက်နေ့အထိ ကိုယ်စားလှယလောင်း ၈ဝဝ ကျော် အမည်စာရင်းတင်သွင်းထားတယ်လို့ ဖော်ပြထားပါတယ်။ ပါတီပေါင်း ၄ဝ က ကိုယ်စားလှယ်တွေနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း တွေက တင်သွင်းထားတာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၂ဝဝ ကျော်၊ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၁ဝဝ ကျော်၊ တိုင်းဒေသကြီးနဲ့ပြည် နယ်ကိုယ်စားလှယ် ၄၅၈ ယောက်၊ တိုင်းဒေသကြီးနဲ့ပြည်နယ် လွှတ်တော်အတွက် တိုင်းရင်းသားကိုယ်စားလှယ် အယောက် ၃ဝ ကျော် စုစုပေါင်း ကိုယ်စားလှယ် ၈ဝဝ ကျော် အမည်စာရင်းတင်သွင်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG