မြန်မာ့လွှတ်တော်တွင်း ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ရာမှာရော လွှတ်တော်ကို ပြည်သူတွေနားလည်အောင် လုပ်ဆောင်မှု အပိုင်းတွေမှာပါ အားနည်းနေတယ်လို့ OMI လို့ခေါ်တဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင် စောင့်ကြည့်လေ့လာရေးအဖွဲ့က ဝေဖန်လိုက်ပါတယ်။ တချိန်တည်းမှာပဲ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးလုပ်ဆောင်မှုအပိုင်းကို သတင်းထုတ်ပြန်ရာမှာလည်း ထင်သာမြင်သာမှုမရှိတဲ့အကြောင်း လွှတ်တော် ကိုယ်စားလှယ်တချို့က ထောက်ပြကြပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။
စက်တင်ဘာ ၂၀နဲ့ ၂၁ ရက် - ရန်ကုန်မြို့မှာ နှစ်ရက်ကြာကျင်းပနေတဲ့ Open Myanmar Initiative ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ OMI က တာဝန်ခံ ကျင်းပတဲ့ ဆွေးနွေးပွဲရဲ့ ဒုတိယမြောက်နေ့ဖြစ်တဲ့ ဒီတနင်္ဂနွေနေ့မှာတော့ ခေါင်းစဉ် ၃ ခုနဲ့ ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီထဲမှာ မြန်မာ့လွှတ်တော် ပွင့်လင်းမြင်သာမှုနဲ့ လွှတ်တော်စောင့်ကြည့်လေ့လာရေး အခန်းကဏ္ဍ၊ လွှတ်တော် ပွင့်လင်းမြင်သာမှုနဲ့ အိုင်တီ နည်းပညာ အသုံးပြုမှု၊ လွှတ်တော်နဲ့သတင်းမီဒီယာစတဲ့ကဏ္ဍတွေ ပါဝင်တာ တွေ့ရပါတယ်။
၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း မြန်မာနိုင်ငံမှာ လွှတ်တော်တွေပေါ်လာပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရတာဝန်ရှိသူတွေကြား လွှတ်တော်တွင်း ဆွေးနွေးချက်တွေကို ပြည်သူတွေ အလွယ်တကူ နားလည်သဘောပေါက်နိုင်မယ့် စီးဆင်းမှု အားနည်းနေသေးကြောင်း OMI အဖွဲ့ သုတေသနဌာန ဒါရိုက်တာ ကိုအေးခိုင်က ပြောပါတယ်။
“နဂိုအတိုင်း အဟောင်းကရှိခဲ့တဲ့ အမူအကျင့်တွေကြောင့် ပွင့်လင်းမြင်သာမှုကို လုပ်တော့လုပ်တယ်။ သို့သော် ထိထိရောက်ရောက် မဖြစ်တဲ့ အခြေအနေတွေကို တွေ့ရတယ်။ လွှတ်တော်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ဆိုလို့ရှိရင် ပြည်သူတွေအထိရောက်သလား။ ဒီအချက်အလက်ကို ပေးပြီးပီ ငါပေးပြီးပီ ဆိုတဲ့ဟာမျိုးလောက်နဲ့ ကျနော်တို့က တာဝန်မကြေဘူး၊ အချက်အလက်ပေးတဲ့ စနစ်ကြီး အောင်မြင်သလား ၊ အဲဒီရည်ရွယ်ချက်အတိုင်း ပြီးမြောက်ရဲ့လားဆိုတာကို ပြန်ပြီးတော့ လေ့လာသုံးသပ်သင့်တယ်။ ဥပမာ သတင်းစာတွေမှာ ပါတဲ့ ဖေါ်ပြချက်တွေကို ပြည်သူတွေက ဘယ်လောက်ထိ မှတ်မှတ်သားသား ရှိသလဲ၊ ဥပမာ ပြည်သူတွေ စိတ်ဝင်စားလာတဲ့ ပုံစံဖြစ်အောင် ဘယ်လိုပေးမလဲ။ အဲဒီတော့မှ အဲဒီအချက်လက်တွေကို ပြည်သူတွေက ရမယ်။ ရတဲ့အခါကျတော့မှ ပိုပြီးတော့ စဉ်းစားဖို့ တတ်လာမယ်။ ဒီမိုကရေစီ ပတ်ဝန်းကျင် ဒီမိုကရေစီ အလေ့အထနဲ့ ပိုပြီးတော့ မြင့်မားလာမယ်။”
လွှတ်တော်ကျင်းပနေချိန်မှာ Skynet ရုပ်သံကတဆင့် တိုက်ရိုက်ထုတ်လွှင့်မှု ရှိပေမယ့် အဲဒီဆွေးနွေးချက်တွေကို ပြည်သူအများစုက အလွယ် တကူ လက်ခံ နားလည်နိုင်တဲ့ အခြေနေမျိုး မရှိသေးဘူးလို့ ထောက်ပြဝေဖန်မှုတွေလဲ ရှိနေပါတယ်။ လွှတ်တော်တွင်း ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက် တွေကို အစိုးရပိုင်သတင်းစာတွေမှာ ပြန်လည်ဖေါ်ပြတဲ့အခါ ဆင်ဆာဖြတ်တောက် ချန်လှပ်တာတွေရှိတဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်မှုကို မှေးမှိန်အောင် လုပ်ဆောင်နေသလိုဖြစ်ကြောင်း NLD ပါတီ ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က သူ့အတွေ့အကြုံကို ပြောပါတယ်။
“ဒါကတော့ အရှိအတိုင်းပြောရမှာပဲ။ သတင်းစာ ထုတ်ပြန်ချက်မှာကျတော့ အဲဒီလိုပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်က အပြည့် မပါဘူးဗျ။ ဘယ်သူက ဘာမေးတယ် ဘယ်သူက ဘာအဆိုတင်တယ်ဆိုတာကို ခေါင်းစဉ်လေးလောက် တပ်ပြီးတော့ ကျန်တာက ဝန်ကြီးဌာနက ဖြေတာတွေချည်းပဲ ထည့်သွားတာ။ အဲဒီအခါကျတော့ ပြည်သူလူထုက အဲဒီအပိုင်းကျတော့ အားမလိုအားမရ ဖြစ်နိုင်တာပေါ့ ဘာလို့လဲဆိုတော့ မေးခွန်းအတွက်ကို ဘယ်လိုအချက်အလက်တွေနဲ့ ကိုးကားပြီး ဘယ်ကိုယ်စားလှယ်က ပြောသွားလဲ။ အဆိုအတွက်ကို ဘယ်လို အခြေအနေနဲ့ကိုးကားပြီး ဘယ်ကိုယ်စားလှယ်က ပြောသွားလဲ။ အဲဒါမသိရဘူး။ ခြေပတာပဲ သိနေရတယ်။ ဒါမျုးိနဲ့ပတ်သက်ရင်တော့ ပွင့်လင်းမြင်သာမှု အပြည့်မရှိတာတော့ ဟုတ်တယ်။ ဥပမာဆိုလို့ရှိရင် ဒီ ရွေးကောက်ပွဲစနစ်နဲ့ ပတ်သက်တဲ့ ကော်မတီလိုဟာမျိုး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ ကော်မတီလိုဟာမျိုး၊ ကော်မရှင်လိုဟာမျိုးဆိုရင်တော့ ဒီလွှတ်တော် မတင်မချင်း အထဲမှာရှိတဲ့ ဆွေးနွေးချက်တွေ ဆုံးဖြတ်ချက်တွေကို လျှိူ့ဝှက်ထိန်းသိမ်းထားရမယ်ဆိုတာ ညွှန်ကြားချက်ရှိတယ်။”
လွှတ်တော်တွင်း ပွင့်လင်းမြင်သာမှုနဲ့ပတ်သက်လို့ OMI အဖွဲ့က သုတေသနပြုစုထားတဲ့ အစီရင်ခံစာ အမှတ် ၃ကို ဒီဆွေးနွေးပွဲမှာ ဖြန့်ချိခဲ့ပြီး ဒါနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သတင်းအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေ တက်ရောက်ဆွေးနွေးခဲ့သလို နိုင်ငံရေးပါတီတွေနဲ့ သတင်းသမားတွေ တက်ရောက်ခဲ့ကြပါတယ်။