သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားအခွင့်အရေး ဥပဒေမူကြမ်း ပြည်သူ့ လွှတ်တော်မှာ ပထမဆုံး တင်သွင်း


မြန်မာ့ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ
မြန်မာ့ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ
တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဥပဒေအရ အကာအကွယ်ပေးနိုင်မယ့် ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်မှာ ပထမဆုံးအကြိမ် တင်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်စာပေယဉ်ကျေးမှု၊ ဘာသာ စကားတွေကို ကိုယ်ပိုင်ပြဌာန်းခွင့်ရနိုင်ဖို့နဲ့ ဥပဒေအရ ကာကွယ်စောင့်ရှောက် ပေးဖို့အတွက် အဓိကရည်ရွယ်တယ်လို့ အဆိုတင်သွင်းခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်က ပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့ ပြည်သူ့လွှတ်တော်ရဲ့ အဋ္ဌမအကြိမ်မြောက် အစည်းအဝေး မှာ ကွတ်ခိုင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ်က အခြေခံဥပဒေမှာ တိုင်းရင်းသားတွေနဲ့ပတ်သက်လို့ ပြဌာန်းထားတဲ့ အချက်တွေ အားနည်းမှုတွေ ရှိနေတဲ့အတွက် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်တွေကို ဥပဒေအရ ကာကွယ်စောင့်ရှောက်နိုင်ဖို့ ဥပဒေပြဌာန်းသွားဖို့ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေအနေဲ့ ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အဆိုတင်သွင်းသူ ဦးတီခွန်မြတ်က ဆိုပါတယ်။

“တို့နိုင်ငံမှာ အခြေခံဥပဒေ သုံးခု ရှိခဲ့ပေမဲ့ အဲဒီ ဥပဒေတွေမှာ၊ တို့ရဲ့အခြေခံမူတွေမှာ တိုင်းရင်းသားလူမျိုးတွေကတော့ သူ့ စာပေယဉ်ကျေးမှု၊ အနုပညာ- စသဖြင့်ပေါ့လေ၊ အကုန် လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်၊ ဆောင်ရွက်နိုင်တယ်လို့ ဖော်ပြထားတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့အချိန် ကနေပြီးတော့မှ ကနေ့အထိပေါ့လေ- ဒါတွေက တကယ်တန်းကျရင် လက်တွေ့မှာ ဘာမှ လုပ်လို့မရဘူး၊ ဆိုလိုတာက ဘာလဲဆိုလို့ရှိရင် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဆိုထားပေမယ့်လို့ အဲဒီ ပြဌာန်းထားတဲ့ ကိစ္စတွေကို အကောင်အထည်ဖော်ပေးမယ့် ဥပဒေမရှိလို့ အခု အဆိုတင်သွင်းတာ။”

တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်စာပေယဉ်ကျေးမှု၊ ဘာသာစကားနဲ့ ဓလေ့ထုံးတမ်း ပွဲလမ်းသဘင်တွေ လွတ်လပ်စွာ ဆင်ယင်ကျင်းပနိုင်ရေးအပါအဝင် တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကို ဥပဒေအရ ကာကွယ် စောင့်ရှောက်ပေးဖို့အတွက် အရေးကြီးတယ်ဆိုတဲ့အချက်ကို ဦးတီခွန်မြတ်က ထောက်ပြပြောဆိုခဲ့တာပါ။

“လူမျိုးတမျိုးက သူ့စကား၊ စာပေ၊ ယဉ်ကျေးမှုတွေ ပျောက်ရင် အဲဒီလူမျိုးလည်း ပျောက်တာနဲ့ အတူတူပဲလေ။ လွန်ခဲ့တဲ့နှစ်ပိုင်းလောက်အထိပဲ ဒီလို လွှတ်တော်ပေါ်ပြီးတဲ့ နောက်ပိုင်းတောင် တချို့နေရာတွေမှာ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု လုပ်မယ်ဆိုရင် အာဏာပိုင်တွေက တားတာတို့၊ ပွဲမိန့်ယူပါတို့- စသဖြင့်ပေါ့လေ ရှိခဲ့တယ်၊ အခု ဒီဥပဒေကျတော့ မိမိရဲ့ယုံကြည်ကိုးကွယ်ရာ ဘာသာ၊ ဒါမှမဟုတ်ရင် မိမိရဲ့ ရိုးရာဓလေ့တွေကို ကျင်းပမယ်ဆိုလို့ရှိရင်တော့ အများ ကျန်တဲ့တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုကို မထိခိုက်ဘူး ဆိုလို့ရှိရင် ဒါ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ပေးထားပါတယ်။”

ဒီဥပဒေရေးဆွဲနိုင်ဖို့အဆိုကို ၂၀၁၂ခုနှစ် ဇူလိုင်လကတည်းက ဆွေးနွေးပြီး အတည်ပြုချက်ရခဲ့တဲ့အတွက် ဥပဒေပြဌာန်းနိုင်ဖို့ အတွက်အခု အဆိုတင်ခဲ့တာ ဖြစ်ပါတယ်။တိုင်းရင်းသားဒေသတွေမှာ ဥပဒေစိုးမိုးမှုရှိစေရေး တိုင်းရင်းသားရေးရာ ဝန်ကြီးတွေနဲ့ ညှိနှှိုင်းဆွေးနွေး တိုင်ပင်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှာ တင်သွင်းတုန်းကလည်း အားလုံး လွှတ်တော် ကိုယ်စားလှယ် ၂၈ ဦးက ဝိုင်းဝန်းဆွေးနွေးကြတယ်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကလည်း ဒါကို ဆွေးနွေးကြတယ်။ အားလုံးက ထောက်ခံပါတယ်။ ထောက်ခံလို့ ဒီအဆို အောင်သွားတာပေါ့။ ဥပဒေကြမ်းတစ်ခုကို တင်သွင်းတဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြင်ဆင်ချက်အဆို တင်သွင်းတဲ့ဟာတွေကိုလည်း ကိုယ်က လက်ခံရမယ်။ ပြီးမှ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေလည်း ဒီမှာပြင်ဆင်ဖို့ အဆိုတွေ အများကြီးပေးထားတာ ရှိပါတယ်။ ဒါတွေကို ပေါင်းစပ်ရမှာပေါ့လေ၊ ပေါင်းစပ်ပြီးမှ ဖြစ်သင့် ဖြစ်ထိုက်တာလေးတွေ ဖြစ်အောင် ဆောင်ရွက်ရမယ်၊ အဲဒီမှာ မဲခွဲတာတို့ ဘာတို့ ပြုရမှာပေါ့လေ။ ဒါကြောင့် ဥပဒေကြမ်းတစ်ခု ဖြစ်ဖို့က လွယ်တော့ မလွယ်ပါဘူး။ ”

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေးနဲ့ ပတ်သက်ပြီးလည်း တိုင်းရင်းသား နိုင်ငံရေးပါတီများ စုပေါင်း ဆွေးနွေးထားတဲ့ အမြင်သဘောထားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဆီကို ပေးပို့ပြီး ဆွေးနွေးခဲ့ကြပါသေးတယ်။
XS
SM
MD
LG