သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဖော်ဆောင်မှု ယုံကြည်မှုအရေးကြီး


မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ NCCT တို့ အကြို ညှိနှိုင်းတွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ - ဦးလှမောင်ရွှေ)
မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ NCCT တို့ အကြို ညှိနှိုင်းတွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ - ဦးလှမောင်ရွှေ)
မြန်မာနိုင်ငံရဲ့ လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုမှာ ယုံကြည်မှု တည်ဆောက်ခြင်းက အရေးကြီးတဲ့ အခန်းကဏ္ဍအဖြစ် ဆောင်ရွက်နေပြီး တတိုင်းပြည်လုံး ငြိမ်းချမ်းရေး တိုင်းရင်းသားအဖွဲ့အားလုံး တချိန်တည်း တပြိုင်တည်း လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးပမ်းတယ်လို့ ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ်ပါတီအဖွဲ့နဲ့ တွေ့ဆုံစဉ် တိုင်းရင်းသားခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။

တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ြငိမ်းချမ်းရေး ဖော်ဆောင်မှု လက်ရှိ ဖြစ်စဉ်တွေနဲ့ ပြည်တွင်းက နိုင်ငံရေးပါတီတွေရဲ့ မြန်မာနိုင်ငံတွင်း နိုင်ငံရေး လုပ်ဆောင်နိုင်မှုတွေနဲ့ ပတ်သက်လို့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ပြည်တွင်း နိုင်ငံရေးပါတီ ၁၁ ပါတီတို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။ အပြည့်အစုံကို မဆုမွန် က တင်ပြထားပါတယ်။

ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်းမှာ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး အခြေအနေနဲ့ ပတ်သက်လို့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီ အသီးသီးက ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြတဲ့အချိန် တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်ရှိ ရင်ဆိုင်တွေ့ကြုံနေရတဲ့ စိန်ခေါ် အကဲစမ်းမှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာ ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ်ပါတီဘက်က ဦးဆောင်တက်ရောက်သူ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ က ပြောပါတယ်။

“အပစ်အခတ်ရပ်စဲရေး တစုံတရာ နားလည်မှု အပြီးသတ် မရသော်လည်း မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်နေပြီလို့ သူတို့ ယူဆပါတယ်။ နောက်ပြီးတော့ ယခင်ကထက် ပိုပြီးတော့ နားလည်မှုရှိနေကြောင်းလည်း သူတို့ယူဆပါတယ်။ အဲ့ဒါက တစ်အချက်ပါ။ နံပါတ်နှစ်အချက်က အားလုံးလက်ခံနိုင်တဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတဲ့နောက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ လျာထားပြီးဖြစ်ကြောင်းလည်း ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေးတွေကို မူကြမ်း အချောသတ်ဖို့ကတော့ ဧပြီလ ပထမအပတ်ထဲမှာ အပြီးသတ်မယ်လို့ ဆိုပါတယ်။ နောက် ဆွေးနွေးပွဲတွေမှာ နိုင်ငံရေးပါတီတွေကပါ ပူးပေါင်းပါဝင်ကြဖို့ ရှိနေပြီဖြစ်ကြောင်းလည်း သူတို့ ပြောပါတယ်။ နောက်ပြီးတော့ တတိယအချက်ကတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတဲ့အခါမှာ တနေ့တည်း၊ တနေရာတည်း၊ တချိန်တည်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့သား အားလုံးက လက်မှတ်ထိုးရေးကိုပဲ သူတို့က ရှေ့ရှုတယ်လို့ ဆိုပါတယ်။ စောင့်ပြီးတော့ကာ စာအုပ်ဖွင့်ထားပြီးတော့ တဖွဲ့တည်း လာထိုးတာမျိုး မဟုတ်ဘဲနဲ့ တစုတဝေးတည်း ထိုးမယ်ဆိုတဲ့ သဘောမျိုးကို ပြောပါတယ်။ နောက်ဆုံးအချက်ကတော့ တဘက်က နိုင်ပြီးတော့ တခြားတဘက်က ရှုံးနေတဲ့ ငြိမ်းချမ်းရေးမျိုး မဟုတ်ဘဲနဲ့ ဂုဏ်သိက္ခာရှိတဲ့ တရားမျှတတဲ့ ငြိမ်းချမ်းရေး ဖြစ်မြောက်မှုကို ကြိုဆိုတဲ့အကြောင်း ပြောပါတယ်။ ဧပြီလ ပထမအပတ်ထဲမှာတော့ ဒီငြိမ်းချမ်းရေးမူကြမ်းကို နှစ်ဘက် ညှိနှိုင်းထားတဲ့အတိုင်း ဒီဘက်က ၉ ယောက်၊ ဟိုဘက်က ၉ ယောက်ပေါ့ အဲ့ဒီ ၁၈ ယောက်နဲ့ သူတို့ အပြီးသတ် ရေးဆွဲမယ်လို့ ပြောပါတယ်။”

တက်ရောက်လာတဲ့ နိုင်ငံရေးပါတီ ၁၁ ပါတီက ခေါင်းဆောင်တွေဘက်က လည်း နိုင်ငံရေးပါတီ အင်အားစုတွေ နိုင်ငံရေးလုပ်ဆောင်နိုင်မှု အတိုင်းအတာကို NCCT ခေါင်းဆောင်တွေနဲ့ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ ဦးခင်မောင်ဆွေ က ပြောပါတယ်။

“ပါတီ ၁၁ ပါတီကိုယ်စား ပြောတဲ့သူလည်းရှိသလို၊ ကျနော်တို့လည်း တဦးချင်းပြောတာလည်း ရှိပါတယ်။ ဒီကနေ့ မြန်မာ့နိုင်ငံရေးဟာ ဟိုတုန်းကလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တခုတည်း ပြောလို့မရတော့ပါဘူး။ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုအရေးဆိုတဲ့ အရေးနှစ်ပါစုံ ဖြေရှင်းရမယ့် အချိန်ရောက်ပြီလို့ ကျနော်တို့က ပြောပါတယ်။ နံပါတ်နှစ်အချက်ကတော့ ၂၀၁၅ ရွေးကောက်ပွဲဟာ အခြေခံဥပဒေပြင်ရေးကို စောင့်နေမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ဖက်ဒရယ် ပြည်ထောင်စုစနစ်နဲ့ ဒီမိုကရေစီ အခြေခံတွေ ပါဝင်တဲ့ အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့အတွက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲအပြီးမှာ မေလလောက်အတွင်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စနိုင်ဖို့ ကြိုးပမ်းကြစေလိုပါတယ်လို့ တိုက်တွန်းချက် ပါပါတယ်။ နောက် တတိယအချက်ကတော့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ ထူးခြားချက်ကတော့ ဟိုတုန်းကလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရနဲ့ နှစ်ဖွဲ့ကြား ဆွေးနွေးတာမျိုး မဟုတ်တော့ဘဲ ကျနော်တို့ လွှတ်တော်၊ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ ဒါတင်မကဘဲနဲ့ ပြည်သူတရပ်လုံးကပါ တခဲနက် ပါဝင်နေတဲ့အတွက်ကြောင့်မို့ အခု နိုင်ငံရေးဖြစ်စဉ်ဟာ သမိုင်းတခေတ်မှာတော့ ထူးခြားနေပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေး စေတနာနဲ့ နိုင်ငံရေး ယုံကြည်မှုကို တည်ဆောက်ပြီးတော့ မှန်ကန်တဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေနဲ့ ပြည်သူတရပ်လုံး အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းကြောင်းကို ကျနော်တို့ FDA ဘက်ကနေပြီးတော့ ပြောကြားတင်ပြပါတယ်။”

နှစ်ဘက် ဆွေးနွေးကြတဲ့အခါမှာတော့ လက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေမှာ အရေးကြီးဆုံးက ယုံကြည်မှု တည်ဆောက်နေတဲ့ အနေအထား ဖြစ်တယ်ဆိုတာကို တိုင်းရင်းသား ခေါင်းဆောင်တွေကရော၊ နိုင်ငံရေးပါတီ အသီးသီးက ခေါင်းဆောင်တွေ အလေးထား ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့် က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ ပြည်တွင်းမှာ သွားနေတဲ့ နိုင်ငံရေးပါတီတွေ အနေနဲ့ကလည်း ကျနော်တို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ သူတို့ဖြစ်စေချင်တဲ့ ဆန္ဒပေါ့နော်။ ဆိုတော့ နှစ်ဘက်စလုံးကတော့ မြန်မာနိုင်ငံကို ဘယ်လို တည်ဆောက်ကြမလဲဆိုတဲ့ အနေအထားအပေါ်မှာ အဓိက ဆွေးနွေးတာပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးပါတီတွေအနေနဲ့ သူတို့ရတဲ့ space သူတို့ရတဲ့ နိုင်ငံရေးအခွင့်အရေး ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ လှုပ်ရှားပေမဲ့လည်း တဘက်မှာ ဒါတွေဟာ တဖြေးဖြေး ကျယ်ပြန့်လာတယ်။ ဒါတွေဟာ ပိုပြီးတော့ ကောင်းမွန်လာတယ်ဆိုတဲ့ဟာတွေကို သူတို့ တွေ့တယ်ပေါ့။”

ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ်ပါတီအဖွဲ့က ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ မကြာသေးခင်က ထိုင်းနိုင်ငံ ချင်းမိုင်မှာလည်း တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် ဒီတကြိမ် ပြည်တွင်းမှာ တွေ့ဆုံတာကတော့ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ဒီကနေ့ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး မကြာခင်မှာ သတင်းထုတ်ပြန်မယ်လို့ သိရပါတယ်။
XS
SM
MD
LG