သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းမဟာမိတ်နဲ့တွေ့ဖို့ အစိုးရငြိမ်းကော်မရှင် ကမ်းလှမ်း


ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်းမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေချိန်မှာပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်က ကမ်းလှမ်းလိုက်ပါတယ်။ ဒီကမ်းလှမ်းချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖက်က သဘောတူထားပြီး တွေ့ဆုံမယ့်ရက်နဲ့ နေရာကိုတော့ ညှိနှိုင်းနေဆဲရှိပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော် တင်ပြထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ကချင်ပြည်နယ်အတွင်းမှာ နေရာအတော်များများမှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အကြားတိုက်ပွဲတွေ ပြင်းထန်ခဲ့သလို KIO ဌာနချုပ်အနီးက စစ်ရေးအရအချက်အခြာကျတဲ့ ဂီဒုန်စခန်းကို အစိုးရတပ်မတော်က သိမ်းပိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲတွေဟာ မနေ့ကထိ ပြင်းထန်းနေခဲ့ပြီး ဒီကနေ့မှာတော့ တိုက်ပွဲဖြစ်ပွားတဲ့သတင်းမရရှိသေးဘူးလို့ KIO အဖွဲ့ရဲ့ နည်းပညာထောက်ကူပြုအဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောပါတယ်။

“မနေ့ကတော့ တပ်ရင်း ၁၁ နယ်မြေမှာ လေယာဉ်နဲ့ ဗုံးလာကြဲတော့ ရွာသား ၁ ယောက်သေသွားတယ်။ တပ်မဟာ ၁ ဒေသ ၊ ၃ ဒေသ ၊ ဒေသ၂ ဆိုတာက တပ်ရင်း ၁၁ ပေါ့နော် ၊ တပ်ရင်း ၁၁ က နမ့်မတီ သကြားစက် ရှိတဲ့ နေရာရဲ့မြောက်ပိုင်းပေါ့၊ ဖြစ်တာတော့ဖြစ်တယ်။ ဒီကနေ့ကတော့ မကြားရသေးဘူး။”

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဖက်မှာတော့ မြောက်ပိုင်းမဟာမိတ်လို့ခေါ်တဲ့ ကချင်၊ပလောင်၊ ကိုးကန့်နဲ့ ရခိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်ကြားမှာ ပြီးခဲ့တဲ့လ ၂၀ရက်နေ့ကစပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ရာက ဒီကနေ့ထိလည်း ကြိုးကြားတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာဖြစ်ပါတယ်။ ဒီကနေ့ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအနေကို TNLA ခေါ် တအာန်း(ပလောင်) တပ်ဖွဲ့ရဲ့ ပြောခွင့်ရသူ ဗိုလ်မှုးတာအိုက်ကျော်က အခုလို ပြောပါတယ်။

“ဒီမနက် ၆ နာရီလောက်စတယ်၊ အဲဒီမှာကတော့ သီပေါမြို့နယ် ထန်ဆက် နားက ဘန်ခါးတောင်မှာ ၃ နေရာလောက် ကျနော်တို့အဖွဲ့နဲ့ RCSS အဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ်။ နောက်တနေရာကတော့ ကွတ်ချိုင်မြို့နယ် ပန်ယူးကျေးရွာ နားမှာ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲဖြစ်တယ်ခင်ဗျ။ ကျန်တဲ့နေရာကတော့ မကြားရသေးဘူး”

ဒီလို တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာပဲ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်က နှစ်ဖက်တွေ့ဆုံဆွေးနွေးဖို့အတွက် ကမ်းလှမ်းတာတွေလည်း ရှိနေကြောင်း ပလောင်တပ်ဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှုး ဗိုလ်မှုးကြီးတာဘုန်းကျော်က ပြောပါတယ်။

“ကျနော်တို့ကို ဒီ ငြိမ်းချမ်းရေးကော်မရှင်က ဦးလှမောင်ရွှေတို့က တွေ့ဆုံဖို့ အလွတ်သဘောတွေ့ဆုံဖို့ဆိုပြီးတော့ ညှိနှိုင်းတာရှိပါတယ်။ ဘယ်နေရာဆွေးနွေးမလဲ၊ ဘယ်အချိန်ဆွေးနွေးမလဲဆိုတာကတော့ မပြောသေးဘူး ကျနော်တို့ကတော့တွေ့ဆုံဖို့တော့ သဘောတူပါတယ်။ ဒါပေမယ့် ဘယ်နေ့တွေ့ကြမလဲဆိုတာကတော့ ဆွေးနွေးညှိနှိုင်းလို့ မရသေးပါဘူး။”

ဒီလ ၂ရက်နေ့ကလည်း မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ယူနန်ပြည်နယ် ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ တရုတ်အစိုးရက စီစဉ်ခဲ့ပေမဲ့ နှစ်ဖက် ညှိနှိုင်းမှုတွေ မပြေလည်တာကြောင့် တွေ့ဆုံဆွေးနွေးပွဲဟာ မအောင်မြင်ခဲ့ပါဘူး။

ဒီတကြိမ်ဆွေးနွေးပွဲမှာလည်း မဟာမိတ်အဖွဲ့တွေဖက်က သူတို့လိုလားချက်ကို အခုလို တင်ပြထားကြောင်း ဗိုလ်မှုးကြီးတာဘုန်းကျော်က ပြောပါတယ်။

“ကျနော်တို့ တပ်ပေါင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့စလုံးက တပြိုင်နက်ထဲတွေ့ချင်တယ်၊ တွေ့တဲ့အချိန်မှာလည်း ၀ အဖွဲ့ ကို သတ်သေအဖြစ် ထိုင်ပေးဖို့ ကျနော်တို့ တင်ပြထားပါတယ်။ ဒါကတော့ ကျနော်တို့ဖြစ်ချင်တဲ့ ဆန္ဒပါ ဒါကိုတင်ပြထားပါတယ်။ တရုတ်အစိုးရ ကိုလည်း တင်ပြထားပါတယ်။”

ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေကတော့ ကော်မရှင်ရဲ့ ဦးတည်ဆောင်ရွက်နေတဲ့အခြေအနေကို အခုလို ပြောဆိုပါတယ်။

“Peace ကော်မရှင်သဘောထားကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ ဆက်လက်ပြီးတော့ ကျနော်တို့ဆွေးနွေးပြီးတော့မှ ကျနော်တို့ NCA လက်မှတ်ရေးထိုးပြီးတော့ ကျနော်တို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာဆွေးနွေးမယ်။ ကျနော်တို့ အားလုံးညှိနှိုင်းပြီးသွားတဲ့ဟာမျိုး သွားမယ့်ပုံစံမျိုးကိုပဲ အဓိက Peace ကော်မရှင်အနေနဲ့ သဘောထားရှိတယ်ပေါ့လေ။ အဲဒီသဘောထားအတွက်တော့ အလွတ်ဆွေးနွေးပွဲတွေပေါ့လေ၊ ကျနော်တို့ စနိုင်မလားဆိုတဲ့ အဆိုပြုချက်မျိုးနဲ့ ပြောနေတာ Peace ကော်မရှင်အနေနဲ့ ပြောနေတာရှိပါတယ်။ ၂ ဖက်အဆင်ပြေရင်တော့ ကျနော်တို့ အလွတ်ဆွေးနွေးပွဲတွေကို စပြီးတော့ လုပ်နိုင်ပြီပေါ့နော်။”

လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံကို ပြန်လည်စတင်ဖို့ရှိနေပြီး လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အနှောက်အယှက်ဖြစ်မှာကိုလည်း စိုးရိမ်မှုတွေရှိနေပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတိုက်ပွဲတွေပြင်းထန်ချိန်မှာ လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးချုပ်ငြိမ်းနိုင်ရေးအတွက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို ပါဝင်လက်မှတ်ရေးထိုးဖို့ကို တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG