သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပစ်ရပ် သဘောတူညီမှု ထပ်ဆွေးနွေးဖို့လို


(ဓာတ်ပုံ - ညိုအုန်းမြင့်)

မြန်မာတနိုင်ငံလုံး အပစ်ရပ်ရေး နောက်ဆုံးမူကြမ်းရဖို့ အစိုးရနဲ့ တိုင်းရင်းသားတပ်တွေ အပြီးသတ် ညှိနှိုင်းတဲ့နေရာမှာ သဘောထားကွဲလွဲတာတွေ များလာတဲ့အတွက် နောက်ထပ် ဆွေးနွေးရမယ့် အနေအထားကို ရောက်လာတယ်လို့ တက်ရောက်သူတွေက ဆိုပါတယ်။ အခုလို ဖြစ်လာရတာက တိုင်းရင်းသားလက်နက်ကိုင် တပ်တချို့ လှုပ်ရှားမှုတွေအပေါ် တပ်မတော်ဘက်က စိုးရိမ်လာပြီး ဆက်ညှိနှိုင်းအဖြေရှာရာမှာ နောက်တွန့်နေတယ်လို့ ဒီဆွေးနွေးပွဲ တက်ရောက်သူတွေက သုံးသပ်ပါတယ်။ ဒီအကြောင်းကို ကိုဝင်းမင်းက တင်ပြထားပါတယ်။

ဒီအပစ်ရပ်ရေး စာချုပ်မူကြမ်းရဖို့ နှစ်ဘက်ကိုယ်စားလှယ်တွေ ရန်ကုန်မှာ ၆ ကြိမ်မြောက်အဖြစ် တနင်္လာနေ့ကစပြီး ဆွေးနွေးနေတာက နောက်ဆုံးကျန်နေတဲ့ အချက် ၄၊ ၅ ချက်ကို သဘောတူနိုင်ဖို့ပါ။ ပြီးခဲ့တဲ့တခေါက် သြဂုတ်လ ဆွေးနွေးပွဲမှာတုန်းက ဖက်ဒရယ်မူအပေါ် တပ်မတော် ကိုယ်စားလှယ်တွေဘက်ကပါ ထူးထူးခြားခြား မူအရ သဘောတူညှိနှိုင်းပေးခဲ့လို့ ဒီတခေါက်မှာလည်း ဒီမူကြမ်းကို နောက်ဆုံးအဆုံးသတ် ညှိနှိုင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ချက်တွေ ဖြစ်လာခဲ့ပါတယ်။

အခုလို အပြီးသတ် ညှိနှိုင်းရေးမျှော်လင့်ချက် ဖြစ်ရတာကလည်း နောက်တဆင့် သမိုင်းဝင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို တက်နိုင်ဖို့ပါ။ ဒါပေမဲ့ အခုတခေါက် ၅ ရက်တာ ဆွေးနွေးပွဲ တတိယမြောက်နေ့ ဗုဒ္ဓဟူးနေ့ အပြီးမှာတော့ နှစ်ဘက်ညှိနှိုင်းမှုတွေဟာ မမျှော်လင့်ဘဲ ပိုခက်လာပြီး သဘောထားကွဲမှုတွေ ပိုများလာပါတယ်။ အဓိကဖြစ်ရတဲ့တချက်ကတော့ လက်ရှိ ကျန်နေတာတွေကို ဆွေးနွေးတာအပြင် အရင်သဘောတူခဲ့တာ တချို့အပေါ်မှာပါ နှစ်ဘက် ယူဆပုံ ကွဲလာလို့ဖြစ်တယ်လို့ ဆွေးနွေးပွဲ တက်ရောက်သူတွေက ဆိုပါတယ်။

အခုလို ညှိရခက်လာတာကြောင့် ဒီတခေါက်ဆွေးနွေးပွဲမှာ နောက်ဆုံးမူကြမ်းရရေး အပြီးမသတ်နိုင်မှာကို စိုးရိမ်သံတွေ ထွက်ပေါ်လာပါတယ်။ ဒီအကြောင်း အသေးစိတ်သိရဖို့ ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသားတပ်ပေါင်းစု NCCT ခေါ် တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး ညှိနှိုင်းရေးအဖွဲ့ဘက်က အဓိက ဦးဆောင်ဆွေးနွေးတဲ့ KNU ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းကို မေးတဲ့အခါမှာ ဒီတခေါက်မှာ အပြီးသတ်နိုင်မယ်လို့ မထင်ဘူးလို့ ဆိုပါတယ်။

“ဟုတ်ကဲ့ အဲ့ဒီသဘောတော့ သက်ရောက်တာပေါ့နော်။ တချို့အချက်တွေက ကျနော်တို့အနေနဲ့ --- သက်ဆိုင်ရာအဖွဲ့တွေက ထိပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်တွေကလည်း ပြန်ပြီးတော့ သုံးသပ်ဖို့ အဆိုပြုတဲ့အပေါ်မှာ ကျနော်တို့ကလည်း ပြန်ပြီး သုံးသပ်ရမယ်ဆိုပြီးတော့ အဖြေပေးလို့ မရသေးတဲ့အပေါ်မှာ ဒီတကြိမ်တည်းနဲ့တော့ အကုန်လုံး ညှိနှိုင်းလို့ ပြီးပြတ်သွားမှာတော့ မဟုတ်ဘူး။”

ဒါ့အပြင် ဒီအစည်းအဝေးကို ကိုယ်တိုင်တက်ခဲ့တဲ့ တခြား အမည်မဖော်လိုသူ ကိုယ်စားလှယ်တချို့ကလည်း ဒီတခေါက် အပြီးမသတ်နိုင်တာကို သဘောတူကြပါတယ်။ အဲ့ဒီတော့ ဘာကြောင့်အခုလို အပြီးမသတ်နိုင်ဘဲ သဘောထားကွဲလွဲမှုတွေ များလာတာလဲလို့ ဆက်မေးတဲ့အခါမှာ ပဒိုကွယ်ထူးဝင်းက အခု ကျန်နေတာတွေအပြင် အရင် သဘောတူထားပြီးသားတွေကိုပါ အသေးစိတ် ပြန်ဆွေးနွေးနေရလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဒီ မူလက ကျနော်တို့ ကျန်တဲ့ အကြောင်းအရာ အချက်အလက်တွေတော့ ရှိသေးတာပေါ့နော် ဒါပေမဲ့ တော်တော်တော့ နည်းသွားပါပြီ။ ကျနော်တို့ ညှိနှိုင်းဆောင်ရွက်မှုက ဒီတကြိမ်ကတော့ ၆ ကြိမ်မြောက်လို့ ပြောရတာပေါ့နော်။ ဒါ တတိယမူကြမ်းကိုလည်း ကျနော်တို့ အတည်ပြုလို့ ရနေပြီ။ တတိယမူကြမ်းပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ ဆက်လက် ညှိနှိုင်းတော့ တဘက်ကလည်း ဒီအထက်ပိုင်းဆိုင်ရာ ခေါင်းဆောင်တွေကလည်း ပြန်သုံးသပ်ဖို့ အဆိုပြုလာတဲ့အပေါ်မှာ တချို့သဘောတူပြီးသား အချက်တွေပေါ်မှာ ကျနော်တို့ ပြန်သုံးသပ်ရမှာပေါ့။”

ဒါ့အပြင် အမည်မဖော်လိုတဲ့ နောက်ထပ် အစည်းအဝေးတက်ခဲ့သူ တဦးကလည်း အခုကျန်တဲ့ ၅ ချက်က အရင် ဆွေးနွေးဖို့ ခက်ခဲလို့ နောက်ကို ရွှေ့လာတာဆိုတော့ ဒီတခေါက် ဆွေးနွေးဖို့ ခက်နေတာက သိပ်မထူးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ထူးခြားတာကတော့ အရင် သဘောတူပြီးသားလို့ ယူဆထားတဲ့ ကိစ္စတွေမှာ နှစ်ဘက်ယူဆပုံ အတိအကျအသေးစိတ် ကွဲလွဲသွားတာကြောင့် အရင်ဟာတွေကိုပါ ပြန်ဆွေးနွေးနေရတာပါလို့ နှစ်ဘက်ခေါင်းဆောင်တွေက ဆိုပါတယ်။

ဘာကြောင့် အခုလို အရင် သဘောတူခဲ့မှုအပေါ် နှစ်ဘက်အမြင် အတိအကျ မတူတာနဲ့ ဆက်ညှိနှိုင်းရဖို့ ခက်လာတာက ဘာကြောင့်လဲလို့ မေးရာမှာတော့ အမည်မဖော်လိုတဲ့ ဆွေးနွေးပွဲ တက်ရောက်သူတဦးက တပ်မတော်အနေနဲ့ မကြာသေးခင် ရက်ပိုင်းတွေအတွင်းက ကရင်ပြည်နယ်မှာ တိုင်းရင်းသားတွေနဲ့ တင်းမာခဲ့လို့ ဖြစ်တယ်။ အဲ့ဒီထဲမှာ တိုင်းရင်းသားတပ်တွေအနေနဲ့ အစိုးရထိန်းချုပ်နယ်မြေထဲမှာ ယူနီဖောင်းမ၀တ်ဖို့ အစိုးရဘက်က ပြောတာကို အထူးသဖြင့် KNU-KNLA ငြိမ်းချမ်းရေးကောင်စီဘက်ကနေ ပြန်စိန်ခေါ်ခဲ့ တာနဲ့ မြ၀တီဘက်မှာ အပြန်အလှန် ပစ်ခတ်မှုတချို့ ဖြစ်ခဲ့တာတွေကြောင့် အဓိကဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဆွေးနွေးပွဲတက်သူတွေနဲ့ နီးစပ်သူတဦးကလည်း တပ်မတော်အနေနဲ့ အခုလို စားပွဲဝိုင်းမှာ ဆွေးနွေးနေပေမဲ့ မြေပြင်မှာဖြစ်လာတဲ့ ပြဿနာတွေအပေါ် စစ်ရေးအမြင်အရ စိုးရိမ်လွန်လာရာကနေ နောက်ဆုံးမှာ နောက်တိုင်းရင်းသား တပ်ပေါင်းစုတခုဖြစ်တဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီကနေ ဖက်ဒရယ်တပ်မတော်ဖွဲ့ဖို့ လူစုနေတယ်လို့ ကောလဟာလ သတင်းကြားပြီး အခုလို ညှိနှိုင်းပြီးသားတွေနဲ့ ဆက်ညှိနှိုင်းဖို့ ရှိနေတာတွေကို နောက်တွန့်နေလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ အရင်မှန်းထားတဲ့ နောက်တဆင့်ဖြစ်တဲ့ နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲ တက်ဖို့ကတော့ အနည်းဆုံး နောက်ထပ် ၂ လ၊ ၃ လ ရွေ့သွားမှာမို့ အစောဆုံးလုပ်နိုင်ရင် ဒီနှစ်ကုန်မှ ဖြစ်နိုင်မယ်လို့ အစည်းအဝေး တက်ရောက်သူတွေက သုံးသပ်နေပါတယ်။

XS
SM
MD
LG