အမေရိကန်ပုလဲဆိပ်ကမ်းအပေါ် ဂျပန်တို့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၇၅ နှစ်အကြာမှာ အမေရိကန် ရေတပ်သင်္ဘောတွေ နစ်မြုပ်ခဲ့တဲ့နေရာဆီကို ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ အမေရိကန်သမ္မတ Barack Obama တို့ အတူသွားရောက်ခဲ့ကြပါတယ်။
ပုလဲဆိပ်ကမ်းဆီကို ဂျပန်ခေါင်းဆောင်တချို့ အရင်ကသွားခဲ့ဖူးကြပေမဲ့ ပုလဲဆိပ်ကမ်းတိုက်ခိုက်ခံရမှု အထိမ်းအမှတ်လုပ်ထားတဲ့ နေရာဆီကို Shinzo Abe က ပထမဆုံး ဂျပန်ဝန်ကြီးချုပ် တယောက်အနေနဲ့ သမိုင်းဝင်သွားရောက် လွမ်းသူ့ပန်းခွေချခဲ့တာ ဖြစ်ပါတယ်။ အခုလို သွားရောက်မှုကနေ ပြန်လည်သင့်မြတ်မှုရဲ့ တန်ဖိုးတွေကို ဝန်ကြီးချုပ် Abe က ပြသလိုတာ ဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်လက်တင်ပြပါတယ်။
ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ အမေရိကန်သမ္မတ Barack Obama တို့ဟာ ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှုအတွင်း အမေရိကန်ရေတပ်အမှုထမ်း အများဆုံးသေဆုံးခဲ့ရတဲ့ ရေတပ်သင်္ဘော USS Arizona နစ်မြုပ်ခဲ့ရာ USS Arizona Memorial အထိမ်းအမှတ်နေရာဆီကို အတူသွားပြီး လွမ်းသူ့ပန်းခွေ ချခဲ့ကြပါတယ်။ သမ္မတ Obama နဲ့ ဝန်ကြီးချုပ် Abe တို့ အင်္ဂါနေ့အစောပိုင်းကတော့ အရင်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ရေလည်ထဲမှာရှိတဲ့ ပုလဲဆိပ်ကမ်း အောက်မေ့ဘွယ်နေရာဆီ အတူသွားခဲ့ကြတာပါ။ ပုလဲဆိပ်ကမ်းတိုက်ခိုက်ခံရစဉ် သေဆုံးသွားခဲ့တဲ့ အမေရိကန်စစ်သည်တွေရဲ့ နာမည်တွေကို ကဗည်းထိုးထားတဲ့ နေရာရှေ့မှာ ခေါင်းဆောင် ၂ ယောက် လွမ်းသူ့ပန်းခွေတွေ ချခဲ့ကြပြီး ဦးညွတ် ငြိမ်သက်ခဲ့ကြပါတယ်။ ဗုံကြဲတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ ရေတပ်အမှုထမ်း အားလုံးအတွက်ရည်စူးပြီး ပန်းပွင့်လွှာတွေကိုလည်း ခေါင်းဆောင် ၂ ယောက် ရေထဲကို ကြဲချခဲ့ကြပါတယ်။ ကျဆုံးခဲ့တဲ့ အမေရိကန်ရေတပ်စစ်သည်တွေအတွက် ဂျပန်ပြည်သူတွေအစား လွမ်းသူ့ပန်းတွေကြဲခဲ့တယ်လို့ ဝန်ကြီးချုပ် Abe က ပြောကြားပါတယ်။ ပုလဲဆိပ်ကမ်းခရီးစဉ်ဟာ ပြန်လည်သင့်မြတ်ရေးကိုပြသတဲ့ ခရီးစဉ်အဖြစ် ဂျပန်ဝန်ကြီးချုပ်က အလေးထား ပြောခဲ့ပါတယ်။ လွမ်းသူ့ပန်းခွေချအပြီး ဘာသာပြန်ကတဆင့် ခုလို ပြောကြားခဲ့တာပါ။
“သည်းခံနိုင်တဲ့စိတ်ဓာတ်နဲ့ ပြန်လည်သင့်မြတ်ရေးရဲ့ စွမ်းအား ကမ္ဘာကြီးမှာ လိုအပ်နေပါတယ်။ အထူးသဖြင့် အခုအချိန်မှာ လိုအပ်နေပါတယ်။ ဂျပန်နဲ့ အမေရိကန်ကြား အမုန်းတရားတွေကို အဆုံးသတ်ပြီး ဘုံတန်ဖိုးတွေအပေါ် အခြေခံတဲ့ ရင်းနှီးချစ်ကြည်ခင်မှု၊ ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့ပြီး သည်းခံမှုနဲ့ ပြန်လည်သင့်မြတ်ရေးရဲ့ စွမ်းအားကို ကမ္ဘာကို အခုပြသနိုင်ပါပြီ။”
စစ်ပွဲကြောင့်နာကျင်မှုတွေကို ပြန်လည်သင်ြ့မတ်ရေးကနေ ခင်မင်ရင်းနှီးချစ်ကြည်မှုကို ရစေတယ်လို့ သမ္မတ အိုဘားမားကလည်း ပြောကြားခဲ့ပါတယ်။
“အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်နိုင်ငံတို့ဟာ ခင်မင်ရင်းနှီးမှုနဲ့ ငြိမ်းချမ်းမှုကို ရွေးချယ်ခဲ့ကြပါတယ်။ မဟာမိတ်ပြုခဲ့တဲ့အတွက် ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ကျနော်တို့ ၂ နိုင်ငံ ပိုပြီးအောင်မြင်ခဲ့တယ်။ နောက်ထပ် ကမ္ဘာစစ်ပွဲကြီးမဖြစ်အောင် နိုင်ငံတကာအခင်းအကျင်းကို ပြောင်းနိုင်ခဲ့ပါတယ်။ လူပေါင်း သန်းထောင်နဲ့ချီကို ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်အောင် လုပ်နိုင်ခဲ့တယ်။ ဒီကနေ့မှာ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ကြား ဆက်ဆံရေးဟာ ၂ နိုင်ငံဘုံအကျိုးစီးပွားတင်မက ဘုံတန်ဖိုးတွေနဲ့ပါ ခိုင်မြဲနေပါတယ်။”
Honolulu မြို့ဆီကို တနင်္လာနေ့က ရောက်လာတဲ့ ဂျပန်ဝန်ကြီးချုပ်ဟာ အမေရိကန် ကျဆုံးစစ်သည်များရဲ့ စစ်သချိုင်း National Memorial Cemetery of the Pacific အပါအဝင် အထိမ်းအမှတ် နေရာတချို့ဆီကို သွားရောက်ပြီး လွမ်းသူ့ပန်းခွေတွေ ချခဲ့ပါတယ်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်က ပုလဲဆိပ်ကမ်းအပေါ် မမျှော်လင့်ဘဲ တိုက်ခိုက်ခံရပြီးနောက် အမေရိကန်တို့ ဒုတိယကမ္ဘာစစ်ထဲမှာ ပါဝင်လာခဲ့ပြီး ၄ နှစ်အကြာမှာပဲ ဟီရိုရှီးမားမြို့အပေါ် အနုမြူဗုံးကြဲချခဲ့ပါတယ်။ ၂၀၁၆ မေလမှာတော့ အမေရိကန်သမ္မတ Barack Obama က လက်ရှိတာဝန်ထမ်းနေတဲ့ အမေရိကန် သမ္မတတယောက်အနေနဲ့ ဟီရိုရှီမားမြို့ဆီကို ပထမဆုံးသွားရောက်ခဲ့ပြီး ဟီရိုရှီးမားမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဘယ်တော့မှ မေ့ပစ်လို့ မရဘူးလို့ ပြောကြားခဲ့ပါတယ်။ သမ္မတအိုဘားမား ဟီရိုရှီးမားမြို့ကို သွားရောက်ပြီး ၇ လအကြာမှာ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ပုလဲဆိပ်ကမ်း အထိမ်းအမှတ်နေရာကို သွားရောက် ပန်းခွေချတာဖြစ်ပါတယ်။ ပုလဲဆိပ်ကမ်းတိုက်ခိုက်ခံရမှု အထိမ်းအမှတ်နေရာဆီ ခုလို ဂျပန်ဝန်ကြီးချုပ်တယောက် လာရောက်တာဟာ ငြိမ်းချမ်းမှုကို ပြသနေတယ်လို့ ၁၉၄၁ ခုနှစ် တိုက်ခိုက်ခံရစဉ်က ပုလဲဆိပ်ကမ်းမှာ တာဝန်ကျနေတဲ့ ရေတပ်အရာရှိ Alfred Rodrigues က ဆိုပါတယ်။
“ဂျပန်ဝန်ကြီးချုပ်လာတာကို ကျနော်ကတော့ ဝမ်းသာပါတယ်။ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း ရှိတယ်ဆိုတာကို ပြသတဲ့သဘောပါ။”
ပုလဲဆိပ်ကမ်း အထိမ်းအမှတ်နေရာမှာ လွမ်းသူ့ပန်းခွေချခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ဟာ အမေရိကန်စစ်မှုထမ်း ၂ ထောင့် ၃ ရာကျော် သေဆုံးခဲ့ရမှုအတွက် အင်မတန် စိတ်မကောင်းဘူးလို့ ပြောကြားခဲ့ပေမဲ့ ပုလဲဆိပ်ကမ်း တိုက်ခိုက်မှုအတွက် တောင်းပန်စကားတော့ မဆိုခဲ့ပါဘူး။ ဟီရိုရှီးမားမြို့ အနုမြူဗုံးဒဏ်ခံရတဲ့ အထိမ်းအမှတ်နေရာဆီကို အမေရိကန်သမ္မတ အိုဘားမား သွားရောက်ခဲ့စဉ်ကလည်း တောင်းပန်းစကား မဆိုခဲ့ပါဘူး။ အသက် ၉၆ နှစ်ရှိပြီဖြစ်တဲ့ ရေတပ် စစ်ပြန်ကြီး Alfred Rodrigues ကလည်း တောင်းပန်ဖို့ မလိုဘူးလို့ ထင်ပါတယ်။
“ဂျပန်ဝန်ကြီးချုပ်အနေနဲ့ တောင်းပန်သင့်တယ်လို့ ကျနော်ကတော့ မထင်ပါဘူး။ စစ်က စစ်ပဲလေ။ စစ်ပွဲမှာ သူတို့ကလည်း သူတို့ လုပ်စရာရှိတာကို လုပ်တယ်။ ကျနော်တို့ကလည်း ကျနော်တို့လုပ်စရာရှိတာကို လုပ်ခဲ့ကြတာပဲလေ။ သူတို့ကို မလိုမုန်းတီးတဲ့စိတ် ကျနော်မှာ မရှိပါဘူး။”
ပုလဲဆိပ်ကမ်းဆီကို ဂျပန်ဝန်ကြီးချုပ်တချို့ အရင်ကလည်း သွားရောက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ လက်ရှိဝန်ကြီးချုပ် Shinzo Abe ကတော့ ပုလဲဆိပ်ကမ်းတိုက်ခိုက်ခံရမှု အထိမ်းအမှတ်နေရာဆီကို သွားရောက် လွမ်းသူ့ပန်းခွေချတဲ့ ပထမဆုံး ဂျပန်ဝန်ကြီးချုပ် ဖြစ်ပါတယ်။ စစ်အတွင်း ရန်သူတွေဖြစ်ခဲ့ကြပေမဲ့ အမေရိကန်နဲ့ ဂျပန်နိုင်ငံဟာ အခုမဟာမိတ်နိုင်ငံတွေ ဖြစ်ကြတယ်ဆိုတာကို ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရဲ့ ပုလဲဆိပ်ကမ်းသွားရောက်မှုက မီးမောင်းထိုးပြနေတယ်လို့ အိမ်ဖြူတော်က ဖော်ပြပြောဆိုထားပါတယ်။
သမ္မတအိုဘားမားလက်ထက်မှာ ပိုပြီးခိုင်မာခဲ့တဲ့ ဂျပန် အမေရိကန် ဆက်ဆံရေးဟာ သမ္မတသစ် Donald Trump တက်လာတဲ့အခါ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေချိန်မှာ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ပုလဲဆိပ်ကမ်းကို လာရောက်တာဖြစ်ပါတယ်။