သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်သတင်းရယူမှု အစိုးရသတိပေးချက် PEN မြန်မာ ဝေဖန်


PEN Myanmar (Photo by PEN Myanmar)
PEN Myanmar (Photo by PEN Myanmar)

နိုင်ငံတွင်း ထူးခြားတဲ့စစ်ရေးအခြေအနေဖြစ်ပေါ်လာချိန်မှာ အများပြည်သူ သတင်းမှန်သိနိုင်ဖို့ နှစ်ဘက်ကို ဆက်သွယ်ရတဲ့ သတင်း မီဒီယာတွေရဲ့အခန်းကဏ္ဍကို ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ နားလည်သဘောပေါက်သိရှိဖို့လိုတယ်လို့ PEN Myanmar အဖွဲ့က ပြောလိုက်ပါတယ်။ မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ဆက်သွယ်တဲ့ သတင်းသမားတွေ အပေါ် မတရားအသင်းဆက်သွယ်မှုပုဒ်မ (၁၇-၁) နဲ့ ငြိစွန်းနိုင်တယ်လို့ ပြောကြားလာမှုတွေအပေါ် အခုလိုမီဒီယာလွတ်လပ်ခွင့်ရရှိရေး လှုပ်ရှားနေတဲ့ သတင်းသမားတွေက သဘောထားထုတ်ပြန်ပြီး တုံ့ပြန်လိုက်တာပါ။ အပြည့်အစုံ မဆုမွန် တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း စစ်မက်ဖြစ်ပွားရာဒေသတွေမှာ သတင်းရယူတင်ပြနေတဲ့သတင်းသမားတွေကို ခြိမ်းခြောက်မှုတွေ၊ ဖိနှိပ်ဟန့်တားမှုတွေ မရှိစေရေး သတင်းမီဒီယာ တာဝန်ခံအဖွဲ့အစည်းတွေနဲ့ သတင်းသမားတွေ အလေးအနက်ထားဆောင်ရွက်ကြဖို့လိုတယ်လို့ မြန်မာ့စာပေ စာနယ်ဇင်း လွတ်လပ်စွာ ထုတ်ဖော်၊ ရေးသား၊ ပြောဆိုခွင့်တွေကို အစဉ်တစိုက် တောင်းဆိုလှုပ်ရှားနေတဲ့ မြန်မာ့ သတင်းမီဒီယာသမားတွေ၊ စာရေးဆရာ၊ ကဗျာဆရာတွေနဲ့ စုဖွဲ့ထားတဲ့ Pen Myanmar အဖွဲ့က ဒီကနေ့ သဘောထားထုတ်ပြန်ပြီး တောင်းဆိုလိုက်တာပါ။

လတ်တလော အစိုးရတပ်နဲ့ ကိုးကန့်တပ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား စစ်ရေးတင်းမာမှုဖြစ်နေတဲ့အတွက် စစ် အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ထားတဲ့ လောက်ကိုင်ဒေသ စစ်ရေးအခြေအနေတွေကို သတင်းမီဒီယာဌာနတွေဘက်က သတင်းသမားတွေ ကိုယ်တိုင်သွားရောက်သတင်းယူသူရှိသလို ဆက်သွယ်မေးမြန်းမှုတွေရှိနေတာဖြစ်ပါတယ်။ ဒီလိုစစ်အုပ်ချုပ်ရေး ထုတ်ထားတဲ့ အနေအထားမှာ သတင်းသမားတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဆက်သွယ်မေးမြန်းမှုဟာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ (၁၇-၁) နဲ့ ငြိစွန်းနိုင်တဲ့အနေအထားဖြစ်လို့ ဆက်ဆံသင့်-မဆက်ဆံသင့် သတင်းသမားတွေဘက်က စဉ်းစားဖို့လိုတယ်ဆိုတဲ့ ကာကွယ် ရေး ဝန်ကြီးဌာနရဲ့ ပြောဆိုချက်ကို အခုလိုသတင်းလွတ်လပ်ခွင့်တောင်းဆိုနေတဲ့ PEN Myanmar အနေနဲ့ သဘောထား ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။PEN Myanmar ရဲ့ ဥက္ကဋ္ဌ မသီတာ(စမ်းချောင်း) က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ဆွေးနွေးနေတဲ့အချိန်တွေမှာ ဒီဟာက ပယ်ဖျက်ရမယ့်ပုဒ်မ ဆိုပြီးသတ်မှတ်ထားတဲ့အခြေအနေမျိုးပေါ့- အဲလိုမျိုး နားလည်မှုရှိနေတဲ့အခြေအနေမျိုးမှာ သတင်းထောက်တွေအပေါ်မှာကျတော့ ဒီ ၁၇ (၁) ကိုပဲ ထည့်စဉ်းစားရမယ်ဆိုတဲ့ပုံစံမျိုး ပြန်ပြောလာတာက သတင်းထောက်တွေကို တနည်းအားဖြင့် ခြိမ်းခြောက် လိုက်သလို ဖြစ်သွားတယ်ပေါ့။ အဲဒီအတွက်ကြောင့်မို့လို့ ဒီလိုမျိုး တပ်နဲ့ သတင်းထောက်တွေနဲ့ကြားထဲမှာ Code of Conduct ပေါ့၊ စစ်မက်ဖြစ်ပွားနေချိန် ကာလအတွင်းမှာ သတင်းကို ဘယ်လိုရယူမယ်၊ ဘယ်လိုရေးသားမယ် ဆိုတာနဲ့ပတ်သက်တဲ့ Code of Conduct ပေါ်မယ်ဆိုရင်တော့ ဒီလို ခြိမ်းခြောက်ခံရတဲ့အန္တရာယ်တွေ မရှိနိုင်တော့ဘူးလို့ ယူဆတဲ့အတွက်ကြောင့်မို့လို့ တိုက်တွန်းတာပါ။”

အများပြည်သူသိရှိနိုင်အောင် တိုက်ပွဲဆိုင်ရာသတင်းတွေ ထုတ်ပြန်နိုင်ဖို့ရာမှာ အခုလို သတင်းသမားတွေဘက်က တိကျခိုင်မာတဲ့ သတင်း အချက်အလက်တွေရရှိနိုင်ဖို့ ဆက်သွယ်မေးမြန်းမှုဟာ သတင်းသမားရဲ့ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်တဲ့ ဘက်မလိုက် မီဒီယာလုပ်ငန်း အဆင့်ဖြစ်တယ်ဆိုတာ ကာကွယ်ရေးဝန်ကြီးဌာန ရော၊ သတင်းသမားတွေဘက်က သိရှိနားလည်ဖို့လိုတယ်လို့ PEN Myanmar ရဲ့ အတွင်းရေးမှူး ကိုနေဘုန်းလတ်ကလည်း ထောက်ပြပြောဆိုပါတယ်။

“သတင်းသမားတွေနဲ့ပတ်သက်ရင်တော့ ဒီကိစ္စတွေက ခြွင်းချက်အနေနဲ့ထားရမှာပဲလေ။ သတင်းဆိုတာက နှစ်ဘက်မျှအောင်ရေးဖို့အတွက် နှစ်ဘက်လုံးနဲ့တွေ့တာတွေ၊ ကြုံတာတွေ ရှိမှာပဲ။ အဲဒီအခါကျတော့ ဒီကိစ္စက တခြားသူတွေနဲ့- တခြားသူတွေဆိုရင်တော့ ပြဿနာမရှိဘူး။ သတင်းသမားတွေကို ဒီလိုမျိုး တဘက်က အဖွဲ့အစည်းနဲ့တွေ့တာတွေ၊ စကားပြောတာတွေမှာ ပြဿနာရှိတယ်ဆိုရင် - အဲဒါဆိုရင်တော့ ဘယ်လိုမှ သတင်းရေးလို့ ဖြစ်မှာမဟုတ်တော့ဘူး။”

ဒါကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် သတင်းမီဒီယာသမားတွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုတွေ လုပ်ဆောင်လာနေတဲ့ အနေအထားမှာ တပ်မတော်နဲ့သတင်းမီဒီယာကြား သတင်းစီးဆင်းမှု မြန်ဆန်ချောမွေ့နိုင်စေရေး သတင်းသမားတွေအတွက် အာမခံချက်ရှိတဲ့ သတင်းမူဝါဒ(Code of Conduct) ချမှတ်နိုင်တဲ့ မီဒီယာပေါ်ပေါက်လာရေး သတင်း သမားတွေရဲ့တာဝန်ဖြစ်တယ်ဆိုတာကိုလည်း PEN Myanmar က ပြောပါတယ်။

“စစ်ပွဲတွေမှာတောင်ဆိုရင်တောင်မှ ဟိုဘက်ဒီဘက်ကို အဲလိုမျိုး သတင်းသမားတွေကို ကင်းလွတ်ခွင့်ပေးထားရတာပဲလေ။ အဲဒီ သဘော တရားတွေကို နားလည်အောင်၊ သတင်းနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေကနေပြီးတော့ workshop တွေလုပ်တာမျိုး၊ တောင်းဆိုတာမျိုး၊ အဲဒါမျိုးတွေတော့ လုပ်သင့်တယ်။ သတင်းသမားဆိုတာကတော့ သတင်းကျင့်ဝတ်အရ ဘက်လိုက်လို့မရဘူး၊ ဘက်ညီအောင်ရေးမယ် ဆိုရင်တော့ သေချာတယ်၊ ဟိုဘက်ရော၊ ဒီဘက်ရော နှစ်ဘက်လုံးကို တဖြည်းဖြည်းနဲ့ရအောင်ချိတ်ဆက်ပြီး အသံတွေကိုထည့်ရမှာပဲလေ။ သတင်းသမားတွေကို စဉ်းစားမယ်ဆိုရင်တော့ တခြားကိစ္စတွေကိုဘေးဖယ်ပြီးတော့ သတင်းကျင့်ဝတ်တွေကိုပဲ ဦးစားပေးပြီး စဉ်းစားသင့်တယ် ထင်တယ်။”

သတင်းသမားတွေအပေါ် အာဏာပိုင်တွေဘက်က ခြိမ်းခြောက်ဖိနှိပ်မှုတွေ မရှိစေရေး မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ)အပါအဝင် သတင်း မီဒီယာတာဝန်ခံတွေဘက်က အလေးအနက်ထားလုပ်ဆောင်သင့်တယ်လို့ PEN Myanmar က တိုက်တွန်းထားတာဖြစ်ပါတယ်။

XS
SM
MD
LG