သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်-ရုရှား ဆက်ဆံရေးနှင့် ဥရောပလုံခြုံရေး


အမေရိကန်ပြည်ထောင်စုက မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ NATO နဲ့ မိတ်ဘက်ဆက်ဆံရေးမှာ မယိမ်းမရိုင် ထောက်ခံသွားမယ်လို့ ဒုသမ္မတ Mike Pence က ဂျာမနီနိုင်ငံ Munich မြို့မှာ ကျင်းပတဲ့ လုံခြုံရေးညီလာခံမှာ ပြောသွားပါတယ်။ ဒါပေမဲ့လည်း မိတ်ဘက်တွေအနေနဲ့ ကာကွယ်ရေး အသုံးစရိတ်တွေတော့ ပိုတိုးပြီး ပေးသွားရမယ်လို့ သတိပေးထားပါတယ်။

Trump အစိုးရနဲ့ ရုရှားအကြားဆက်ဆံရေးအပေါ် အငြင်းပွားစရာတွေ ဖြစ်နေတဲ့တချိန်တည်းမှာပဲ Mr. Pence ကတော့ ရုရှားနဲ့ ဆက်ဆံရေးအပေါ် ဆက်လက် စောင့်ကြည့်သွားမယ့်အကြောင်း Henry Ridgewell ပေးပို့ထားတဲ့ သတင်းလွှာကို မအိသန့်စင်က တင်ပြထားပါတယ်။

သမ္မတ Trump ရဲ့ သတင်းစကားကို Munich မြို့ဆီ သယ်လာတယ်လို့ ဒုသမ္မတ Pence က ပြောပါတယ်။

“အမေရိကန်က မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ NATO ကို အပြည့်အဝထောက်ခံပြီး အတ္တလန်တိတ်သမုဒ္ဒရာ တဘက်တချက်က နိုင်ငံတွေနဲ့ မိတ်ဘက်ဆက်ဆံရေးကို ဆက်ပြီး ထောက်ပံ့သွားမယ့်အကြောင်း အာမခံချက်ပေးဖို့ ကျနော် ရောက်လာတာပါ။”

ဥရောပမိတ်ဘက်နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုရဲ့ ၂ ရာခိုင်နှုန်းကို ကာကွယ်ရေးကဏ္ဍမှာသုံးပြီး NATO အပေါ် ထောက်ပံ့ကြောင်းပြဖို့ ဒုသမ္မတ Pence က ထပ်ခါထပ်ခါ တောင်းဆိုပါတယ်။

“မိတ်ဘက်နိုင်ငံတွေအနေနဲ့ ကတိတည်ကြဖို့ သမ္မတ Trump က မျှော်လင့်ပြီး အခုချိန်ဟာ မိတ်ဘက်တွေအနေနဲ့ ပိုအားစိုက်ထုတ်ရမယ့် အချိန်ရောက်ပြီလို့ ယူဆပါတယ်။”

ဒီအစည်းအဝေးမတိုင်ခင်တုန်းကတော့ အမေရိကန်နဲ့ ရုရှားဆက်ဆံရေးအပေါ်မှာပဲ အာရုံစိုက်မှုတွေ များခဲ့တာပါ။

“ယူကရိန်းစစ်ရပ်စဲရေးအတွက် ရုရှားနဲ့ ယူကရိန်းကြား ချုပ်ဆိုထားတဲ့ Minsk သဘောတူညီချက်ကို ရုရှားအနေနဲ့ လေးစားဖို့လိုပြီး ယူကရိန်းအရှေ့ပိုင်းက အကြမ်းဖက်မှုတွေ လျော့ကျသွားအောင် ရုရှားအနေနဲ့ လုပ်ဆောင်ဖို့ ရုရှားကို စောင့်ကြည့်ဖို့ လိုပါတယ်။ ရုရှားနဲ့ အမေရိကန်အကြား သဘောတူနိုင်တဲ့အချက်တွေ ရှာနေတဲ့တချိန်တည်းမှာပဲ အမေရိကန်ကတော့ ရုရှားရဲ့ လုပ်ဆောင်ချက်တွေကို ဆက်လက် စောင့်ကြည့်နေမှာကို သိစေချင်ပါတယ်။”

ဒီမိန့်ခွန်းကို နားထောင်အပြီးမှာတော့ ကမ္ဘာမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတဲ့အချိန်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ပြောပါတယ်။

“တာဝန်သိတတ်တဲ့ ခေါင်းဆောင်တွေအနေနဲ့ ရွေးချယ်မှုတွေ လုပ်ရတဲ့အခါမှာ ဒီမိုကရေစီနည်းကျ တရားမျှတတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်မယ်လို့ မျှော်လင့်ပါတယ်။ ကမ္ဘာ့အနောက်ခြမ်းက နိုင်ငံကြီးတွေကပဲ ကြီးစိုးနေတဲ့ခေတ်ကုန်ကာလလို့တောင် ကျနော်တို့ခေါ်ရမှာပါ။”

စစ်ရေးအကြမ်းဖက်မှုတွေ ရှိတယ်ဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ စွပ်စွဲချက်ကို Lavrov က ငြင်းဆိုပြီး အမေရိကန်ရွေးကောက်ပွဲအပေါ် ရုရှားကလွှမ်းမိုးဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ကိစ္စ မမှန်ကြောင်းလည်း ပြောခဲ့ပါတယ်။

“အမေရိကန်နဲ့ ဘယ်လိုဆက်ဆံရေးမျိုး လိုချင်သလဲလို့မေးလာရင် အပြန်အလှန် လေးစားမှုရှိတဲ့ လက်တွေ့ကျတဲ့ ဆက်ဆံရေးမျိုး ရှိစေချင်ပြီး ကမ္ဘာကြီးတည်ငြိမ်ရေးအတွက် ကျနော်တို့ တာဝန်ရှိတယ်ဆိုတာ အသိအမှတ်ပြုဖို့ လိုပါတယ်လို့ ဖြေမှာပါ။”

Munich မြို့အစည်းအဝေးမှာ အမေရိကန်နဲ့ ရုရှား အနာဂတ်ဆက်ဆံရေးအကြောင်းက လူပြောများတဲ့ အကြောင်းအရာ ဖြစ်နေပါတယ်။ ရုရှားဘက်က မြင်တဲ့ အနောက်နိုင်ငံတွေ ကြီးစိုးတဲ့ခေတ်လွန်ကာလ ဆိုတဲ့အတွေးနဲ့ အမေရိကန်သမ္မတရဲ့ NATO ကို အားဖြည့်မယ့် အမြင်နှစ်မျိုးက အတော်ကွာခြားနေတာကို တွေ့နေရပါသေးတယ်။

ခရိုင်းမီးယားကျွန်းစွယ်ကို ရုရှားဝင်သိမ်းဖို့ ဖြစ်စေခဲ့တဲ့ ယူကရိန်းနိုင်ငံ Maidan ရင်ပြင်မှာ ဖြစ်ခဲ့တဲ့ ပုန်ကန်မှု နှစ်ပတ်လည်နေ့က လာမယ့်စနေနေ့မှာ ကျရောက်မှာဖြစ်ပါတယ်။ အတ္တလန်တိတ်သမုဒ္ဒရာ တဘက်တချက်က နိုင်ငံတွေနဲ့ မိတ်ဘက်ဆက်ဆံရေးအပေါ် အမေရိကန်က ထောက်ခံပါ့မလားဆိုတာနဲ့ ပတ်သတ်ပြီးတော့ Munich မြို့အစည်းအဝေးအပြီးမှာ စိုးရိမ်မှုတွေ လျော့နည်းသွားပါပြီ။ ဒါပေမဲ့ ဥရောပအတွင်း ပဋိပက္ခဖြစ်မယ့် အရေးအပေါ်မှာတော့ စိုးရိမ်စိတ်တွေ ရှိနေပါသေးတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG