သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို လိုအပ်ရင်အင်အားသုံး တုံ့ပြန်မည်ဟု ကန်ဒုသမ္မတသတိပေး


နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းမှုတွေကို ထိန်းချုပ်ဖို့ တောင်းဆိုနေတာတွေ ကို မြောက်ကိုရီးယားက အံတုနေတဲ့အပေါ် သည်းမခံနိုင်တော့ကြောင်း ပြောဆိုနေတဲ့ အမေရိကန်သမ္မတ Donald Trump အစိုးရက ခပ်ကြမ်းကြမ်း တုန့်ပြန်မယ့် သဘောထားတွေကို မကြာသေးခင်ကစလို့ ပြောဆိုလာနေကြပါတယ်။

"အမေရိကန်ရဲ့ ပြတ်သားမှုနဲ့ အသင့်အနေအထားကို စိန်ခေါ်ချင်တဲ့သူတွေ သိထားရမှာကတော့၊ ဘယ်လို တိုက်ခိုက်မှုမျိုးကိုမဆို အနိုင်ယူ ချေမှုန်းသွားမှာ ဖြစ်သလို၊ သမားရိုးကျပဲဖြစ်ဖြစ်၊ နျူကလီးယားလက်နက်နဲ့ပဲဖြစ်ဖြစ် အသုံးပြုတိုက်ခိုက်မှုတွေကို အမေရိကန်က အင်အား အလုံးအရင်းနဲ့ ထိထိရောက်ရောက် တုံ့ပြန်သွားမှာဖြစ်ကြောင်း" ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် ဒုသမ္မတ Mike Pence က အမေရိကန် လေယာဉ်တင်သင်္ဘောပေါ်မှာ ဒီကနေ့ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ သတိပေးလိုက်တာ ဖြစ်ပါတယ်။

ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ကင်းစင်ရေး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်အောင် အမေရိကန် အနေနဲ့ ဆက်လက် ကြိုးပမ်းသွားမယ့်အကြောင်း မနေ့တုန်းက တိုကျိုမြို့တော်မှာ ပြောကြားခဲ့ပြီးနောက် ဒုသမ္မတက ထပ်မံပြောကြားခဲ့တာပါ။

ဒီမတိုင်ခင် တောင်ကိုရီးယား နိုင်ငံကို ရောက်ရှိစဉ်မှာလည်း မဟာဗျုဟာကျကျ စိတ်ရှည်သည်းခံခဲ့တဲ့ကာလ ကုန်ဆုံးသွားပြီဖြစ်ကြောင်း၊ သမ္မတဟောင်း Barack Obama ရဲ့ မူဝါဒဟောင်းကို ရည်ညွှန်းပြီး ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ နည်းလမ်းပေါင်းစုံကို စဉ်းစားနေတဲ့ အကြောင်း အမေရိကန် သမ္မတရဲ့ အမျိုးသားလုံခြုံရေး အကြံပေး ဒုတိယဗိုလ်ချုပ်ကြီး H.R. McMaster ကလည်း ABC ရုပ်မြင်သံကြားနဲ့ မေးမြန်းခန်းမှာ ပြောဆိုထားတာပါ။

ဒါပေမဲ့လည်း မြောက်ကိုရီးယားကို စစ်ရေးအရ အရေးယူဖို့ လိုမှာ မဟုတ်ဘူးလို့ မျှော်လင့်ကြောင်းလည်း ဒု-ဗိုလ်ချုပ်ကြီး McMaster က ပြောဆိုခဲ့ပါတယ်။ သမ္မတ Trump ရဲ့ မကြာသေးခင်က Twitter အင်တာနက် လူမှုကွန်ယက်က မှတ်ချက်တွေမှာတော့ မြောက်ကိုရီးယား အစိုးရဟာ ရမ်းကားပြီး ပြဿနာရှာနေတဲ့ အစိုးရတရပ်အဖြစ် ရည်ညွှန်းပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG