သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကန် ဒုသမ္မတ Pence အာမခံ


ဒုတိယသမ္မတ Mike Pence
ဒုတိယသမ္မတ Mike Pence

ဥရောပမှာရောက်နေတဲ့ အမေရိကန်ဒုတိယသမ္မတ Mike Pence က EU ဥရောပသမဂ္ဂနဲ့ NATO မြောက်အတ္တလန်တိတ်စစ်ရေးစာချုပ်အဖွဲ့တို့နဲ့ အမေရိကန်ပြည်ထောင်စုက ဆက်ပြီးပူးပေါင်းဆောင်ရွက်သွားမယ်လို့ အာမခံခဲ့ပါတယ်။ တချိန်ထဲမှာပဲ NATO အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စာချုပ်ထဲမှာသဘောတူထားတဲ့အတိုင်း အဖွဲ့အတွက်ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၁၇ ခုနှစ်မကုန်ခင် တိုးမြှင့်ကြဖို့အတွက်လည်း အမေရိကန်ဒုသမ္မတက Penceကအခိုင်အမာ တိုက်တွန်းခဲ့ပါတယ်။ ဒီအကြောင်းအတွေနဲ့ပါတ်သက်လို့ Belgium နိုင်ငံ Brussels မြို့ကနေ VOA သတင်းထောက် Marthe van der Wolf သတင်းပို့ထားတာကို မစုမြတ်မွန်က တင်ပြပါမယ်။

အမေရိကန်အနေနဲ့ ဥရောပနိုင်ငံတွေနဲ့ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ ဆက်ပြီးပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတဲ့ သမ္မတ Donald Trump ရဲ့သတင်းစကားကိုသယ်ဆောင်ပြီး ဒုသမ္မတ Mick Pence က EU ဥရောပသမဂ္ဂနဲ့ မြောက်အတ္တလန်တိတ်စစ်ရေးစာချုပ်အဖွဲ့ NATO တို့ဆီကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ NATO အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို တနှစ်အတွင်းမှာတိုးမြှင့်ပါဆိုတဲ့ ရာဇသံကိုလည်း အမေရိကန်ဒုသမ္မတ Pence က ပါးခဲ့ပါတယ်။ ဥရောပအနေနဲ့ သူတို့နိုင်ငံတွေရဲ့လုံခြုံရေးကိုအလေးထားတယ်ဆိုရင် NATO အဖဲ့ွအတွက် အသုံးစရိတ်တွေကို မျှဝေခံဖို့လိုအပ်တယ်လို့ Belgium နိုင်ငံ Brussels မြို့တော်မှာ သတင်းထောက်တွေကို ဒုသမ္မတ Pence ကပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ရဲ့ ဘုံရန်ကို ကာကွယ်တဲ့နေရာမှာ မဟာမိတ်နိုင်ငံတွေက ကတိအတိုင်းလိုက်နာဖို့နဲ့ ပိုပြီးအားထုတ်ကြဖို့အတွက် အမေရိကန်သမ္မတနဲ့ အမေရိကန်ပြည်သူတွေက မျှော်လင့်ပါတယ်။ ၂၀၁၇ ခုနှစ်မကုန်ခင် တကယ့်တိုးတက်မှုတွေမြင်လာရဖို့ကို သမ္မတက မျှော်လင့်ထားပါတယ်။"

အမေရိကန်ဖက်က စိတ်ရှည်သည်းခံစိတ် နည်းပါးလာနေပြီလို့လည်း ဒုသမ္မတ Pence ကပြောပါတယ်။ NATO အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တနှစ်ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုး GDP ရဲ့ ၂ ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ်သုံးစွဲရမယ်ဆိုတဲ့ သတ်မှတ်ချက်အတိုင်း အခုနှစ်ကုန်ချိန်အထိ မလိုက်နာခဲ့ရင် အမေရိကန်အစိုးရဖက်က ဘယ်လိုဆောင်ရွက်မှုတွေလုပ်မလဲဆိုတာကိုတော့ သူကမပြောခဲ့ပါဘူး။ အမေရိကန်ရဲ့ စစ်ရေးအရ ထောက်ပံ့ကူညီ အကာအကွယ်ပေးမှုအပေါ် ဥရောပနိုင်ငံတွေဖက်က အားကိုးလာခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။

NATO အဖွဲ့ရဲ့အားထုတ်မှုအပေါ် သမ္မတ Trump ကမေးခွန်းထုတ်နေပေမဲ့ ဥရောပအရှေ့ပိုင်းနယ်စပ်တွေမှာ အမေရိကန်တပ်သားတွေ ဖြန့်ချထားရေးကိုလည်း ဆောင်ရွက်နေပါတယ်။ ခုလိုနေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ အမေရိကန်က ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့အာမခံချက်ကို ဒုသမ္မတကပေးခဲ့သလို၊ EU ဥရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်သွားဖို့ အမေရိကန်သမ္မတသစ်က အခိုင်အမာဆုံးဖြတ်ထားတဲ့အကြောင်း ဒုသမ္မတ Mike Pence ကဥရောပမှာ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ကြား ဘယ်လိုကွဲပြားမှုတွေပဲရှိနေပါစေ၊ အမေရိကန်နဲ့ ဥရောပတိုက်ကြားမှာ တူညီတဲ့အမွေအနှစ်တွေ၊ တန်ဖိုးတွေအပြင်၊ လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကနေ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကို မြှင့်တင်မယ်ဆိုတဲ့ တူညီတဲ့ ရည်ရွယ်ချက်တွေရှိကြပါတယ်။ ဒီရည်ရွယ်ချက်တွေကြောင့် အမေရိကန်က ဆက်ပြီးလက်တွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။"

အမေရိကန်ဒုသမ္မတ Mike Pence နဲ့ EU ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk တို့ တနင်္လာနေ့က တွေ့ဆုံဆွေးနွေးမှုအတွင်း နိုင်ငံတကာ နိုင်ငံရေးဇတ်ခုံမှာဖြစ်နေတဲ့ အခြေအနေတွေ၊ လုံခြုံရေးကိစ္စနဲ့ EU အပေါ်အမေရိကန်အစိုးရသစ်ထားရှိတဲ့ သဘောထားတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ပွင့်ပွင့်လင်းဆွေးနွေးမှုအတွင်း ဥရောပညီညွတ်ရေးအပေါ် အမေရိကန်ရဲ့ ထောက်ခံမှုအာမခံချက်ရရှိခဲ့တယ်လို့ Mr. Tusk ကဆိုပါတယ်။

"အနောက်နိုင်ငံတွေမှာ စည်းလုံးညီညွတ်မှုမရှိတော့ဘူးဆိုတဲ့ သတင်းတွေဟာ အင်မတန်ချဲ့ကားဖော်ပြနေကြတာဖြစ်တယ်ဆိုတာကို ကျွန်တော်ရှင်းရှင်းပြောပါရစေ။ ညီညွတ်မှုကို ပျက်ပြားအောင်လုပ်ချင်သူတွေ၊ post-West အခြေအနေလို့ဆိုပြီး နိုင်ငံစုံအဖွဲ့လိုက်ရပ်တည်မှုကနေ တနိုင်ငံချင်းစီသဘောထားပြသလာကြမယ့် အခြေအနေမျိုး လိုလားနေကြသူတွေကို သိအောင်ပြောချင်တာက၊ ကျွန်တော်တို့ဖက်က စည်းလုံးညီညွတ်မှု မပြိုကွဲစေရဘူးဆိုတဲ့ ကတိသဓိဌာန်တွေ ခိုင်မာနေဆဲဖြစ်တယ်ဆိုတာပါ။"

EU ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံနှုတ်ထွက်ဖို့ဆုံးဖြတ်ချက်ကို အမေရိကန်သမ္မတ Donald Trump ကထောက်ခံခဲ့သလို တခြားနိုင်ငံတွေလည်း ထွက်သင့်တယ်ဆိုတာမျိုး ပြောကြားခဲ့တာကြောင့် EU အဖွဲ့ဝင်နိုင်ငံတွေကြား စိုးရိမ်မှုတွေ ရှိနေကြချိန်မှာ EU စည်းလုံးရေးကို အမေရိကန်က ထောက်ခံတယ်ဆိုတာကို အမေရိကန်ဒုသမ္မတက ဥရောပမှာ အာမခံပြောခဲ့တာဖြစ်ပါတယ်။ သမ္မတ Trump အနေနဲ့ လာမယ့်နွေဦးပေါက်ကျရင် Brussels မြို့မှာကျင်းပမယ့် NATO ထိပ်သီးညီလာခံကို တက်မယ်လို့ မျှော်လင့်ရပါတယ်။

NATO နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကန် ဒုသမ္မတ Pence အာမခံ
please wait

No media source currently available

0:00 0:04:34 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG