သုံးရလွယ်ကူစေသည့် Link များ

ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာအနီးက ကျောက်စိမ်း လုပ်ကွက်မှာ မြေပြိုကျ တာကြောင့် အနည်းဆုံး လူ၁၃ယောက် သေဆုံးခဲ့ပါတယ်။ ဒီမြေပြိုမှုဟာ အစိုးရသစ် ရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဖားကန့်ဒေသကို သွားရောက်ပြီး ၃ရက်အကြာမှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖားကန့်ဒေသမြေပြိုမှုဟာ ကြာသပတေးနေ့ ညပိုင်းမှာ ဖြစ်ပွားခဲ့ တာ ဖြစ်ပြီး မြေပိ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ဒီကနေ့မနက်မှာမှ ရှာဖွေ တူးဖော်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ ဖားကန့်မြို့နယ်အတွင်း မြေပြိုတာကြောင့် ထိခိုက်သေဆုံးတဲ့အခြေအနေကို မြို့နယ်ရဲစခန်းက တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

" ဖြစ်တာကတော့ မနေ့က ညက ၉နာရီ ၁၅လောက်ကပေါ့နော်။ ၉နာရီ ၁၅ လောက် မှာ မြေစာပုံပြိုတယ်။ မြေစာပုံပြိုတော့ ညတွင်းချင်း ရှာတော့ အလောင်းတွေကို လုံးဝ မတွေ့ရဘူး မြေစာတွေ မြုပ်နေတော့။ ဒီကနေ့ မနက်ကျမှ ဌာနဆိုင်ရာနဲ့ ကျနော်တို့ ဒီနေ့ တာဝန်ရှိသူတွေ ပုဂ္ဂိုလ်တွေနဲ့ ဘက်ဖိုးလေးစီးနဲ့ ရှာတာပေါ့နော်။ ရှာတဲ့အခါကျတော့ အားလုံး ၁၃လောင်း တွေ့တာပေါ့နော်။ အခု လတ်တလော တွေ့တာတွေကို ဆေးရုံပို့ပြီး ဆောင်ရွက်နေတယ်ခင်ဗျ။ သေမှုသေခင်းဖွင့်ဖို့ ကျနော်တို့ ဆောင်ရွက်နေပါတယ်။"

ဖားကန့်ဒေသက အလွတ်သတင်းထောက် ကိုဇော်မိုးထက်ကတော့ ဒီတကြိမ်မြေပြိုတာဟာ အရင်အခါတွေလို စွန့်ပစ်မြေစာပုံပြိုကျတာ မဟုတ်ဘူးလို့ ပြောပါတယ်။

" အခုဟာက ကုမ္ပဏီ လုပ်ကွက်တွေထဲမှာကို လုပ်ငန်းဧရိယာနဲ့ နည်းနည်း လွတ်ကင်းတဲ့ ဧရိယာတွေမှာ တပိုင်တနိုင် တူးယူခွင့် ပြုထားတယ်ပေါ့။ အဲ့လိုတူးယူကြရင်းနဲ့မှ သူတို့နောက်မှာ ရှိတဲ့ ပေသုံးရာလောက်ရှိတဲ့ ကျောက်ကမ်းပါး ပြိုကျတာပေါ့နော်။ ပြိုကျတဲ့နေရာမှာ နှစ်ခါပြိုကျတယ်။ ပထမ တခါပြိုကျ လိုက်တဲ့အခါမှာ လူနည်းနည်းပါးပါး ပိသွားတဲ့အခါကျတော့ ဘေးနားမှာ ရှိတဲ့ ကျင်းတူးနေတဲ့သူတွေက လာပြီးတော့ ဖော်ကြ၊ ဆွဲကြတာပေါ့နော်။ အဲ့လိုလုပ်နေတဲ့ အချိန်မှာ ဒုတိယအကြိမ် ထပ်ပြိုတဲ့အခါမှာ မြေပိတဲ့သူ များသွားတာပေါ့နော်။ အခုဟာက မြေစာပြိုတာ မဟုတ်ဘူး ကျင်းကမ်းပါး ပြိုတဲ့အတွက် မြေစာကလည်း အရမ်းမများပါဘူး။ မများတဲ့အတွက်ကြောင့် ဖော်တာလည်း ခနနဲ့ ပြီးသွားတယ်ပေါ့နော်။"

သေဆုံးသူ စုစုပေါင်း ၁၄ယောက်ရှိတယ်လို့လည်း ကိုဇော်မိုးထက်က ပြောပါတယ်။

" ညကတော့ သုံးယောက်၊ အပြင်းအထန် ဒဏ်ရာရတဲ့အခါကျတော့ ဖားကန့်ဆေးရုံဘက်ကို သယ်သွားတယ်။ ဖားကန့်မှာ မသက်သာတဲ့အခါ ကျတော့ မြစ်ကြီးနားကို သွားဖို့ လုပ်တဲ့အချိန်မှာ လမ်းမှာ တယောက် သေ သွားတယ်ပေါ့။ ဒီမနက်ကျမှ မယက အပါအဝင် ရဲ၊ မီးသတ်၊ ကြက်ခြေနီပေါ့နော်။ လာပြီးတော့ ဖော်ကြရင်းနဲ့မှ အလောင်း(၁၃) လောင်း တွေ့ရ တယ်ပေါ့။ မြစ်ကြီးနားဆေးရုံသွားရင်း လမ်းမှာ သေတဲ့တယောက်ရယ် လက်ရှိ ဒီမနက်မှာ တူးဖော်တွေ့ရှိတဲ့ (၁၃)လောင်းရယ် ဆိုတော့ ၁၄လောင်း ကျတာပေါ့။ "

ဖားကန့်ဒေသမှာ စက်ယန္တယားကြီးတွေ နဲ့ ကျောက်စိမ်း တူးဖော် တာတွေ ဆောင်ရွက်ခဲ့တဲ့နောက် စွန့်ပစ်မြေစာပုံပြိုကျတာ၊ စွန့်ပစ်မြေစာတင် ကားတွေနဲ့ မတော်တဆယာဉ်တိုက်မှုဖြစ်တာကြောင့် လူတွေထိခိုက်သေဆုံး တာအပြင် စွန့်ပစ်မြေစာတွေကြောင့် ဥရုချောင်းတိမ်ကော လာပြီး နှစ်စဉ် မိုးရာသီမှာ ရေလွှမ်းတာတွေ မကြာခနဖြစ်ပွားခဲ့ပါတယ်။ ဒီလို လူတွေသေဆုံးရတာနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်တာကြောင့် ဒေသခံတွေက ဆန္ဒပြတာတွေရှိပေမဲ့ အခုချိန်ထိတော့ အရေးယူဆောင်ရွက်နိုင်တာ မရှိသေးပါဘူး။

ဒီလဆန်းပိုင်းတုံးကတော့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း ဖားကန့်ဒေသကို ၃ရက်ကြာ လာရောက်ခဲ့ပြီး ကျောက်စိမ်း တူးဖော်မှု အခြေအနေတွေကို လေ့လာ စုံစမ်းပါတယ်။ လောလောဆယ် မှာတော့ ကျောက်စိမ်း အလွန်အကျွံ တူးဖော်တာနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ကျောက်မျက် ဥပဒေကို ပြန်လည်ပြင်ဆင်ပြီး နည်းဥပဒေထွက်လာမှ တိတိကျကျ အရေးယူဆောင်ရွက်နိုင် မှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

ဖားကန့်ဒေသတွင်း မြေပြိုမှုတွေထဲမှာတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ မှာ ဖြစ်ပွားတဲ့ မြေစာပုံပြိုကျမှုဟာ အဆိုးဆုံးဖြစ်ပြီး သေဆုံးသူရုပ်အလောင်း ၁၁၄ လောင်းတွေကို တူးဖော်ရရှိခဲ့ပါတယ်။

XS
SM
MD
LG