သြစတြေးလျနိုင်ငံက စိစစ်ပြီး စေလွှတ်မယ့် ဒုက္ခသည်တွေကို သူတို့နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် မပေးနိုင်ဘူးလို့ ဖိလစ်ပိုင်သမ္မတ Benigno Aquino က ပြောပါတယ်။
ဒုက္ခသည်တွေကို လက်ခံဖို့ သြစတြေးလျရဲ့ ကမ်းလှမ်းချက်ကို သူတို့အနေနဲ့ လေ့လာပြီး အလေးအနက်ထား စဉ်းစားနေတယ်လို့ သမ္မတ အကွီနိုက ပြောပါတယ်။ ဒါပေမဲ့ ထည့်သွင်း စဉ်းစားရမယ့်အချက်အလက်တချို့ ရှိနေသေးတယ်လို့ သမ္မတ အကွီနိုက သတင်းထောက်တွေကို ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့ လူဦးရေဟာ သူတို့ထက် သိသိသာသာ များပြားတယ်ဆိုတာ သြစတြေးလျအနေနဲ့ အသိအမှတ်ပြုသင့်ကြောင်း၊ လက်ရှိ အနေအထားအရ ဖိလစ်ပိုင် ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ လိုအပ်ကြောင်း၊ အကူအညီပေးချင်ပေမဲ့ သူတို့အနေနဲ့ ဘယ်လောက်အထိ အကူအညီ ပေးနိုင်မလဲဆိုတာနဲ့ ပတ်သက်လို့ ကန့်သတ်မှုတွေ ရှိနေတယ်လို့ သမ္မတ အကွီနိုက ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံက လူဦးရေ သန်းတရာရဲ့ လေးပုံတပုံလောက်ဟာ ဆင်းရဲနွမ်းပါးမှု စံသတ်မှတ်ချက်ရဲ့အောက်မှာ နေထိုင်နေကြရတာပါ။
သြစတြေးလျနိုင်ငံက ပြန်လည် နေချထားမယ့် ဒုက္ခသည်တွေကို ဖိလစ်ပိုင်က လက်ခံပေးထားရင် ငွေကြေးအရ အထောက်အပံ့ပေးမယ့် အစီအစဉ်ကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအကြား ဆွေးနွေးနေကြောင်း သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးက အခုလ အစောပိုင်းမှာ ပြောခဲ့ပါတယ်။
အလားတူပဲ သြစတြေးလျ ဒုက္ခသည်တွေကို ကမ္ဘောဒီးယားနိုင်ငံက လက်ခံခဲ့တဲ့အထဲ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် ၂ ဦးလည်း ကမ္ဘောဒီးယားမှာ ရွှေ့ပြောင်း နေထိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် အီရန်၊ အာဖဂန်နစ္စတန်နဲ့ တခြား နိုင်ငံတွေက ဒုက္ခသည်တွေဟာ သြစတြေးလျနိုင်ငံမှာ အခြေချ နေထိုင်နိုင်ဖို့ မျှော်လင့်ချက်နဲ့ လွန်ခဲ့တဲ့ နှစ်အနဲငယ်အတွင်း ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။