ဖိလစ်ပိုင် အစိုးရက မော်ဝါဒီ သူပုန်တွေနဲ့ အပစ်အခတ် ရပ်စဲရေးကို ပြန်လည် အသက်သွင်းမယ်လို့ အကြီးတန်း အရာရှိ တဦးက ပြောဆိုလိုက်ပါတယ်။ အစိုးရဘက်က တဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို သတ်မှတ်ထားတဲ့ နောက်ဆုံးနေ့ အထိ သူပုန်တွေဘက်က တုံ့ပြန်ခဲ့ခြင်း မရှိတာကြောင့် သမ္မတ Rodrigo Duterte က တဖတ်သတ် အပစ်ရပ် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ၆ ရက်အကြာ စနေနေ့က ပြန်ရုပ်သိမ်းလိုက်တာပါ။
နောက်လအတွင်း နော်ဝေနိုင်ငံ အော်စလိုမြို့မှာလုပ်မယ့် တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမတိုင်ခင် သဘောထားကောင်းပြဖို့ ရည်ရွယ်ပြီး အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့တာပါ။
ဖိလစ်ပိုင် ကွန်မြူနစ်ပါတီရဲ့ တနင်္ဂနွေနေ့ ထုတ်ပြန်ချက်ထဲမှာတော့ ပါတီအနေနဲ့ တဖက်သတ် အပစ်အခတ်ရပ်စဲရေးကို သီးခြားကြေညာ လိုပေမယ့် လာမယ့် သြဂုတ်လ ၂၀ ရက်နေ့မှာ ဖိလစ်ပိုင် သမ္မတ Duterte အစိုးရနဲ့ တပြိုင်တည်း ကြေညာလိုတယ်လို့ ပြောပါတယ်။ သမ္မတရဲ့ ငြိမ်းချမ်းရေး အကြံပေး Jesus Dureza ကတော့ ကွန်မြူနစ်ပါတီရဲ့ ကြေညာချက်ဟာ ကျနော်တို့ စောင့်ဆိုင်းနေတဲ့ အချက် ဖြစ်ပါတယ်လို့ ပြောဆိုပါတယ်။ သူပုန်တို့ရဲ့ ကြေညာချက်ဟာ နောက်ကျပေမယ့် မဟာဗျူဟာကျနေဆဲ ဖြစ်တယ်လို့ ပြောဆိုပြီး ဒီကြေညာချက်က စောင့်ဆိုင်းခဲ့ရတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့လည်း သမ္မတရဲ့ ငြိမ်းချမ်းရေး အကြံပေးက ပြောဆိုပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုတော့ နော်ဝေနိုင်ငံမှာ လာမယ့် သြဂုတ်လ ၂၀ ရက်နေ့ကျရင် ပြန်လည်စတင်မှာ ဖြစ်ပါတယ်။