တောင်တရုတ်ပင်လယ် ရေပြင်နယ်နိမိတ် ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာ ခုံသမာဓိရုံးရဲ့ဆုံးဖြတ်ချက် ထွက်ထားပြီးတဲ့ နောက်ပိုင်း တရုတ်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံအကြား တိုက်ရိုက်ဆွေးနွေးပြောဆိုဖို့ ဆန္ဒရှိကြတယ်ဆိုတာကြောင့် အားတက်မိတဲ့ အကြောင်း အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီဟာ ဒီကနေ့ မနီလာမြို့တော်မှာရောက်နေပြီး ဖိလစ်ပိုင်သမ္မတ Rodrigo Duterte အပါအ၀င် ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးပါတယ်။ ရေပြင်နယ်နိမိတ် ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ The Hague မြို့ အခြေစိုက်တရားရုံးရဲ့ဆုံးဖြတ်ချက် ထွက်ထာသလို အဲဒီဆုံးဖြတ်ချက်ကို တရုတ်ဘက်က ကန့်ကွက်ထားခဲ့ပြီးတဲ့နောက်ပိုင်း ဖိလစ်ပိုင်သမ္မတနဲ့ ၀န်ကြီးကယ်ရီတို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးကြတာပါ။
ဒီကိစ္စကို သံတမန်ရေးနည်းလမ်း၊ နှစ်နိုင်ငံချင်း၊ နိုင်ငံစုံ စေ့စပ်ညှိနှိုင်း လုပ်ဆောင်သွားကြပြီး ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းတွေ လုပ်သွားကြဖို့ တရုတ်နဲ့ ဖိလစ်ပိုင်အပါအ၀င် သက်ဆိုင်တဲ့နိုင်ငံတွေအားလုံးကို အမေရိကန်က အားပေး တိုက်တွန်း ပါတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Perfecto Yasay နဲ့ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ၀န်ကြီးကယ်ရီက ပြောခဲ့ ပါတယ်။
မစ္စတာကယ်ရီရဲ့ အခု ဖိလစ်ပိုင်ခရီးစဉ်အပေါ် ရာနဲ့ချီတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေ ကန့်ကွက်တဲ့အနေနဲ့ မနီလာမြို့တော်က အမေရိကန်သံရုံးကို ဒီကနေ့ ဆန္ဒပြချီတက်ကြပါတယ်။ အမေရိကန်တပ်ဖွဲ့တွေ အခုထွက်သွားဆိုတဲ့ ကြွေးကျော်သံတွေ အော်ဟစ်ပြီး ဆိုင်းဘုတ်တွေကိုင်ထားတဲ့ ဆန္ဒပြသူတွေကို သံရုံးနားမှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က တားဆီးခဲ့ပါတယ်။