သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မှားယွင်းပစ်ခတ်မှုကြောင့် ဖိလစ်ပိုင်စစ်သား ၁ဝဦး သေဆုံး


 ဖိလစ်ပိုင်စစ်တပ်
ဖိလစ်ပိုင်စစ်တပ်

ဖိလစ်ပိုင်တောင်ပိုင်း Marawi မြို့က IS အစွန်းရောက်အဖွဲ့နဲ့ ဆက်စပ်လှုပ်ရှားနေတဲ့ အကြမ်းဖက်သမားတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်မှုအတွင်း မှားယွင်းပစ်ခတ်မှုကြောင့် ဖိလစ်ပိုင် တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရသွားတယ်လို့ ဖိလစ်ပိုင် စစ်ဖက်က ဒီကနေ့ ကြာသပတေးနေ့မှာ ကြေညာပါတယ်။

အကြမ်းဖက်သမားတွေ တည်ရှိရာကို တိတိကျကျ မပေးနိုင်တာကြောင့် ကိုယ့်လူ ကိုယ်ပြန်ပစ်မိရက်သား ဖြစ်သွားတယ်လို့ ကာကွယ်ရေးဝန်ကြီး Delfin Lorenzan က သတင်းထောက်တွေကို ပြောပါတယ်။

ဖိလစ်ပိုင် တပ်ဖွဲ့ဝင်တွေနဲ့ စစ်သွေးကြွတွေ မြေပြင်မှာ ရင်ဆိုင်တိုက်နေချိန်အတောအတွင်း လေကြောင်းကနေ အကြိမ်ကြိမ်အဖန်ဖန် ပစ်ကူပေးခဲ့ရာကနေ တပ်ဖွဲ့ဝင်အချင်းချင်း မှားယွင်းပစ်ခတ်မိတာပါ။

ဖိလစ်ပိုင်နိုင်ငံက IS ခေါင်းဆောင်ဆိုသူ Isnilon Hapilon ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးဖို့ ကြိုးစားရာကနေ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းထဲက Marawi မှာ တိုက်ပွဲတွေ ဖြစ်ပွါးနေတာပါ။ အကြမ်းဖက်သမားတွေဟာ Marawi မြို့ အစိတ်အပိုင်းတချို့ကို သိမ်းပိုက်ထားသလို ဓါးစာခံတွေကိုလည်း ဖမ်းဆီးထားပါတယ်။ Hapilon ဟာ အမေရိကန်ကဖမ်းဆီးဖို့ အလိုလားဆုံး စာရင်းထဲမှာပါဝင်ပြီး သူ့ကို ဖမ်းမိလျင် ဒေါ်လာ ၅ သန်း ပေးအပ်မယ်ဆိုပြီး ကြေညာထားတာပါ။

Marawi မြို့က တိုက်ခိုက်မှုအတွင်း စစ်သွေးကြွ ၉၅ ဦးထက်မနည်း သေဆုံးသလို လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ နဲ့ အရပ်သား ၁၉ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ အကြမ်းဖက်သမားတွေထဲက ၈ ဦးဟာ နိုင်ငံခြားသားတွေဖြစ်ပြီး Chechen နဲ့ အာရပ် နိုင်ငံတွေက ဖြစ်တယ်လို့ Lorenzana က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG