သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒူတာတေးရဲ့ အမေရိကန်ဆန့်ကျင်ရေး မှတ်ချက် ဖိလစ်ပိုင်ပြည်သူတွေအကြား စိုးရိမ်


ဖိလစ်ပိုင်သမ္မတ Rodrigo Duterte မိန့်ခွန်းပြောစဉ်။ ( အောက်တိုဘာ ၂၀၊ ၂၀၁၆)
ဖိလစ်ပိုင်သမ္မတ Rodrigo Duterte မိန့်ခွန်းပြောစဉ်။ ( အောက်တိုဘာ ၂၀၊ ၂၀၁၆)

အမေရိကန်ဆန့်ကျင်ရေး မှတ်ချက်စကားတွေကို ဖိလစ်ပိုင်သမ္မတသစ် ရိုဒရီဂို ဒူတာတေး လတ်တလောပြောဆိုခဲ့ပေမယ့်လည်း အမေရိကန်ရဲ့ စစ်ဘက် အကူအညီတွေကို ဖိလစ်ပိုင် ပြည်သူတွေက တခဲနက် ဆက်ပြီးထောက်ခံနေကြသလို နယ်မြေပိုင်ဆိုင်မှုအငြင်းပွါးနေတဲ့ တောင်တရုတ် ပင်လယ်အရေးနဲ့ပတ်သက်လို့ တရုတ်နဲ့မဟာမိတ်ဖွဲ့ဖို့ သမ္မတ ဒူတာတေးရဲ့တင်ပြချက်အပေါ် စိုးရိမ်မှုအချို့ရှိနေ တာကို သဘောထားကောက်ယူမှုတွေကဖော်ပြပါတယ်။

စီးပါွးရေးကျဆင်းလာနေတဲ့ ဖိလစ်ပိုင်နိုင်ငံအတွက်တရုတ်ဆီက စီးပါွးရေး အကူအညီတွေရရေး ဆွေးနွေးဖို့ ဒီသီတင်းပတ်အတွင်း တရုတ်နိုင်ငံကို မစ္စတာ ဒူတာတေး အလည်အပတ်ရောက်ရှိနေတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုရော၊ စီးပွားရေးဆက်ဆံမှု မဟာမိတ်အဖြစ်ကပါ ခွဲထွက်လိုတယ်ဆိုပြီး သမ္မတ ဒူတာတေးက ကြာသပတေးနေ့ မှာပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံတွင်း ဥပဒေမဲ့ သတ်ဖြတ်ပြီး မူးယစ်ဆေး ဝါးနှိမ်နှင်းရေး လုပ်ငန်းတွေ အပေါ် အမေရိကန်ပြည်ထောင်စုရဲ့ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးတဲ့နောက် သမ္မတ ဒူတာတေး ရဲ့ခုလိုပြောဆိုမှုတွေ ထွက်ပေါ်လာတာပါ။

ဒီပြောဆိုချက်ကို စီးပွားရေး လုပ်ငန်းရှင်အသိုင်းအဝိုင်းနဲ့ တရုတ်အစိုးရ တာဝန်ရှိသူတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။ နှစ်တွေနဲ့ချီ မတည်မငြိမ်ဖြစ်နေခဲ့တဲ့ တရုတ်နဲ့ ဖိလစ်ပိုင်တို့ရဲ့နှစ်နိုင်ငံကြားဆက်ဆံရေးတွေ တိုးတက်လာစေဖို့ တရုတ်နိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ရောက်ချိန်မှာ မစ္စတာဒူတာတေးကို တရုတ်တို့က ကော်ဇောနီခင်းပြီးကြိုဆိုခဲ့ပါတယ်။

မစ္စတာ ဒူတာတေးကို တရုတ်သမ္မတ ရှီက ဥပဒေပြု လွှတ်တော်ခန်းမရှေ့မှာ စစ်ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြာသပတေးနေ့က ကြိုဆိုခဲ့တာဖြစ်ပါတယ်။

အငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့ တရုတ်တို့ဘက်က စတင်ပြောဆိုတာမျိုး မရှိရင် သူ့ဘက်ကလည်း ဒီအကြောင်း ပြောမှာမဟုတ်ပဲ ဒါဟာ အိမ်ရှင်နိုင်ငံကို အရိုအသေပြုတဲ့ သဘောဖြစ်တယ်လို့ ခရီးစဉ်မစတင်ခင် မစ္စတာ ဒူတာတေးကပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG