သုံးရလွယ်ကူစေသည့် Link များ

၂၁ ရာစုပင်လုံညီလာခံ ကျင်းပရေး မူဝါဒလမ်းညွှန်မှု ၄ ရပ် ဒေါ်စုဆွေးနွေး


ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (Photo- Myanmar State Counsellor FB )

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီကနေ့တက်ရောက်ခဲ့ပြီး ညီလာခံနဲ့ပတ်သက်လို့ မူဝါဒ လမ်းညွှန်ချက် ၄ရပ်ကို အဓိကဆွေးနွေးခဲ့ပါတယ်။ ဒီမူဝါဒ ၄ရပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး ပါဝင်ရေးကို အလေးထား ဆွေးနွေးခဲ့တာကြောင့် ညီလာခံဟာ သတ်မှတ်ထားတဲ့ သြဂုတ်လမကုန်မီအတွင်း မြန်မြန်ဆန်ဆန်ကျင်းပနိုင်ဖွယ်ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီလ ၃ ရက်နေ့ကနေ ၆ ရက် နေ့အထိ နေပြည်တော်မှာ ကျင်းပနေရာမှာ တတိယမြောက်နေ့မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပါဝင်တက်ရောက်ပြီး ၃နာရီကြာ အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာတော့ အရင်လ ၂၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းထားတဲ့အတိုင်း ၂၁ရာစုပင်လုံကို သြဂုတ်လ မကုန်မီ ကျင်းပနိုင်ရေးကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ဒီကနေ့ အဓိက အချက် ၄ ချက်အပေါ်မှာ ဆွေးနွေးခဲ့ကြောင်း အခုလို ပြောပါတယ်။

“အဓိကတော့ ကျနော်တို့ ခေါင်းစဉ် ၄ ခု ဆွေးနွေးတယ်ခင်ဗျ။ ဒီညီလာခံကို ကျနော်တို့ ကျင်းပနိုင်ဖို့အတွက် လိုအပ်တဲ့အစိုးရဘက်ကဟာတွေ ဆွေးနွေးပါတယ်။ နံပတ် ၂ ကတော့ ဒီညီလာခံကို ကျနော်တို့ဖိတ်ခေါ်ထားတာတွေ၊ ကျနော်တို့ဘက်က ပြင်ဆင်တာတွေ အပေါ်မှာ သူ့အနေနဲ့ဆွေးနွေးပြီးတော့ ကျနော်တို့ကို မှတ်ချက်နဲ့ပေါ့နော် လမ်းညွှန်မှုပေးတယ်။ တတိယ အချက်ကတော့ ဒီညီလာခံမှာ လက်မှတ်မထိုးတဲ့သူ၊ ထိုးတဲ့သူတွေရော ဒီပါဝင်နိုင်ဖို့အတွက် လုပ်ငန်းစဉ်တွေကို ကျနော်တို့ဆွေးနွေးပြီးတော့ မူဝါဒပေးတာတွေရှိတယ်။ နံပတ် ၄ ကတော့ Process ကြီးတခုလုံးနဲ့ပတ်သက်တဲ့ ဆွေးနွေးချက်တွေပေါ့လေ ဒီ ၄ ခုကို ကျနော်တို့ ဒီနေ့ဆွေးနွေးတာရှိပါတယ်။”

အထူးသဖြင့် NCA လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့တွေအားလုံးပါဝင်ရေးအတွက် ဆွေးနွေးညှိနှိုင်းတာတွေ ရှိခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။

“အထူးသဖြင့်တော့ လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့တွေ ပါဝင်လာနိုင်ဖို့အတွက်ကိုတော့ အဓိကအလေးထား ဆွေးနွေးခဲ့တာရှိပါတယ်။ ပထမအဆင့်ကတော့ လက်မှတ်မထိုးသည်ဖြစ်စေ၊ ထိုးသည်ဖြစ်စေ frame work review လုပ်တဲ့ကိစ္စနဲ့ frame work ကို drafting ပေါ့လေ စာကြမ်းရေးတဲ့ကိစ္စတွေမှာတော့ အားလုံးကို ပါဝင်ခွင့် ပြုခွင့်ဆိုတာတော့ နဂို လက်မှတ်ထိုးထားတဲ့ ခေါင်းဆောင် ၈ ဖွဲ့ကော ၊ ကျနော်တို့အစိုးရဘက်မှာတော့ သဘောတူပြီးဖြစ်တော့ ဒါကိုဆက်သွားမှာပါပဲ။ ကျန်တဲ့ ကိစ္စရပ်တွေကိုတော့ တက်ရောက်လာပြီးတဲ့အခါမှာ ဆက်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ဖို့ရှိပါတယ်။”

လောလောဆည်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို အဖွဲ့၈ဖွဲ့က လက်မှတ်ရေးထိုးထားပြီး ကျန်အဖွဲ့ ၁၃ဖွဲ့အနက်က ၁၀ဖွဲ့ကို framework မူဘောင်ပြန်လည်သုံးသပ်ရေးနဲ့ မူကြမ်းရေးဆွဲရေးမှာ ပါဝင်ဖို့ ညှိနှိုင်းထားပြီး ၃ဖွဲ့ကို ဆက်လက်ဆွေးနွေးဖို့ရှိနေတာဖြစ်ပါတယ်။

၂၁ ရာစု ပင်လုံကို ကျင်းပရာမှာ ၁ကြိမ်တည်းအပြီးအပြတ်ကျင်းပမှာမဟုတ်ဘဲ UPDJC ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေးပူးတွဲကော်မတီဆုံးဖြတ်ချက်နဲ့ ၄ လ တကြိမ် သို့မဟုတ် ၅ လ တကြိမ် ကျင်းပသွားဖို့ ရှိနေပါတယ်။

ဒီကနေ့ညနေပိုင်းမှာတော့ လက်ရှိဆွေးနွေးထားတဲ့အချက်တွေကို ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီအတွင်းမှာ ဆက်လက်နွေးပြီး မနက်ဖန်မှာ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ၈ဖွဲ့ကို ရှင်းလင်းသွားဖို့ရှိနေပါတယ်။ လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ကတော့ ဒီကနေ့ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိုပြင်ဆင်ရေးကော်မတီဆွေးနွေးပွဲကို တက်ရောက်တာမရှိခဲ့ပါဘူး။

လက်ရှိအနေအထားအရ ၂၁ရာစုပင်လုံကို သတ်မှတ်ရက်အတိုင်း ကျင်းပနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ဦးလှမောင်ရွှေက သုံးသပ်ပါတယ်။

“အခုကတော့ ပိုပြီးတော့ အရှိန်အဟုန်မြန်လာတဲ့အတွက် ဒီ သတ်မှတ်တဲ့ရက်မှာ ညီလာခံ ကျင်းပနိုင်တယ်။ တက်ရောက်တဲ့လူတွေလည်း အဆင်ပြေသွားမယ်လို့ယူဆပါတယ်။”

ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ဆွေးနွေးရေးအဖွဲ့ ဒါရိုက်တာ ဦးခွန်ဆိုင်းက ဒီလအတွင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပရေးအတွက် အဖွဲ့အစည်းအသီးသီးက ကြိုးပမ်းနေတာကိုတွေ့ရှိရကြောင်း ပြောဆိုပြီး ၂၁ရာစုပင်လုံမှာ အဖွဲ့အစည်းတွေ အားလုံး ပါမပါဆိုတာကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးတက်ရောက်မယ့် မိုင်ဂျာယန်ထိပ်သီးညီလာခံက ဆုံးဖြတ်ဖွယ်ရှိကြောင်း သုံးသပ်ပါတယ်။

“ဒီအစည်းအဝေးတွေက ဒီတွေ့ဆုံပွဲတွေက ဆက်တိုက်ကိုဖြစ်နေတဲ့အခါကျတော့ အားလုံးက ဘာကိုဦးတည်ထားသလဲဆိုတော့ ၂၁ ရာစုပင်လုံ သို့မဟုတ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဦးတည်ထားတယ်။ ဒါပေမယ့် ပါမယ် ၊ မပါဘူးဆိုတာ ဘယ်လိုဖြစ်မလဲလို့မေးကြည့်တဲ့အခါကျတော့ မိုင်ဂျာယန်ညီလာခံမှာ အဆုံးအဖြတ်ပေးမှာပဲ ဆိုတဲ့ အဲဒီအဖြေကို ရရှိတယ်။”

NCA လက်မှတ်ရေးထိုးတဲ့အဖွဲ့ရဲ့အစည်းအဝေးနဲ့ NCA လက်မှတ်မထိုးတဲ့အဖွဲ့က ထိပ်သီးခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အစည်းအဝေးဟာ ဒီလ ဒုတိယပတ်လောက်မှ ကျင်းပဖို့ရှိနေပြီး မိုင်ဂျာယန်ထိပ်သီးညီလာခံကတော့ ဒီလနောက်ဆုံးပတ်လောက်မှာ ကျင်းပဖို့ရှိနေတာဖြစ်ပါတယ်။

XS
SM
MD
LG