သုံးရလွယ်ကူစေသည့် Link များ

၂၁ ရာစုပင်လုံ ပြင်ဆင်ရေးကော်မတီ UNFC နဲ့တွေ့မည်


နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ။ (မေ ၂၇၊ ၂၀၁၆)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ နဲ့ တိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ UNFC တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇွန်လ ၃ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

NLD အစိုးရသစ်ရဲ့ ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေး ကော်မတီက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA မှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဖို့ မေလ ၃၁ ရက်နေ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ နဲ့ ဆပ်ကော်မတီတွေကို မေလ ၃၁ ရက်နေ့က ဖွဲ့စည်းပြီးတဲ့နောက်မှာ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဘက်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးကြဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဒီကမ်းလှမ်းချက်ကို ညီညွတ်သောတိုင်းရင်းသားများဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့အနေနဲ့ လက်ခံပြီး တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်တယ်လို့ UNFC အဖွဲ့ရဲ့ တွဲဘက်အတွင်းရေးမှူး ၁ ဦးထွန်းဇော်က ဗွီအိုအေကို ပြောပါတယ်။

“ဒီတွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်လို့ကတော့ မနေ့ကမှ ကျနော်တို့ ဒေါက်တာတင်မျိုးဝင်း ကနေပြီးတော့ ပေးပို့လာတဲ့စာကို လက်ခံရရှိတယ်။ ကျနော်တို့ဆီက ခူးဦးရယ် ကို လှမ်းပို့ပါတယ်။ ပို့တဲ့စာမှာတော့ သူတို့လာတွေ့မယ်ပေါ့နော် ။ ဒီ ၃ ရက်နေ့မှာ လာတွေ့ဖို့ အစီအစဉ်ရှိတယ်။ ဒါပေမယ့် ပို့တဲ့စာအရဆိုရင် သူတို့က သူတို့လိပ်မှုတာကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များဆိုပြီးတော့မှ သူတို့လက်မှတ်ထိုးထားတဲ့စာမှာ အဲဒီလို လိပ်မှုထားတော့ ကျနော်တို့ဘက်ကတော့ ဒီနေ့ပဲ စာပြန်လိုက်ပါတယ်။ ကျနော်တို့ဘက်ကတော့ လက်ခံတွေ့ဆုံဖို့ သဘောထားရှိတယ်။ UNFC ကဖွဲ့ထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ အနေနဲ့ အတူတကွတွေ့သွားမယ်ဆိုပြီးတော့မှ အဲလိုမျိုးသဘောထား တုံ့ပြန်ထားပါတယ်ခင်ဗျ။”

ဒီဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ လာမယ့် ဇွန်လ ၃ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး၊ ၂၁ ရာစုပင်လုံအကြို ပြင်ဆင်ရေးကော်မတီ ဘက်က ငြိမ်းချမ်းရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး တာဝန်ခံဒေါက်တာတင်မျိုးဝင်း ဦးဆောင်မှာဖြစ်တယ်လို့ ဦးထွန်းဇော်က ပြောပါတယ်။

UNFC အဖွဲ့ထိပ်တန်းတာဝန်ရှိသူတဦးဖြစ်တဲ့ ခူးဦးရယ် ကိုလိပ်မူပြီး ပေးပို့လာတဲ့စာ မှာတော့ တခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ဖိတ်ကြားပြီး ဒီဆွေးနွေးပွဲမှာ ပါဝင်ဖို့ဖော်ပြထားတယ်လို့ သူကပြောပါတယ် ဒါပေမဲ့လည်း UNFC မှာ မပါတဲ့ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဒီဆွေးနွေးပွဲမှာ ပါ ၊ မပါ ဆိုတာနဲ့ ပတ်သက်ပြီး ဦးထွန်းဇော်ပြောတာကတော့

“ကျနော်တို့ဘက်ကတော့ ရှင်းရှင်းလင်းလင်းပြန်လိုက်ပြီဖြစ်ပါတယ်။ ကျနော်တို့ကတော့ UNFC မှာပါဝင်တဲ့ အဖွဲ့ဝင်အဖွဲ့အစည်းများကိုတော့ ဖိတ်ကြားဖို့အတွက် တာဝန်ရှိပါတယ်။ ကျန်တဲ့ UNFC မှာ မပါဝင်တဲ့အဖွဲ့အစည်းတွေကိုတော့ ကျနော်တို့ဖိတ်ကြားဖို့အတွက် ကျနော်တို့မှာ authority မရှိဘူးပေါ့နော်။ နောက်တခုကလည်း အချိန်က ကပ်နေတယ်ပေါ့လေ။ သူတို့က တပတ်ခါ လာတွေ့မယ်ဆိုတော့ မနေ့ကပဲ အဲဒီစာကို မနေ့ညနေမှပဲ လက်ခံရရှိတာဖြစ်ပါတယ်။ အဲတော့ မနေ့ညနေက ပို့လာတဲ့စာကို ဒီနေ့ ကျနော်တို့ အစည်းအဝေးမှာ ဆွေးနွေးတာပေါ့လေ။ ဆွေးနွေးတော့ ဒီနေ့ ကျနော်တို့ အစည်းအဝေး ခဏရပ်နားစဉ်မှာ ကျနော်တို့ ပြန်စာပို့လိုက်ပါတယ်။”

UNFC အဖွဲ့မှာ မပါဝင်တဲ့ NDAA ခေါ် မိုင်းလားအဖွဲ့၊ UWSA ခေါ် ၀ အဖွဲ့ စတာတွေနဲ့လည်း ၀အဖွဲ့ဌာနချုပ် ပန်ဆန်းမှာ တွေ့ဆုံဆွေးနွေးမယ်ဆိုပြီး သတင်းတွေလည်း ထွက်ပေါ်နေပေမဲ့ တွေ့ဖြစ်မယ့် မတွေ့ဖြစ်ဘူးဆိုတာကတော့ မသေချာသေးပဲဖြစ်နေပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီနဲ့ တွေ့ဆုံဖို့ ပြင်ဆင်နေပေမဲ့ အစိုးရတပ်မတော်ဖက်ကတော့ လက်ရှိ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ TNLA ခေါ် ပလောင်တပ်ဖွဲ့၊ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့နဲ AA ခေါ် ရခိုင်တပ်ဖွဲ့ တွေနဲ့တော့ ငြိမ်းချမ်းရေးဆွေးနွေးမှာ မဟုတ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ တထောင့်တနေရာကနေ ပါဝင်ကူညီသွားမှာဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက လည်း မနေ့ကပြုလုပ်တဲ့ ထိုင်းအစိုးရ အဖွဲ့အစည်းအဝေး ပြီးတဲ့နောက် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ ဇွန်လ ၁ ရက်နေ့က က စတင်ပြီးကျင်းပနေတဲ့ UNFC အဖွဲ့ရဲ့ တိုးချဲ့ အစည်းအဝေးအတွင်းမှာတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေ နဲ့ လတ်တလောလုပ်ဆောင်နေတဲ့ တခြားဌာနဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။

XS
SM
MD
LG