သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု ပင်လုံ ပြင်ဆင်ရေးကော်မတီတွေ ဖွဲ့စည်း


နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ။ (မေ ၂၇၊ ၂၀၁၆)
နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ။ (မေ ၂၇၊ ၂၀၁၆)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီနဲ့ ဆပ်ကော်မတီတွေ ဖွဲ့စည်းကြောင်းကို ဒီကနေ့ တရားဝင်ထုတ်ပြန်ကြေညာလိုက်ပြီး မကြာမီရက်ပိုင်းတွေအတွင်းမှာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။ NCA လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ တရားဝင် အကြောင်းကြားတာ မရရှိသေးကြောင်းနဲ့ ဆွေးနွေးဖို့အတွက်တော့ ပြင်ဆင်ထားတာရှိကြောင်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က ပေးပို့ထားပါတယ်။

အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီနဲ့ ဆပ်ကော်မတီတွေ ဖွဲ့စည်းကြောင်းကို ဒီကနေ့ တရားဝင်ထုတ်ပြန်ခဲ့ပြီး ကော်မတီကို ငြိမ်းချမ်းရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး တာဝန်ခံ ဒေါက်တာတင်မျိုးဝင်းက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်။

အကြိုပြင်ဆင်ရေးကော်မတီရဲ့အောက်မှာတော့ ဆပ်ကော်မတီ ၂ ရပ်ကိုဖွဲ့စည်းထားပြီး အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ ၁ က တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကိုလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးမှာဖြစ်သလို အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ ၂ ကတော့ NCA ကိုလက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

လောလောဆည်မှာတော့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေဟာ ၂၁ရာစုပင်လုံ ပြင်ဆင်ရေးအတွက် ပါဝင်ဆောင်ရွက်နေပြီး လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့တွေကိုတော့ ဆပ်ကော်မတီ ၂က မကြာခင်တွေ့ဆုံဆွေးနွေးဖို့ ရှိကြောင်း အကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှုး ဦးလှမောင်ရွှေက ပြောပါတယ်။

“ကော်မတီကတော့ ဒီ ၁၆ ရက်နေ့ ဖွဲ့စည်းကတည်းက စပြီးတော့ ဆောင်ရွက်နေတာပါ။ တရားဝင် ကတော့ ဒီနေ့ထွက်တာပေါ့လေ။ လာမယ့်ရက်ပိုင်းအတွင်းမှာ NCA မထိုးရသေးတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့နိုင်ဖို့အတွက် လုပ်နေပါတယ်။ လာမယ့် ၂ ရက် ၃ ရက်အတွင်းမှာ တွေ့နိုင်ဖို့ ပြင်ဆင်နေပါတယ်။”

တွေ့ဆုံဖို့ ပြင်ဆင်ရာမှာ NCA လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေးကို ကြိုးစားသွားမယ်လို့လည်း ဆက်ပြောပါတယ်။

“ကျနော်တို့တာဝန်ကတော့ လက်မှတ်မထိုးရသေးတဲ့လူတွေအားလုံးကိုတွေ့မှာပါ။ UNFC အဖွဲ့ဝင်ပဲဖြစ်ဖြစ်၊ အဖွဲ့ဝင်မဟုတ်သည်ဖြစ်စေ အားလုံးနဲ့တွေ့ပြီးရှင်းပြမှာပါ။ ရှင်းပြပြီးတော့မှ သူတို့ တုန့်ပြန်တဲ့အပေါ်မှာပေါ့နော် ကျနော်တို့ ညီလာခံမှာ ပါဝင်နိုင်ဖို့အတွက် ဖိတ်ခေါ်မယ် ၊ ဆွေးနွေးပြီး ဒီလိုဆက်သွားဖို့အတွက် ဒေါက်တာ တင်မျိုးဝင်း တို့ဘက်ကတော့ ပြင်ဆင်ထားတာရှိတယ် ခင်ဗျ။”

NCA ကို လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေစုပေါင်းပါဝင်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ရဲ့ တွဲဘက်အတွင်းရေးမှူး ၁ ဦးထွန်းဇော်ကတော့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ကျနော်တို့ဆီကို တိုက်ရိုက်တွေ့ဆုံဖို့အတွက် ပြောလာတာ ချဉ်းကပ်လာတာတော့ အခုအချိန်အထိတော့ မရှိသေးဘူးပေါ့လေ။ ကျနော်တို့လည်း အခုလေးတင်ပဲ သမ္မတရုံးက ကေ်ာမတီတွေဖွဲ့လိုက်တဲ့အကြောင်း တရားဝင်ထုတ်ပြန်ကြေညာချက်လေးတော့ တွေ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်ကိုတော့ တရားဝင် ကမ်းလှမ်းလာတာတော့ မရှိသေးပါဘူး။

UNFC အနေနဲ့တော့ တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိနေတယ်လို့ ဆက်ပြောပါတယ်။

“ကျနော်တို့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိပါတယ်။ ကျနော်တို့ဘက်က ပြင်ဆင်ပြီးသားလည်းဖြစ်ပါတယ်။ ဆပ် ကော်မတီတွေမဖွဲ့ခင် အစိုးရမဖွဲ့ခင်၊ ကျနော်တု့ိ ဒေါ်အောင်ဆန်းစုကြည်ဆီကိုလည်း ကမ်းလှမ်းပြီးသားဖြစ်ပါတယ် UNFC အနေနဲ့ပေါ့လေ။”

UNFC အဖွဲ့မှာ မပါဝင်တဲ့ NDAA ခေါ် မိုင်းလားအဖွဲ့၊ UWSA ခေါ် ဝအဖွဲ့စတာတွေနဲ့လည်း ဝအဖွဲ့ဌာနချုပ် ပန်ဆန်းမှာ တွေ့ဆုံဆွေးနွေးမယ်ဆိုပြီး သတင်းတွေလည်း ထွက်ပေါ်နေပေမဲ့ NDAA ခေါ် မိုင်းလားအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှုး ဦးကြည်မြင့်က အကြောင်းကြားလာတာ မရှိသေးကြောင်း ပြောပါတယ်။

“အဲဒါမသိသေးဘူး ဘာမှတော့ အဲဒါမပြောသေးပါဘူး။ တွေ့ဖို့တော့ ရှိတယ်ပြောတယ်၊ ဘယ်ရက်နေ့တွေ့မယ်၊ ဘယ်လိုလုပ်မယ်ဆိုတာတော့ ကျနော်တို့မပြောနိုင်သေးဘူး။”

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီနဲ့ ဆပ်ကော်မတီက NCA လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ပြင်ဆင်နေပေမဲ့ အစိုးရတပ်မတော်ဖက်ကတော့ လက်ရှိ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ TNLA ခေါ် ပလောင်တပ်ဖွဲ့၊ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့နဲ AAခေါ် ရခိုင်တပ်ဖွဲ့တွေနဲ့တော့ ငြိမ်းချမ်းရေးဆွေးနွေးမှာ မဟုတ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဒီသီတင်းပတ်တွေအတွင်းမှာတော့ SSPP-ရှမ်းပြည်တပ်မတော်မြောက်ပိုင်း၊ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA နဲ့ အစိုးရတပ်မတော်အကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို လက်ရှိမှာလည်း နှစ်ဖက်တပ်တွေအကြား တင်းမာမှုတွေ ရှိနေပါတယ်။

၂၁ရာစုပင်လုံခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကို မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရေးဗဟို MPC အစား အစိုးရသစ်က အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟို NRPC အဖြစ် ပြောင်းလဲဖွဲ့စည်းပြီးနောက် စတင်ဆောင်ရွက်လာတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG