သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု ပင်လုံညီလာခံ၊ UPDJC အသစ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်


နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ။ (မေ ၂၇၊ ၂၀၁၆)
နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ။ (မေ ၂၇၊ ၂၀၁၆)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်ပြီး ခေါ်ယူမယ့် ၂၁ ရာစု ပင်လုံဟာ အောင်မြင်မှုတွေ ရှိနိုင်သလို စိန်ခေါ်မှုတွေလည်း ရင်ဆိုင်ရနိုင်တယ်လို့ အရင်အစိုးရလက်ထက်ကတည်းက ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့သူတဦးက သုံးသပ်ပြောဆိုလိုက်ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံခေါ်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ချက်အနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရသစ်လက်ထက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကို အသစ် ပြန်လည်ဖွဲ့စည်းမှာပါ။ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်တွေကို မူဝါဒအသစ် လုပ်ငန်းစဉ်အသစ်တွေနဲ့ ချမှတ် အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် အစည်းအဝေးမှာ ပြောထားပါတယ်။

ဥက္ကဋ္ဌ ၊ ဒု ဥက္ကဋ္ဌကအစ အသစ် ပြန်လည်ဖွဲ့စည်းမယ့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့၊ နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်အစုအဖွဲ့ သုံးစုနဲ့ ဆောင်ရွက်သွားမယ့် UPDJC ရဲ့ ရှေ့လုပ်ငန်း စဉ်တွေနဲ့ပတ်သက်လို့ ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းတဲ့အခါ UPDJC ရဲ့ အတွင်းရေးမှူး ဦးလှမောင်ရွှေက အခုလိုစဖြေပါတယ်။

ဦးလှမောင်ရွှေ။ ။အစိုးရအသစ်ပြောင်းပြီးတဲ့အချိန်မှာ UPDJC ဒါ ပထမဆုံး ပြန်ခေါ်တာဖြစ်ပါတယ်။ အစိုးရသစ်တခုပြောင်းတဲ့အတွက် UPDJC ရဲ့ member တွေအပြောင်းအလဲရှိပါတယ်။ အစိုးရဘက်ကတော့ ၁၆ ဦးကို ဒီအစည်းအဝေးမှာ အတည်ပြုပြီးဖြစ်ပါတယ်။ နိုင်ငံရေးပါတီအစုအဖွဲ့ကတော့ ဒီအစည်းအဝေးမှာ ပြီးပြတ်အောင် မဆောင်ရွက်နိုင်သေးပဲနဲ့ ဒါကိုဆက်ပြီးတော့ ဒီအဖွဲ့ဝင်တွေကိုတော့ ပြန်ပြီးတော့ ဖွဲ့စည်းဖို့ရှိတယ်။ အခု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က UPDJC ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနဲ့ ၂၁ ရာစုပင်လုံအတူတူပဲ ၊နောက် NCA အတိုင်းကို ဆက်ပြီးတော့ သွားဖို့ ရှင်းပြတယ်။ ဒါကြောင့် NCA အတိုင်းသွားမယ်ဆိုရင်တော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို UPDJC ကနေပြီးတော့ အဓိကကျနော်တို့ ညှိနှိုင်းဆောင်ရွက်ပြီးတော့ ပြင်ဆင်ပေးဖို့ရှိတယ်။ ဒါကြောင့်မို့လို့ နောက် ၁ လခွဲ လောက်မှာ UPDJC အစည်းအဝေးတွေကို ပြန်ခေါ်နိုင်ဖို့ဆိုတာတော့ အားလုံးကို ညှိနှိုင်းပြီးတော့ သဘောတူတယ်။ အဲဒီကြားထဲမှာတော့ လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ကျနော်တို့ လိုက်လံပြီးတော့ ရှင်းပြပြီးတော့ သူတို့ပါဝင်နိုင်တဲ့နည်းလမ်းကိုရှာမယ်။ ပြီးတော့ သူတို့ကိုယ်တိုင်လည်း UPDJC မှာပါလာဖို့ မျှော်လင့်တယ်ပေါ့လေ။ အဲဒီကနေပြီးတော့ ညီလာခံကို ဆက်သွားဖို့ဆိုတဲ့ အစီအမံကို ဆက်ပြီးတော့ ဖြည့်ဆည်းဖို့အတွက်ကို ဆက်လက်ဆောင်ရွက်ဖို့ရှိပါတယ်ခင်ဗျ။

မဆုမွန်။ ။ အဓိကက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) ခေါ်နိုင်ဖို့ အကြိုပြင်ဆင်ချက်တွေ ဆိုတဲ့အခါကျ တော့ အဓိက ၂၁ ရာစုပင်လုံမှာ ဘယ်အချက်တွေကို ဦးစားပေးဆောင်ရွက်သွားဖို့ ဆိုပြီးတော့ စဉ်းစားထားတာတွေ ဆောင်ရွက် ထားတာတွေရှိပါလဲရှင့်။

ဦးလှမောင်ရွှေ။ ။အဓိကတော့ ဒေါ်အောင်ဆန်းစုကြည် ရှင်းပြတာကတော့ အရေးကြီးတဲ့ နိုင်ငံရေးနဲ့ ကာကွယ်ရေး၊ လုံခြုံရေး ကိစ္စရပ်တွေကိုတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ)မှာ အဓိက ဆွေးနွေးနိုင်ဖို့နဲ့ ကျန်တဲ့ စီးပွားရေး ၊ လူမှုရေး၊ ပညာရေး ၊ သံယံဇာတ၊ နောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒီလိုကိစ္စရပ်တွေကိုတော့ CSO FORUM ကနေပြီးတော့ တဆင့်ပေါ့လေ ဆောင်ရွက်မယ်ပေါ့။ ဒီ၂ ခုကလည်း အပြိုင်သွားနိုင်တဲ့သဘောမျိုးပြင်ဆင်ဖို့ဆိုတဲ့ မူချပြီးတော့ ဆောင်ရွက်နေတာရှိတယ်။ ဒါကိုလည်း UPDJC အစည်းအဝေးမှာလည်း ရှင်းပြပြီးတော့ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ဆိုတဲ့ ကိစ္စကို လည်း ထပ်ပြီးတော့အတည်ပြုရှင်းပြပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ရှင့်။ အခု ၂၁ ရာစု ပင်လုံညီလာခံမှာ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ပါဝင်လာနိုင်ရေး ကိစ္စကရော ဘယ်လိုများ စီစဉ်ဆောင်ရွက်ဖို့ ရှိပါလဲရှင့်။

ဦးလှမောင်ရွှေ။ ။ လုပ်ငန်းပြင်ဆင်ရေး ကော်မတီ တခုဖွဲ့ပေးလိုက်တာရှိတယ်။ အဲဒီကော်မတီကတော့ လက်မှတ်မရေးထိုးထားရသေးတဲ့ တိုင်းရင်းသားတွေနဲ့ တွေ့ထိပြီး ရှင်းပြပြီးတော့ အဆင့်တိုင်းမှာပါဝင်နိုင်ဖို့ဆိုတဲ့ရည်မှန်းချက်ထားတော့။ အဲဒါလာမယ့် အပတ်ထဲမှာကိုပဲ လက်မှတ်မရေးထိုးထားရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို သွားရောက်ရှင်းပြဖို့ဆိုတဲ့ ကိစ္စတခုရှိပါတယ်။ အဲဒါကိုလည်း ပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းကို ဦးဆောင်ကိုယ်စားလှယ်တဖွဲ့အနေနဲ့ သွားဆက်သွယ်ပြီးတော့ ဆောင်ရွက်ဖို့လည်း ပြင်ဆင်နေတာရှိတယ်ဗျ။

မဆုမွန်။ ။ အန်ကယ်လ်ဦးလှမောင်ရွှေက ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တုန်းကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်နိုင်ရေးတွေမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့တယ်ပေါ့နော်။ အခုဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မယ့် အဖွဲ့မှာလည်း အတွင်းရေးမှူးအဖြစ် တာဝန်ယူပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်ပြီးတော့ ဖော်ဆောင်မယ့် လုပ်ငန်းစဉ်တွေမှာ ပါဝင်မယ်ဆိုတဲ့အခါကျတော့ အခုလက်ရှိအစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်မယ့် လုပ်ငန်းစဉ်တွေမှာ အောင်မြင်မှုရလာမယ်လို့ ယုံကြည်ချက်ရှိပါသလား။ ဘယ်လိုများမျှော်လင့်ချက်ရှိပါသလဲရှင့်။

ဦးလှမောင်ရွှေ။ ။အခုအစိုးရအသစ်မှာလည်း ဒီအောင်မြင်နိုင်တဲ့ အခွင့်အရေးတွေအများကြီးရှိပါတယ်။ ဒီအခွင့်အရေးတွေ အချိန်နဲ့ ဆောင်ရွက်မယ်ဆိုရင်တော့ ခုနပြောတဲ့ ရည်မှန်းချက်တွေအားလုံးကတော့ ရမှာပါပဲ။ ပြီးခဲ့တဲ့ ၄ နှစ်ခွဲမှာ ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကလည်း အခြေခံတခုပေါ့လေ base တခုအနေနဲ့ရှိပြီးသားဖြစ်တော့ ဒီအပေါ်မှာ ထပ်ဆင့်ပြီးဆောင်ရွက်မယ်ဆိုရင်လည်း အောင်မြင်နိုင်တဲ့အခွင့်အလမ်းအများကြီးရှိပါတယ်။

မဆုမွန်။ ။ အန်ကယ်လ် လုပ်ခဲ့ဖူးတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွေ့အကြုံတွေနဲ့ ယှဉ်ပြီးတော့ အခုအစိုးရသစ်အနေနဲ့ ဘယ်လို စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်ရနိုင်မယ်လို့ သုံးသပ်မိပါလဲရှင့်။

ဦးလှမောင်ရွှေ။ ။ကျနော့်အမြင်နဲ့ပြောတာကတော့ အောင်မြင်နိုင်တဲ့ opportunity အခွင့်အလမ်းတွေအများကြီးရှိပါတယ်။ ဒီလိုပဲ တဘက်မှာလည်း ညှိနှိုင်းဆောင်ရွက်ဖို့ ကြိုးစားရမယ့် စိန်ခေါ်ချက်တွေလည်း အများကြီးရှိတယ်ပေါ့လေ။ ဟိုတုန်းက ၁၉၄၇ အလွန်တုန်းကလိုတော့ ညှိနှိုင်းရတာလွယ်ဖို့ဆိုတာထက်ပေါ့လေ အခုဖြစ်နေတဲ့ပြည်တွင်းမှာဖြစ်နေတဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေ ၊ လက်နက်ကိုင်တွေနဲ့ တိုင်းရင်းသားတွေရဲ့အနေအထားတွေ သူတို့ရဲ့ခေါင်းဆောင်မှု ပုံသဏ္ဌာန်တွေ၊ သူတို့ရဲ့ ရှု့မြင်ချက်တွေ ၊ တခါ ယုံကြည်မှုတည်ဆောက်နိုင်တာတွေအများကြီးတော့ ထပ်လုပ်ရမယ်။ ပြန်ချုံပြီးပြောရင် အောင်မြင်နိုင်တဲ့အခွင့်အလမ်းတွေရှိလားဆိုရင်တော့ အများကြီးရှိတယ်။ စိန်ခေါ်မှုတွေရှိလားမေးရင်လည်း ရှိတယ်။ ဒါတွေကိုအားလုံးက အစိုးရတင်မဟုတ်ပါဘူး ကျနော်တို့ပြည်သူလူထုအားလုံးက ဝိုင်းပြီးတော့ကူညီမယ်ဆိုရင်တော့ ကျနော်တို့ opportunity ကို ပိုပြီးတော့ ကောင်းမွန်တဲ့ရလဒ်ရမယ်လို့ ကျနော်ထင်ပါတယ်။

UPDJC ရဲ့ ၂၁ ရာစုပင်လုံညီလာခံခေါ်ယူနိုင်ရေး ကြိုတင်ပြင်ဆင်နေတဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ UPDJC ရဲ့ အတွင်းရေးမှူး ဦးလှမောင်ရွှေကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG