သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UPDJC ပြင်ဆင် ဖွဲ့စည်းရေး နေပြည်တော်မှာ ဆွေးနွေး


UPDJC ပြင်ဆင် ဖွဲ့စည်းရေး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး နေပြည်တော်မှာ ဆွေးနွေး ။
UPDJC ပြင်ဆင် ဖွဲ့စည်းရေး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး နေပြည်တော်မှာ ဆွေးနွေး ။

၂၁ရာစုပင်လုံညီလာခံခေါ် ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး ဒီကနေ့ ဆွေးနွေးကြရာမှာ ပါဝင်ရမယ့်သူတွေကို အခြေခံရွေးချယ်ရေး အခြေခံမူတွေမှာ ကွဲပြားမှု ရှိနေတဲ့အတွက် ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အခြေခံလုပ်ငန်းစဉ်တရပ်အဖြစ် နေပြည်တော်က ဆွေးနွေးပွဲတွေကို မနက်ဖြန်မှာလည်း ဆက်လက် ကျင်းပသွားဖို့ ရှိနေတဲ့ အကြောင်းကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

၂၁ရာစု ပင်လုံညီလာခံခေါ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို လာမယ့် ဇူလိုင်လမှာ ကျင်းပနိုင်ဖို့ အတွက် UPDJC ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအစည်းအဝေးကို ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

နေပြည်တော်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ
နေပြည်တော်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အဖွင့် အမှာစကားပြောကြားရာမှာ UPDJC ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီမှာပါဝင်တဲံ အစုအဖွဲ့ ၃ခု အထဲက နိုင်ငံရေးပါတီအစုအဖွဲ့မှာ လွှတ်တော်တရပ်ရပ်မှာ ကိုယ်စားပြုတဲ့ ပါတီတွေကိုသာ ညီလာခံမှာပါဝင်ဖို့ မူချမှတ်ထားကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

" နိုင်ငံရေးအဖွဲ့အစည်းများ ရဲ့ ပါဝင်မှုဟာ နိုင်ငံရေးအဖွဲ့အစည်းများမှ ပြည်သူလူထုကို လွှတ်တော်အသီးသီးမှာ ကိုယ်စားပြုမှုအပေါ်မှာ အခြေခံပြီးတော့ ကျမတို့ဆောင်ရွက်ရမယ်လို့ ကျမတို့ယုံကြည်ပါတယ်။ ပြောချင်တာကတော့ (၉၀) ကျော်သော နိုင်ငံရေးပါတီအားလုံး မဟုတ်ပဲနဲ့ လွှတ်တော်တခုမဟုတ် တခုမှာ အနည်းဆုံးကိုယ်စားလှယ်တဦး ပါဝင်တဲ့ နိုင်ငံရေးပါတီများကိုသာ ကျမတို့ငြိမ်းချမ်းရေးညီလာခံထဲမှာ ကိုယ်စားလှယ်အဖြစ် ထည့်ဖို့ မူကို ကျမတို့ ကိုင်စွဲထားပါတယ်။ "

ဒီလို မူချမှတ်တာကလည်း ၂၁ရာစုပင်လုံညီလာခံခေါ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ထိထိမိမိနဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို အကောင်အထည်ဖော်နိုင်ဖို့ဖြစ် တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီကနေ့ UPDJC ကို ပြန်လည် ဖွဲ့စည်းရေးအတွက် ဆွေးနွေးကြတဲ့ အခြေအနေ ကိုတော့ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLOရဲ့ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။

" UPDJC ကို ပြန်လည် ဖွဲ့စည်းဖို့ဆိုတဲ့နေရာမှာကျတော့ ကျနော်တို့က အစုအဖွဲ့သုံးစုနဲ့ ဖွဲ့ထားတာဖြစ်ပါတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်က တစု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က တစု၊ နိုင်ငံရေးပါတီများက တစု ဖွဲ့ထားတာဖြစ်ပါတယ်။ အဲ့ဒီ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်ပေါ့လေ အစိုးရဘက်က ပြင်ဆင်ပြောင်းလဲတဲ့ ပုဂ္ဂိုလ်တွေရဲ့ ၁၆ဦးရဲ့အမည်စာရင်းကို ဒီနေ့ဆွေးနွေးပွဲမှာ တင်ပြပြီးပါပြီ။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဘက်ကလည်း ကျနော်တို့ကိုယ်စားပြုတဲ့ (၁၆)ဦးရဲ့အမည်စာရင်းကို တင်သွင်းလို့ပြီးပါပြီ။ ဒါပေမဲ့လို့ နိုင်ငံရေးပါတီများ ဘက်ကတော့ အမည်စာရင်းတင်ဖို့ကတော့ ဒါကတော့ သူတို့ အချင်းချင်းကြား ပြန်လည်ညှိနှိုင်းဆွေးနွေးကြဖို့ ရှိနေပါတယ်။"

လွှတ်တော်တရပ်ရပ်မှာ ကိုယ်စားပြုတဲ့ ပါတီတွေကိုသာ ညီလာခံမှာ ပါဝင်ရေးဆိုတဲ့ မူနဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တင်ပြချက်ကို ဦးခွန်မြင့်ထွန်း က အခုလို ဆက်ပြောပါတယ်။

" တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့သဘောထားကတော့ NCA မှာ ပြဋ္ဌာန်းထားတာက တရားဝင်နိုင်ငံရေးပါတီများလို့ ပါပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က ရွေးကောက်ပွဲ နိုင်ခြင်း၊ ရှုးံခြင်းဆိုတာထက်ကို တရားဝင်နိုင်ငံရေးပါတီများ ဖြစ်ရင်လည်း ဒါ ကိုယ်စားပြုမှုမှာ လုံလောက်တယ်ဆိုတဲ့အမြင်ရှိတာကို တင်ပြခဲ့ပါတယ်။"

လောလောဆယ်မှာတော့ နိုင်ငံရေးပါတီအစုအဖွဲ့က ကိုယ်စားလှယ်ရွေးချယ်ရေး မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တင်ပြတဲ့မူနဲ့ မူလ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA မှာ ပါဝင်တဲ့မူဆိုပြီး ကွဲပြားနေပါတယ်။

ဒီလို အမြင်ကွဲပြားနေမှုအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ရဲ့ ဥက္ကဋ္ဌ ရဲဘော်သံခဲက အခုလို သုံးသပ်ပြောဆိုပါတယ်။

" အခုပြောတဲ့ UPDJC မှာ အဓိက ပါဝင်တဲ့ သုံးစုထဲက နိုင်ငံရေးပါတီအစုအဖွဲ့ရဲ့ ပါဝင်မှုကို နိုင်ငံရေးပါတီအစုအဖွဲ့ကိုယ်တိုင်က ဆုံးဖြတ်မှပဲ ရမှာဖြစ်ပါတယ်။"

မနက်ဖန်မှာတော့ ကွဲပြားနေတဲ့ အချက်နဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီ အစုအဖွဲ့ရဲ့ သဘောထားနဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့ရဲ့ သဘောထားကို ပြန်လည် တင်ပြဆွေးနွေးကြဖို့ ရှိနေပါတယ်။

UPDJC ပြင်ဆင်ဖွဲ့စည်းပြီးရင် ၂၁ရာစုပင်လုံညီလာခံမှာ ဆွေးနွေးမယ့် မူဘောင်တွေကို ချမှတ်မှာဖြစ်ပြီး ဒီမူဘောင်တွေ ချမှတ်ပြီးမှသာ ညီလာခံကို ကျင်းပနိုင်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG