သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်ဖို့ဆိုရင် - လက်ရှိ မြန်မာ့တပ်မတော်ကို ပြုပြင်နိုင်မှပဲ ရလိမ့်မယ်လို့ ပြည်ပရောက် တိုင်းရင်းသားအဖွဲ့တခုက ပြောလိုက်ပါတယ်။ NLD ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ - ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး တနိုင်ငံလုံး သေနတ်သံ တိတ်ဖို့ဆိုရင် - ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုမှ ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ ချန်လှပ်ထားလို့မရဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။ အသေးစိတ်ကို တော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

နှစ်ပေါင်း ၅၀ ကျော် ကြာခဲ့ပြီးမှ ပထမဆုံးတက်လာတဲ့ NLD အရပ်သားအစိုးရသစ်လက်ထက်မှာ - တနိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့နဲ့ တိုင်းရင်းသားတွေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက်ကို အဓိက ဦးစားပေးလုပ်ဆောင်သွားမယ်လို့ - သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကတိပြုထားတဲ့အတိုင်း - အခုဆိုရင် - အားလုံး တန်းတူအခွင့်အရေးရရှိမယ့် ၂၁ ရာစု ပင်လုံညီလာခံကြီးကို ခေါ်ယူနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး စတင် အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ ဂွမ်ဆန် ကတော့ - မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မြင်တွေ့နိုင်ဖို့ကတော့ တပ်မတော်ရဲ့ သဘောထား ပြောင်းလဲနိုင်မှုအပေါ် မူတည်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“တပ်မတော်ကို ပြန်ပြုပြင်မှပဲ ဖြစ်နိုင်မယ်။ အခု ဒီလိုရှိနေတဲ့ တပ်မတော်ပုံစံနဲ့ကတော့ ဖြစ်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒီတိုင်းရင်းသားတွေနဲ့ အားလုံး တန်းတူ၊ ညီတူ အတူတူ နိုင်ငံတော်သစ်ကို ထူထောင်မယ်ဆိုတဲ့ စိတ်ဓာတ်ကို ပြုပြင်မှပဲ ဖြစ်နိုင်မယ်လို့ ကျနော် မြင်ပါတယ်။”

ဒါ့အပြင် အခုလို ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ - လက်ရှိ မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး ပါဝင်ဖို့က လည်း အရေးကြီးတယ်လို့ ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ ဂွမ်ဆန် က ထောက်ပြခဲ့ပါတယ်။

အခုလက်ရှိ ရှိနေတဲ့ အခြေအနေကို ကြည့်ရမယ်ဆိုရင်တော့ ဒီအဖွဲ့တွေနဲ့ပဲ အဓိကတိုက်နေတာပါ။ ဒါပေမဲ့ ဒီအဖွဲ့တွေ မပါဘဲနဲ့ ငြိမ်းချမ်းရေးရဖို့ကတော့ ဥပမာ - ကျနော်တို့ ရခိုင်ပြည်နယ်မှာဆိုရင် AA (ရခိုင့်တပ်မတော်) မပါဘဲနဲ့ ငြိမ်းချမ်းရေး ရနိုင်မလဲပေါ့နော်။ နောက် ဒီ ရှမ်းမြောက်ဘက်ဆိုရင်လည်း တအာင်းအဖွဲ့ TNLA မပါဘဲနဲ့ ဘယ်လို ငြိမ်းချမ်းရေးရနိုင်မလဲဆိုတာ စဉ်းစားဖို့ကောင်းပါတယ်။ တပ်မတော်ကနေ အမြစ်ပြတ် ချေမှုန်းပြီးမှ ငြိမ်းချမ်းရေး ရနိုင်မလား။ ဒီလို ချေမှုန်းပြီးမှ ရနိုင်မယ့် ငြိမ်းချမ်းရေးက လွန်ခဲ့တဲ့ နှစ် ၆၀၊ ၇၀ လောက်ကတည်းက ငြိမ်းချမ်းရေးရနေပါပြီ။ ထိုနည်းတူ အခုလည်း တဦးတဖွဲ့ကို ဖဲ့ပြီးမှ တနိုင်ငံလုံး ငြိမ်းချမ်းမယ်ဆိုတာ ကျနော်ကတော့ အဓိပ္ပါယ်မရှိဘူးလို့ပဲ မြင်ပါတယ်။

အခုချိန်ထိတော့ NLD အစိုးရသစ်လက်ထက် ဖော်ဆောင်သွားမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ - အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ပါဝင်နိုင်ရေးနဲ့ ပတ်သက်ပြီး အစိုးရသစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က တိကျရှင်းလင်းတဲ့ ဆွေးနွေးမှု မရှိသေးဘူးလို့လည်း တိုင်းရင်းသားအဖွဲ့တွေက ပြောပါ တယ်။

ဦးသိန်းစိန်အစိုးရဘက်က အပစ်အခတ်ရပ်စဲရေး မဖိတ်ခေါ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ - ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့၊ TNLA တအာင်း ပလောင် လွတ်မြောက်ရေးတပ်မတော်၊ AA ရခိုင့်တပ်မတော်တွေ ပါဝင်ပါတယ်။ TNLA ကတော့ ပြည်သူကရွေးချယ်ထားတဲ့ NLD အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ ပြောဆိုထားတာပါ။ တိုင်းရင်းသားတွေ အဓိက တောင်းဆိုနေတာ တန်းတူအခွင့်အရေးရရှိဖို့ဖြစ်တယ်လို့လည်း ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ ဂွမ်ဆန် က ပြောဆိုပါတယ်။

“တိုင်းရင်းသား ဘယ်တဦးတဖွဲ့ကမှ ပြည်ထောင်စုကနေ ခွဲထွက်မယ်လို့ တဖွဲ့ကမှ မပြောဘူး။ ငြိမ်းချမ်းရေး မလိုလားဘူးလို့လည်း တဖွဲ့ကမှ မပြောဘူး။ ကျနော်တို့က တန်းတူညီတူ အခွင့်အရေးလိုချင်တယ်။ ပင်လုံမှာ ကတိပေးထားတဲ့အတိုင်းပဲ ကျနော်တို့က လိုချင်တာပါ။ အားလုံးကတော့ ပင်လုံစိတ်ဓာတ်နဲ့ တကွ အားလုံး တန်းတူ ညီတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး ဒီအတွက်ပဲ အဓိက တိုက်နေတာပါ။ ကျနော်တို့ တိုင်းရင်းသားအားလုံး ကလည်း နှစ် ၇၀ ဒီလိုမျိုး ခါးစည်းခံရတာ တော်ပါပြီ။ တိုက်ခိုက်နေရတာ။ ကျနော်တို့ တိုင်းရင်းသားဒေသက ရန်ကုန်နဲ့မတူဘူး။ အောက်ပိုင်း ဗမာပြည်ရဲ့ တိုးတက်နေတဲ့ ခံစားမှုမျိုး ကျနော်တို့ တောင်ပေါ်က လူတွေလည်း ခံစားချင်တာပေါ့နော်။”

အခုအချိန်ထိတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး၊ ဒေသခံ ထောင်ပေါင်းများစွာဟာလည်း စစ်ပြေးဒုက္ခသည်အဖြစ်နဲ့ ထွက်ပြေး ခိုလှုံနေကြရဆဲဖြစ်ပါတယ်ရှင်။

XS
SM
MD
LG