သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လောင်း လူသတ်မှုကိစ္စ တိုင်းရင်းသားအဖွဲ့တွေနဲ့ NUG တို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲပြုလုပ်


ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ်းနိမ်းရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ အရပ်သား ၂၈ ဦးနဲ့ သံဃာတော် ၃ ပါးသတ်ဖြတ်ခံခဲ့ရတဲ့ ဘုန်းကြီးကျောင်းမှာတွေ့ရတဲ့ ကျည်ဆံခွံများ။ (ဓာတ်ပုံ-PNDF/KK မတ်လ ၁၁၊ ၂၀၂၃)
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ်းနိမ်းရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ အရပ်သား ၂၈ ဦးနဲ့ သံဃာတော် ၃ ပါးသတ်ဖြတ်ခံခဲ့ရတဲ့ ဘုန်းကြီးကျောင်းမှာတွေ့ရတဲ့ ကျည်ဆံခွံများ။ (ဓာတ်ပုံ-PNDF/KK မတ်လ ၁၁၊ ၂၀၂၃)

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ၊ နမ်းနိန်းရွာက သံဃာနဲ့ ဒေသခံတွေကို အစုလိုက် သတ်ဖြတ်ခဲ့တဲ့ကိစ္စဟာ လူသားမျိုးနွယ်ပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ကရင်နီ အတိုင်ပင်ခံကောင်စီ၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီနဲ့ NUG တို့က ဒီနေ့ ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။ မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ကိစ္စကို ရှုတ်ချပြီး တရားမျှတမှု ပြန်ရဖို့အတွက် အလေးအနက်ထား ဆောင်ရွက်သွားမယ်လို့ စုပေါင်းထုတ်ပြန်ခဲ့ကြတာပါ။ ဒီသတင်းပေးပို့ချက်ကို အခြေခံပြီး ကိုရန်နိုင်က ပြောပြမှာပါ။

ပအိုဝ်းဒေသခံတွေ သတ်ဖြတ်ခံရတဲ့ကိစ္စကို လက်နက်ကိုင်တွေနဲ့ စစ်ကောင်စီကြားမှာ အပြန်အလှန် စွပ်စွဲမှုတွေရှိနေချိန်မှာဘဲ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ကရင်နီ အတိုင်ပင်ခံ ကောင်စီတို့က ဒီနေ့ မတ်လ ၁၆ ရက်နေ့မှာ အွန်လိုင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တရားမျှတမှုရဖို့ အလေးအနက်ထား လုပ်ဆောင်သွားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

လူမျိုးတစ်ခုနဲ့တစ်ခုကြား အထင်အမြင် လွဲမှားမှုကနေ တင်းမာမှုတွေ ဖြစ်ပွားနိုင်တဲ့အတွက် ဒီနေ့လို သတင်းစာရှင်းလင်းပွဲ လုပ်ရတာဖြစ်ကြောင်း ကရင်နီ အတိုင်ပင်ခံကောင်စီ KSCC ရဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။ စစ်တပ်ဟာ ကိုယ်ပိုင်ပြဋ္ဌာန်း အုပ်ချုပ်ခွင့်တွေကို မပေးချင်တာကြောင့် တိုင်းရင်းသားတွေကြားမှာ သပ်လျှိုသွေးခွဲလာတာ ခေတ်အဆက်ဆက်ကဖြစ်ပြီး ဒီလိုအခြေအနေတွေမှာ သွေးချင်းတွေဖြစ်တဲ့ ကရင်နီနဲ့ ပအိုဝ့်ဟာ အပြန်အလှန် ကူညီဖူးတဲ့ အစဉ်အလာတွေရှိကြောင်း သူကပြောပါတယ်။

"ကျနော်တို့ကြားထဲမှာ သံသယစိတ်တွေကင်းပြီး ကျူးလွန်သူတွေကို ဝိုင်းဝန်းဖော်ထုတ်ဖို့က ကျနော်တို့ နှစ်ဦးနှစ်ဖက်က တာဝန် ရှိနေကြပါတယ်။ ထင်ယောင်ထင်မှားနဲ့ စွပ်စွဲပြောဆိုခြင်း၊ စစ်ကောင်စီအလိုကျ ဝါဒဖြန့်ချီနေခြင်းဟာ အမှန်တရား ပေါ်ပေါက်ခြင်းအတွက် အဆိုးဘက်ကို ဦးတည်သွားမှာကို ကျနော်တို့အနေနဲ့ အလွန်စိုးရိမ်ပါတယ်။ ဒီဖြစ်ရပ်မှန်တွေကို ကျနော်တို့ မဖော်ထုတ်နိုင်ဘူးဆိုရင် ကျူးလွန်သူတွေက အပြစ်ကနေ ကင်းလွတ်ခွင့် ပေးနေခြင်းဖြစ်တယ် ဆိုတာကို ကျနော်တို့အနေနဲ့ သိထားဖို့လိုပါတယ်။"

နမ့်နိန်းရွာ ဘုန်းကြီးကျောင်းထဲမှာ ပိတ်မိနေတဲ့ ရွာသား ၃၀လောက်နဲ့ ဘုန်းတော်ကြီး ၃ ပါးကို မတ်လ ၁၁ ရက်နေ့က ပစ်ခတ် သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြည်ပသတင်းဌာနတွေမှာလည်း အလေးထား ဖော်ပြခဲ့ပါတယ်။ ကရင်နီ PDF အယောက် ၃၀ ကျော်ကို သတ်ဖြတ်လိုက်ပြီဆိုတဲ့ ဓာတ်ပုံတွေ အစောဆုံး ပေါ်ထွက်လာခဲ့တာကို ကြည့်ခြင်းအားဖြင့် စစ်တပ်ဟာ သူတို့ ကျူးလွန်ခဲ့တယ်ဆိုတာကို ဝန်ခံပြီးသားဖြစ်ကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ထောက်ပြခဲ့ကြပါတယ်။

အခုမတ်လအတွင်းမှာ ကရင်၊ ချင်း၊ စစ်ကိုင်းနဲ့ ကရင်နီဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ အင်အားတိုးချဲ့မှုတွေလည်း သတိထားစရာ ဖြစ်လာကြောင်း ထောက်ပြခဲ့ကြပါတယ်။ စစ်ရေးတိုးချဲ့မှုတွေ များလာလေလေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရင်ဆိုင်ရလေလေဆိုတာ ၁၉၆၂ နောက်ပိုင်းကတည်းက ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ စစ်ရေးတိုးချဲ့မှုနဲ့အတူ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ရွာမီးရှို့မှုတွေ၊ အခုလို နမ့်နိန်းကျေးရွာလို အဖြစ်အပျက်တွေ၊ အခုမတ်လအတွင်းမှာ လေးကြိမ်ဖြစ်ခဲ့တယ်လို့ သူက ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လူငါးယောက်နဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၆၄ ခုမှာ လူပေါင်း ၇၆၆ ဦး သေဆုံးခဲ့တယ် ဆိုတာကို မှတ်တမ်းတင်ထားကြောင်း ပြောပါတယ်။

"ဒါတွေကိုကြည့်မယ်ဆိုရင် ရွာတစ်ရွာ လူမျိုးတစ်မျိုး အဖြစ်အပျက်တစ်ခုကိုကြည့်ပြီး ကောက်ချက်ချလို့ မလုံလောက်တော့ပါဘူး။ ဖြစ်နေတဲ့ အရာအားလုံးက စစ်ဗျူဟာထဲမှာ ထည့်သွင်းပြီးတော့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တယ်ဆိုတဲ့ အချက်အလက်တွေက အများကြီး ထင်ရှားနေပါတယ်။ လုံခြုံရေးအကြောင်းပြပြီး တိုက်ခိုက်တာတင်မကဘဲ စစ်ဗျူဟာတစ်ရပ်အနေနဲ့ စစ်ဒေသတစ်ခုလို ရှေ့တန်းတစ်ခုလို တိုက်ခိုက်နေတာ တွေ့ရပါတယ်။ လူတွေအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းက လူသားမျိုးနွယ်တခုလုံးကို ထိခိုက်စေတဲ့ Crimes against huminity မြောက်သလို လက်နက်အင်အား၊ လူအင်အားတွေပေးပြီး တင့်ကားတွေကအစပေးပို့ ပြည်သူလူထုကို တိုက်ခိုက်ခြင်းက စစ်ပွဲဆိုင်ရာ ရာဇာဝတ်မှုမြောက်တယ် ဆိုတဲ့အချက်ကို ထပ်မံထင်ရှားစေပါတယ်။"

ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကမ္ဘာ့နိုင်ငံတွေသိရှိအောင် လှုံ့ဆော်မှုတွေလုပ်နေပြီး ရည်ရွယ်ချက်ကတော့ ကုလလူ့အခွင့်အရေး ကောင်စီမှာ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာတခု ထွက်လာဖို့ ရည်ရွယ်ကြောင်း ဦးအောင်မျိုးမင်းက ပြောပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒါဟာ ပအိုဝ်းဒေသ တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးနေတာဖြစ်ပြီး ရာဇဝတ်မှု ကျူးလွန်သူတွေဖြစ်ကြောင်း မတ်လ ၁၄ရက်က မြဝတီသတင်းကနေ ပြောခဲ့ပါတယ်။ ပအိုဝ်းဒေသခံတွေ တောင်ကြီးမြို့မှာ ဆန္ဒထုတ်ဖော်ခဲ့တယ်ဆိုတဲ့ ရုပ်သံတွေကိုလည်း စစ်ကောင်စီသတင်းတွေကို အသားပေးဖော်ပြနေတဲ့ လူမှုကွန်ရက်တွေက ဒီရက်ပိုင်းထဲမှာ ဖြန့်ဝေခဲ့ကြပါတယ်။

အခုလို လုပ်ရပ်တွေဟာ လူထုလှုပ်ရှားမှု၊ လက်နက်ကိုင် ဆန့်ကျင်မှုတွေ လျော့ပါးသွားအောင် စစ်ကောင်စီရဲ့ လှည့်ဖြားမှုတွေသာ ဖြစ်တယ်လို့ အများစုကရှုမြင်ပါတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို လူမှုကွန်ရက်သုံးပြီး အမုန်းတရားဖန်တီးမှုတွေက နောက်ပိုင်းမှာ ပိုပြီး သတိထားရမယ့် ကိစ္စတွေဖြစ်လာကြောင်း တချို့ကရှုမြင်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ လူထုတွေ နေ့စဉ်ဘဝထဲမှာ ပျော်မွေ့နေအောင် လူမှုကွန်ရက် ပလက်ဖောင်းကို အသုံးပြုပြီး ဝါဒဖြန့်မှုတွေကိုလည်း တဆက်တည်းမှာ လုပ်ဆောင်နေပါတယ်။ ဟာသ၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး စတဲ့ကဏ္ဍမျိုးစုံကို ဖေ့စ်ဘွတ်ခ်၊ ယူကျူတို့ကနေ လူနဲ့ ငွေကြေး အမြောက်အများ အသုံးပြုပြီး ဗွီဒီယိုအစီအစဉ်တွေကို အလုံးအရင်းနဲ့ ဖြန့်ချီနေကြောင်း ဒစ်ဂျစ်တယ်မီဒီယာ လုပ်ကိုင်နေတဲ့ လူငယ်အသိုင်းအဝန်းက ပြောပါတယ်။ နောက်ကွယ်မှာ ဘယ်သူတွေက ဦးဆောင်ပြီး လည်ပတ်နေတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

{Unicode}














XS
SM
MD
LG