သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရက်တရာစီမံချက်မှာ နိုင်ငံသားစီစစ်ရေး လည်း ပါဝင်


ပြည်သူ့လွှတ်တော် မေလ ၂၀ရက် ၂၀၁၆ အစည်းအဝေး။
ပြည်သူ့လွှတ်တော် မေလ ၂၀ရက် ၂၀၁၆ အစည်းအဝေး။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ နဲ့အညီ နိုင်ငံသား စီစစ်ရေး လုပ်ငန်းကို ဦးစားပေး လုပ်ငန်း တခုအနေနဲ့ ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနဲ့ပြည်သူ့အင်အား ဝန်ကြီးဌါန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေကပြောဆိုလိုက်ပါတယ်။ လဝကရဲ့ရက် ၁၀၀ ရာစီမံချက် မှာ ဦးစားပေး လုပ်ငန်း တခုအနေနဲ့ ဆောင်ရွက် သွားမှာပါ။ နိုင်ငံသားဖြစ်မဖြစ် စီစစ်ရာမှာတော့ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အဓိက ဆုံးဖြတ်ချက်နဲ့ပဲ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းက မေခက ပေးပို့ထားပါတယ်။

တည်ဆဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ အညီ နိုင်ငံသားစိစစ်ပေးဖို့ကို လွှတ်တော်ကိုယ်စားလှယ် အများစုက တင်ပြတောင်းဆိုလာကြပါတယ်။ ဒီအဆိုကို လွှတ်တော်က ဆွေးနွေးစဉ်မှာ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ အင်အား ဝန်ကြီးဌါန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက မှတ်တမ်းအနေနဲ့သာ ထားရှိပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီလိုတောင်းဆိုရာတာက လဝက ကနေ လုပ်ဆောင်မယ့် ရက် ၁၀၀ စီမံချက် မှာ ဒီစိစစ်တဲ့ လုပ်ငန်း ကို ဦးစားပေး လုပ်ငန်းတခု အနေနဲ့ဆောင်ရွက် သွားမှာ ဖြစ်တာကြောင့် ဖြစ်တယ်လို့ အခုလို ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောခဲ့ပါတယ်။

" ကျနော်တို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့ အင်အား ဝန်ကြီးဌါန ဦးစီးဌာနကလည်းပဲ အဲ့ဒီ့ရက် ၁၀၀ စီမံချက်နဲ့ ဆောင်ရွက်မယ့် လုပ်ငန်းများထဲမှာ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားတဲ့ အဆိုမှာ ပါရှိတဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စနစ်တကျ စိစစ်ဆောင်ရွက်ရန် ဆိုတဲ့ လုပ်ငန်းစဉ်ကို ဦးစားပေး လုပ်ငန်းစဉ် တခုအဖြစ် စီမံချက် ရေးဆွဲပြီးတော့မှ ဆောင်ရွက်သွားဖို့ စီစဉ်ထားပြီးလည်း ဖြစ်ပါတယ်။

ဝန်ကြီးဌာနက လုပ်ဆောင်မယ့် အသေးစိတ်လုပ်ငန်းအစီစဉ်ကိုတော့ လွှတ်တော်မှာ ဝန်ကြီးက အသေးစိတ်မပြောခဲ့ပါဘူး။ ဒီလိုစိစစ်ပေးဖို့ ကို ရခိုင်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက လွှတ်တော်မှာ အဆိုတခုအနေနဲ့ တင်ပြလာတာပါ။

တဖက်နိုင်ငံတွေနဲ့ ထိစပ်မှု တွေကြောင့် နိုင်ငံလုံခြုံရေးအရစိစစ်ဖို့ အရေးတကြီး လိုအပ်ပြီး ဒီအတွက် တိကျစွာစစ်ပေးဖို့ ကချင်လွှတ်တော် ကိုယ်စားလှယ်တွေ ဘက်က လည်းတောင်းဆိုမှု တွေရှိခဲ့ပါတယ်။ ကချင်ပြည်နယ်မှာလည်း တဖက်နိုင်ငံဘက်က လူတွေ ဝင်ရောက်မှုတွေရှိနေတယ်လို့ ကချင်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဘက်ကလည်း တင်ပြမှုတွေရှိခဲ့ပါတယ်။

ရခိုင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောကတော့ စိစစ်နိုင်ဖို့ လုပ်ဆောင်ချိန်မှာ လုပ်သင့်တဲ့လုပ်ငန်းအပေါ် အခုလို အကြံပေးပါတယ်။

" အကောင်အထည်ဖော်တဲ့နေရာမှာ ပျော့ပြောင်းညင်သာဖို့ စိတ်ရှည် အသိပညာပေးဖို့ ဥပဒေကို လေးစားလိုက်နာဖို့ လိုပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်း၊ နိုင်ငံတကာ မီဒီယာတွေ နိုင်ငံတာ လော်ဘီတွေ ဝင်မစွတ်နိုင်အောင် ကျနော်တို့ဘက်က နိုင်ငံတော်အနေနဲ့ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာ ပံ့ပိုးကူညီမှုတွေ ရရှိလာအောင်လည်း ကျနော်တို့ လုပ်နိုင်စွမ်းရှိရပါလိမ့်မယ် ဆိုတာကို ကျနော် တင်ပြချင်ပါတယ်။ "

ရခိုင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက လက်ရှိ ရခိုင်ပြည်နယ် မှာကြုံတွေ့နေတာနဲ့ ပတ်သတ်ပြီး

" ကိုယ့်နိုင်ငံသားတွေ နေစရာမရှိလို့ မြေလွတ်မြေရိုင်းတွေမှာ မရှိမဲ့ရှိမဲ့ တဲပျက် အိမ်ပျက်ကလေးတွေမှာ ဆောက်ပြီး နေကြတာကို ဥပဒေနဲ့အညီ ဆိုပြီး မြေလှန် ဖျက်ဆီးခဲ့တဲ့ လုပ်ရပ်နဲ့ ယှဉ်ပြီး ဘင်္ဂလီတွေ နေထိုင်တဲ့ ဒုက္ခသည် စခန်းတွေ ကျေးရွာတွေကိုကျတော့ နိုင်ငံသားစိစစ်ရေး မလုပ်နိုင်ဘူး ဆိုတာကို အကြောင်းပြချက်ကို ကြားရတော့ ရင်နာနာနဲ့ ငိုရမလို ရယ်ရမလို ဖြစ်ပါတယ်။"

ဒီလိုစိစစ်မှုနဲ့ပတ်သတ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက ပါတီ အတွင်းရေးမှူး ဦးကျော်စိုးအောင် ကတော့ အခုလို သုံးသပ်ပြောဆိုပါတယ်။

"ဒီဥပဒေကလည်း နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ မကိုက်ညီဘူး။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ဒီ၂၀၁၅ မတိုင်ခင် ဒီဥပဒေတွေကို ပြင်ဆင်မယ် ဆိုပြီး နိုင်ငံတကာ ကိုရော ပြည်တွင်း မှာရော နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ညီအောင် လုပ်မယ် ဆိုပြီး သူ ပြောထားတာ ရှိတယ်။ ဒီ ၈၂ ဥပဒေ ကို မပြင်ဆင်ပဲနဲ့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ မကိုက်ညီပဲနဲ့ ကျနော်တို့ဘက်ကို ရက် ၁၀၀ စီမံကိန်းထဲမှာ စိစစ်ပြီးတော့ အကောင်အထည်ဖော်မယ် ဆိုရင်တော့ ကျနော်တို့ လက်ခံမှာမဟုတ်ဘူး။ ၈၂ Law ကို နိုင်ငံသားဥပဒေအရ ပြန်စိစစ်ပြီးတော့ အကောင်အထည်ဖော်မယ်ဆိုရင်တော့ ကျနော်တို့ လက်ခံမယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၈၂ ခုနှစ် မတိုင်ခင် ကျနော်တို့နိုင်ငံမှာ နိုင်ငံသားဖြစ်ပြီးသား သူတွေကို ၁၉၈၂ ခုနှစ် ဥပဒေနဲ့ ပြန်လှန်ပြီးတော့ ဒီဥပဒေအရ ပြန်အသက်သွင်းမယ်ဆိုရင် ဥပဒေအရ နောက်ကြောင်းပြန်တဲ့သဘောဖြစ်နေတယ်။ အဲ့တာကြောင့် ကျနော်တို့ လက်မခံနိုင်ပါဘူးခင်ဗျ။"

လက်ရှိတွင် မြန်မာနိုင်ငံသား ဟုတ်မဟုတ် မစိစစ်နိုင်တာကြောင့် ယာယီ သက်သေခံကဒ် ထုတ်ပေးထားသူမှာ ၅သိန်းကျော်ရှိနေပြီး ဒီထဲမှာ ရခိုင်ဒေသတခု ထဲမှာ ယာယီသက်သေခံကဒ် လေးသိန်းကျော် ထုတ်ပေးထားတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ ဘာကဒ်ကိုမှ ကိုင်ဆောင်ထားခြင်း မရှိသူ တွေလည်း ရှိနေတယ်လို့ ထောက်ပြမှုတွေရှိနေပြီး လက်ရှိမှာ နိုင်ငံတော် လုံခြုံရေးအတွက် စိစစ်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ က တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအဆိုကို လွှတ်တော်မှာ မဲခွဲပြီး မှတ်တမ်းအနေနဲ့သာထားရှိဖို့ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG