သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားခရီးသည်တင်လေယာဉ်ပျက်ကျမှု ၂ ဦးသေဆုံး


လေဆိပ်အဆင်းပျက်ကျခဲ့တဲ့ Asiana လေကြောင်းလိုင်းပိုင် Boeing 777 လေယာဉ်။ (ဇူလိုင်လ ၆ ရက်၊ ၂၀၁၃)။
လေဆိပ်အဆင်းပျက်ကျခဲ့တဲ့ Asiana လေကြောင်းလိုင်းပိုင် Boeing 777 လေယာဉ်။ (ဇူလိုင်လ ၆ ရက်၊ ၂၀၁၃)။
ဆန်ဖရန်ဆစ္စကို (San Francisco) လေဆိပ်မှာ စနေနေ့က ပျက်ကျခဲ့တဲ့ Asiana လေကြောင်းလိုင်းပေါ်မှာ လိုက်ပါလာသူ ခရီးသည် ၂ ယောက် သေဆုံးပြီး ၁၈၀ ကျော် ထိခိုက်ဒဏ်ရာ ရသွားပါတယ်။ အဆင်းမှာ ပျက်ကျသွားခဲ့တဲ့ Boeing 777 လေယဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၃၀၀ ကျော် ပါပါတယ်။

ဒီလေယာဉ်ဟာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကနေ စတင်ထွက်ခွာ ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးလ် (Seoul) မြို့တော်မှာ တထောက်နားကာ အမေရိကန်ပြည်ထောင်စု အနောက်ဘက် ကယ်လီဖိုးနီးယား (California) ပြည်နယ် ဆန်ဖရန်ဆစ္စကို မြို့ကို ပျံသန်းလာတာဖြစ်ပါတယ်။

လေယာဉ်ပေါ် ပါလာကြသူ အများစုဟာ တရုတ်၊ တောင်ကိုရီးယားနဲ့ အမေရိကန် လူမျိုးတွေဖြစ်ကြပါတယ်။ သေဆုံးသွားသူ ၂ ယောက် ဟာ လေယာဉ် အနောက်ခြမ်းမှာထိုင်တဲ့ တရုတ်လူမျိုးခရီးသည်တွေ ဖြစ်တယ်လို့
တောင်ကိုရီးယား လေကြောင်းလိုင်း Asiana က ပြောပါတယ်။ ၂ ယောက်လုံးဟာ ဆယ်ကျော်သက် မိန်းကလေးတွေ ဖြစ်ကြပါတယ်။

လေယဉ်ပျံဟာ ပြေးလမ်းပေါ်အဆင်း လေယာဉ်အမြီးနဲ့ ပြေးလမ်း ထိမိခဲ့ပုံရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ လေယာဉ်ရဲ့ အမြီးပိုင်းပြတ်သွားခဲ့ပြီး၊ လေယာဉ်ပျံ မီးစွဲလောင်ကာ ကြမ်းကြမ်းတမ်းတမ်း ခုန်ပေါက်ပြီးနောက်မှ ရပ်သွားခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပျက်ကျ ပြီးနောက် တွေ့ရတဲ့ ဓါတ်ပုံတွေထဲမှာ အမြီးမပါတဲ့ လေယာဉ်ရဲ့ အပေါ်ခြမ်း ပွင့်နေပြီး လူထိုင်တဲ့ နေရာတော်တော်များများ မီးလောင်ပျက်စီးနေ ပါတယ်။ လေယာဉ် အပျက်အစီးစတွေ ပြေးလမ်းပေါ်မှာ ပြန့်ကြဲနေ တာလည်း တွေ့ရပါတယ်။

ရာသီဥတု ကောင်းမွန်နေတဲ့ကြားက ဘာကြောင့် လေယာဉ်ပျက်ကျသလဲ ဆိုတာကို စုံစမ်းဖို့အတွက် စုံစမ်းစစ်ရေးအဖွဲ့တွေလည်း ဆန်ဖရန်ဆစ္စကို မြို့ကို ရောက်နေကြပါပြီ။ လေယာဉ်မှူးခန်းထဲက လာတဲ့ Signal တွေအရလည်း လေယာဉ်ပျက်မကျခင် ဒုက္ခရောက်နေတဲ့ လက္ခဏာ မတွေ့ရပါဘူး။ ဒါပေမဲ့ လေယာဉ်ပေါ် ပါလာသူတွေရဲ့ အပြောအရ လေယာဉ်ဆင်းတာ နိမ့်လွန်းတယ်လို့ ပြောကြပါတယ်။ ပြေးလမ်းနဲ့ မထိခင်မှာ လေယာဉ်မှူးက အပေါ်ကို ပျံတက်ဖို့ ကြိုးစားခဲ့ပုံရတယ်လို့ ခံစားရကြောင်း ပြောပြကြပါတယ်။

လေယာဉ်ပျံမှာရော လေယာဉ်အင်ဂျင်စက်မှာပါ စက်ချို့ယွင်းတယ်လို့ မယုံကြည်ကြောင်း ဒီကနေ့ တနင်္ဂနွေနေ့မှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာ Asiana လေကြောင်း အမှုဆောင်အရာရှိချုပ် Yoon Young-doo ကပြောပါတယ်။ လေယာဉ်မှုးရဲ့ အားနည်းချက်ကြောင့် လေယာဉ်ပျက်ရတာ လို့လည်း သူက တိုက်ရိုက် မဝန်ခံပါဘူး။ လေယာဉ်မှူးခန်းထဲက Pilot တွေဟာ လေယာဉ်ပျံသန်းမှု အတွေ့အကြုံကို နာရီပေါင်း
ထောင်ပေါင်းများစွာ ရှိသူတွေဖြစ်တယ်လို့ ပြောပါတယ်။
XS
SM
MD
LG