သုံးရလွယ်ကူစေသည့် Link များ

သမ္မတကတိအတိုင်း နိုင်ငံရေးအကျဉ်းသားတွေ စတင်လွှတ်


ဒီကနေ့လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားများ (၂၃ ဇူလိုင် ၂၀၁၃)
ဒီကနေ့ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတချို့ ပါဝင်ပြီး လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီက တင်ပြထားတဲ့ စာရင်းထဲကအတိုင်း သမ္မတဦးသိန်းစိန်အမိန့်နဲ့ ပြန်လွှတ်ပေးနေတာ ဖြစ်တယ်လို့ သမ္မတပြောခွင့်ရက ပြောပါတယ်။ ဥရောပခရီးစဉ်အတွင်း သမ္မတက ၂၀၁၃ အကုန်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ မရှိစေရဆိုပြီး ကတိပေးထားပေမယ့် လှုပ်ရှားသူတချို့ အဖမ်းဆီး ခံနေရဆဲဖြစ်လို့ ဝေဖန်မှုတွေ ရှိနေတဲ့အပေါ် တည်ဆဲဥပဒေကို လိုက်နာဖို့ လိုတယ်လို့လည်း အာဏာပိုင်ဘက်က ပြောပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အကူးအပြောင်းကာလမှာ မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ၂၀၁၃ အကုန်မှာ မရှိစေရဘူးဆိုတဲ့ သမ္မတရဲ့ ကတိစကားအတိုင်း လုပ်ဆောင်ပေးနေတာ ဖြစ်တယ်လို့ သမ္မတပြောခွင့်ရ ဒုတိယ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။ ဒီကနေ့ နိုင်ငံတော်သမ္မတအမိန့်နဲ့ အကျဉ်းသားတချို့ ပြန်လွှတ်ပေးတဲ့အထဲ နိုင်ငံရေးအကျဉ်းသား ပါဝင်တယ်ဆိုတာကို ဦးရဲထွဋ် က အတည်ပြုပါတယ်။

“သမ္မတကြီး အကြိမ်ကြိမ် ပြောသလိုပါပဲခင်ဗျာ။ သမ္မတကြီးကတော့ ယုံကြည်ချက်ကြောင့် ဒီနိုင်ငံရေးကြောင့် အကျဉ်းကျခံတဲ့သူတွေ တစ်ယောက်မှ သူ အကျဉ်းထောင်ထဲမှာ မရှိစေချင်ဘူး။ အားလုံးဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာပဲဖြစ်ဖြစ်၊ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းမှာပဲဖြစ်ဖြစ်၊ သာမန်အရပ်ဘက် လူမှုအဖွဲ့အစည်းတွေမှာပဲဖြစ်ဖြစ် ပါဝင်တာကို သူက လိုလားပါတယ်။ ဒါကြောင့်မို့လို့လည်း ဒီကော်မတီကို ဖွဲ့စည်းပြီးတော့မှ စိစစ်ပြီးတော့မှ လွှတ်ပေးနေတာ ဖြစ်ပါတယ်။ အဲ့ဒီတင်ပြချက်အရပဲ ဒီကနေ့ အဲ့ဒီစာရင်းထဲမှာ ပါတဲ့သူတွေကို ပြန်လွှတ်ပေးတာဖြစ်တယ်လို့ အကြမ်းဖျဉ်း ကျနော်တို့ သိရပါတယ်။”

သမ္မတအနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ တိုးတက်ဖြစ်ထွန်းနေတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ ပါဝင်စေလိုတဲ့အတွက် လက်ရှိ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကနေ သမ္မတကို တင်သွင်းလာတဲ့ စာရင်းအတိုင်း စိစစ်ပြီး လွှတ်ပေးနေတာ ဖြစ်တယ်လို့လည်း သမ္မတပြောခွင့်ရ ဦးရဲထွဋ် က ဆက်ပြောပါတယ်။

“ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းခေါင်းဆောင်တဲ့ ဒီနိုင်ငံရေးအကျဉ်းသားတွေကို ပြန်လည်စိစစ်တဲ့အဖွဲ့ရှိပါတယ်။ အဲ့တော့ အဲ့ဒီအဖွဲ့က သူတို့ သမ္မတကြီး ပြည်ပခရီးစဉ် မသွားခင်တုန်းက အဖွဲ့ကနေပြီးတော့မှ သူတို့အဖွဲ့ထဲမှာ ဒီလူတွေကတော့ နိုင်ငံရေးပြစ်မှုနဲ့ နိုင်ငံရေးကြောင့် ဆက်နွယ်ပြီးတော့ အကျဉ်းကျခံနေရတဲ့သူတွေ ဖြစ်တယ်။ ကျန်တဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်ခြင်း မရှိပါဘူးလို့ သူတို့ သဘောတူတဲ့ စာရင်းတစ်ခုကို ပြုစုပြီးတော့ သမ္မတရုံးကို တင်ပေးပါတယ်ခင်ဗျ။ ကော်မတီတွင်းမှာကိုက အရေအတွက်နဲ့ပတ်သက်လို့ရော နောက်တခါ ကျူးလွန်တဲ့ပြစ်မှုနဲ့ပတ်သက်လို့ရော သူတို့ အပြန်ပြန်အလှန်လှန် ဆွေးနွေးရတဲ့အတွက်ကြောင့်မို့ အချိန်ယူရတာတော့ ရှိတာပေါ့။”

အစိုးရနဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေရဲ့ စာရင်းပြုစုချက်နဲ့ ပြန်လွှတ်ပေးနေတာ ဖြစ်ပေမဲ့လို့ နိုင်ငံအရေးအကျဉ်းသားဦးရေ ၁၀၀ ကျော် ကျန်နေတဲ့အထဲ အရေအတွက် ကွာဟမှုတွေ ရှိနေလို့ စိစစ်ဆောင်ရွက်နေကြတယ်လို့လည်း လက်ကျန် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကော်မတီဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဥာဏ်ဝင်းက ပြောပါတယ်။ ဒီကနေ့ ပြန်လွတ်မြောက်လာတဲ့ သူတွေထဲမှာတော့ စာရင်းထဲက ပါတဲ့သူတချို့ ပါဝင်တယ်ဆိုတာကို ဦးဥာဏ်ဝင်းက အတည်ပြု ပြောဆိုပါတယ်။

“ပါပါတယ်။ ဘယ်နှစ်ယောက် ဘာညာဆိုတာကိုတော့ ကျနော်တော့ စာရင်းတော့ မရသေးဘူး။ အဲ့ဒီက စိစစ်ထားတဲ့ဟာပါတယ်။ အဲ့လိုတော့ သိရတယ်။ ဒီအကျဉ်းသားစာရင်းပေါ့ အသီးသီး တင်ကြတယ်နော်။ ဟိုအဖွဲ့တင်တယ်။ ဒီအဖွဲ့တင်တယ်။ အဲ့ဒီထဲက အဲ့ဒီစာရင်းက ပထမဆုံးက နိုင်ငံရေးအကျဉ်းသား တကယ်ရှိ - မရှိ၊ ရှိရင်လည်း ဘယ်မှာရှိတယ်။ တချိန်က အကျဉ်းသားဖြစ်ခဲ့ပြီး လွတ်သွားခဲ့ပြီလား။ ဒါတွေကို စိစစ်ရတာလေ။ အကုန်လုံးပဲ။ နောက် စာရင်းထပ်နေတာတွေ။ တချို့ မပြည့်စုံဘူးပေါ့နော်။”

ယုံကြည်ချက်ကြောင့် ထောင်ချခံနေရသူတွေ ပြန်လွှတ်ပေးဖို့မှာ နိုင်ငံရေး အကျဉ်းသားဆိုတဲ့ တိကျတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက် ရှိဖို့ လိုအပ်နေတယ်လို့ အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားသူတွေက တောင်းဆိုနေတဲ့အပေါ် သမ္မတပြောခွင့်ရသူ ဦးရဲထွဋ် က အခုလို တုံ့ပြန်ပါတယ်။

“ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းရဲ့ ကော်မတီထဲမှာ အစိုးရဘက်က ပုဂ္ဂိုလ်တွေသာမက ပညာရှင်တွေရော၊ နောက် သူတို့ကိုယ်တိုင် နိုင်ငံရေးကြောင့်နဲ့ ပတ်သက်ပြီးတော့မှ အကျဉ်းကျခံခဲ့ရသူတွေပါ ပါတဲ့အတွက်ကြောင့်မို့ သူတို့ဟာသူတို့ပဲ စဉ်းစားဆုံးဖြတ်ပြီးတော့မှ ဘယ်သူ့ရဲ့အမှုကတော့ နိုင်ငံရေးဖြစ်တယ်။ ဘယ်သူတွေကတော့ ခုနလိုမျိုးပေါ့နော် နစ်နာသူရှိတယ်။ လူသတ်မှုတို့၊ ဗုံးခွဲမှုတို့လိုမျိုးနဲ့ အကျုံးဝင်တာမျိုး။ ဒါ သူတို့ဟာသူတို့ပဲ ဆုံးဖြတ်တာပါခင်ဗျ။ ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့ကတော့ ဘယ်လိုလူမျိုးကိုမှ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ပြီးတော့ စဉ်းစားပါလို့ ပြောထားတာ မရှိပါဘူး။”

သမ္မတဦးသိန်းစိန် မကြာသေးခင်က ဥရောပခရီးစဉ် သွားရောက်ခဲ့စဉ်အတွင်း မြန်မာနိုင်ငံတွင်းမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ၂၀၁၃ အကုန်မှာ မရှိစေရဘူးဆိုတဲ့ သမ္မတရဲ့ ကတိစကားအတိုင်း နိုင်ငံရေး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေးနေပေမဲ့လို့ အခုရက်ပိုင်း၊ လပိုင်းအတွင်းမှာကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူအချို့ အဖမ်းဆီး အထိန်းသိမ်းခံနေရတာတွေနဲ့ ပတ်သက်လို့ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာဖို့ လိုအပ်တယ်လို့ သမ္မတပြောခွင့်ရ ဦးရဲထွဋ် က ပြောဆိုပါတယ်။

“ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒပြတာနဲ့ပတ်သက်တဲ့ ပြဌာန်းချက်ကို ချိုးဖောက်သလို ဖြစ်တာကိုး။ သူ့ဟာနဲ့သူ ကျန်တဲ့ကိစ္စမျိုးတွေ သက်သက်ကြီး နိုင်ငံရေးလုပ်လို့ဆိုတဲ့ ဟာမျိုးတော့ ကျနော်တို့မှာ မရှိပါဘူး။ နောက်တခါ ပိုင်နက်ကျူးလွန်မှုလို ဟာမျိုးနဲ့ ပတ်သက်တာမျိုးရှိတယ်။ ဒီလိုဟာမျိုးတော့ ရှိတာကိုးနော်။ ကျန်တဲ့လိုမျိုး အစိုးရကို ဝေဖန်တာတို့၊ ကျနော်တို့ အရေးယူတယ်ဆိုတဲ့ဟာမျိုးတော့ မရှိပါဘူး။”

အခုလက်ရှိမှာတော့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဦးဆောင်ပြီး ပြည်ထဲရေး၊ ရှေ့နေချုပ်ရုံး၊ အထူးစုံစမ်းစစ်ဆေးရေး၊ အကျဉ်းဦးစီးဌာန၊ လူ့အခွင့်အရေးကော်မရှင်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေပါဝင်တဲ့ လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ကလည်း တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းပြီး နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး စီစဉ်ဆောင်ရွက်နေကြပါတယ်လို့လည်း ကော်မတီဝင်တွေက ပြောပါတယ်။
XS
SM
MD
LG