ပိုလန်နိုင်ငံမှာ တရားရုံးချုပ်ရဲ့ တရားသူကြီး ၃ပုံ ၁ပုံကို ရာထူးက အဓမ္မထွက်ခိုင်းတဲ့ ဥပဒေသစ်တရပ်ကို နိုင်ငံတဝှမ်း ဆက်လက်ဆန့်ကျင် ကန့်ကွက် ဆန္ဒပြနေကြပါတယ်။ Solidarity အလုပ်သမား သမဂ္ဂတည်ထောင်သူ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Lech Walesa ကလည်း ချီတက်ဆန္ဒပြရာမှာ ပါဝင်ပြီး၊ နိုင်ငံကို ဦးဆောင်နေတဲ့ လက်ဝဲသမားတွေ နှုတ်ထွက်ရမယ်လို့ တရားရုံးအရှေ့က လူထု ပရိတ်သတ်ကို ပြောကြားခဲ့ပါတယ်။
ဖွဲ့စည်းပုံဥပဒေနဲ့ division of powers လို့ခေါ်တဲ့ အာဏာ(၃)ရပ် ခွဲခြားမှုကို ချိုးဖေါက်တဲ့သူဟာ ရာဇဝတ်ကောင်ဖြစ်တယ်၊ ဒီလူတွေကိုဖယ်ရှားဖို့ ဘာမဆို လုပ်ကြရမယ်လို့လည်း သူကဆိုပါတယ်။ အစိုးရရဲ့ လုပ်ရပ်ကြောင့် ပြည်တွင်းစစ် ဖြစ်လာနိုင်တယ်လို့လည်း ဟောကိန်းထုတ်လိုက်ပါတယ်။
ပိုလန်ဝန်ကြီးချုပ် Mateusz Morawiecki ကတော့ တရားရုံးချုပ် တရားသူကြီးတွေရဲ့ အငြိမ်းစားသက်တမ်း လျှော့ချတဲ့ဆုံးဖြတ်ချက်ကို ဥရောပ ပါလီမန်ရှေ့မှာ ဗုဒ္ဓဟူးနေ့ ကာကွယ်ပြောကြား ခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့အပြောကို ဥရောပသမဂ္ဂ ခေါင်းဆောင်တွေက လက်မခံကြပဲ ပိုလန်နိုင်ငံ ကွန်ဆာဗေးတစ် အစိုးရက တရားရုံးတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတယ်- ပိုလန်ရဲ့ဒီမိုကရေစီ အန္တရာယ်ကျရောက်နေတယ်လို့ ပြောဆိုကြပါတယ်။