သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ပိုလန်ရောက်


သမ္မတ Donald Trump နဲ့ သမ္မတ ကတော် Melania Trump တို့ ပိုလန်နိုင်ငံ ဝါဆောမြို့ကို ဆိုက်ရောက်စဉ်။
သမ္မတ Donald Trump နဲ့ သမ္မတ ကတော် Melania Trump တို့ ပိုလန်နိုင်ငံ ဝါဆောမြို့ကို ဆိုက်ရောက်စဉ်။

ဂျာမနီနိုင်ငံ Hamburg မြို့မှာ ကျင်းပမယ့် G 20 စီးပွားအင်အားကြီး နိုင်ငံ ၂၀ ရဲ့ထိပ်သီးညီလာခံကို တက်ရောက်ဖို့ အတွက် ဥရောပတိုက်ကို ၄ ရက်ကြာ ခရီးစဉ်အဖြစ် ဗုဒ္ဓဟူးနေ့ ဝါရှင်တန် ဒေသစံတော်ချိန် မနက်ပိုင်းက ထွက်ခွာသွားတဲ့ သမ္မတ Donald Trump ဟာ ပထမ ခရီးတထောက် အဖြစ်နဲ့ ပိုလန်နိုင်ငံ ဝါဆောမြို့ကို မကြာသေးခင် နာရီပိုင်းအတွင်းပဲ ဆိုက်ရောက်သွားပြီ ဖြစ်ပါတယ်။

သမ္မတ Trump ဟာ ဒီကနေ့ ကြာသပတေးနေ့ မှာတော့ မြို့တော် ဝါဆောမှာရှိတဲ့ သမိုင်းဝင် Krasinski ရင်ပြင်မှာ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ သမ္မတ Trump ရဲ့ပိုလန်ခရီးစဉ် အပေါ် ဒေသခံတွေရဲ့ အမြင်သဘောထား တွေကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြ ပေးထားပါတယ်။

သမ္မတ Donald Trump ဟာ ဂျာမနီနိုင်ငံ Hamburg မြို့မှာ သောကြာနေ့ စတင်မယ့် G 20 စီးပွားအင်အားကြီး နိုင်ငံ ၂၀ ရဲ့ ထိပ်သီး စည်းဝေးပွဲ မတက်ခင် ပိုလန်နိုင်ငံ ဝါဆောမြို့ကို တရက်ကြာ သွားရောက် လည်ပတ်တာ ဖြစ်ပါတယ်။

နေတိုး မဟာမိတ် အဖွဲ့အပေါ်ထားတဲ့ သူ့ရဲ့ သဘောထား၊ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ပဲရစ် နိုင်ငံတကာ သဘောတူညီချက် ကနေ အမေရိကန် ပြည်ထောင်စု နုတ်ထွက်လိုက်တဲ့ ကိစ္စအပြင် ရုရှားသမ္မတ Vladimir Putin ကို ချီးကျူး ပြောဆိုခဲ့တာတွေ စတဲ့ သူ့ရဲ့ ပေါ်လစီပိုင်း ဆိုင်ရာ ရပ်တည် ပြောဆိုမှုတွေ အပေါ် ဥရောပတိုက် အတွင်း ကာလရှည်ကြာ စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့ အချိန်မှာ သမ္မတ Trump ဥရောပတိုက်ကို ရောက်ရှိသွားတာလည်း ဖြစ်ပါတယ်။

သမ္မတ Trump ဟာ ဒီကနေ့ ကြာသပတေးနေ့မှာ မြို့တော် ဝါဆောမှာရှိတဲ့ Krasinski ရင်ပြင်မှာ မိန့်ခွန်းပြောကြားဖို့ ရှိတာကြောင့် ဒါဟာ ဥပရောပတိုက်အတွင်း သမ္မတ Trump အနေနဲ့ အများပြည်သူ ရှေ့မှာ ပထမဆုံး အကြိမ် မိန့်ခွန်း ပြောကြားမှာလည်း ဖြစ်ပါတယ်။ ဒီရင်ပြင်ဟာ အကြွင်းမဲ့ အာဏာရှင် စနစ်ကို ပိုလန်နိုင်ငံသားတွေ တော်လှန်တဲ့ နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

သမ္မတ Trump ပိုလန်နိုင်ငံကို လာရောက် လည်ပတ်တဲ့အပေါ် ဒေသခံတွေက ဘယ်လို သဘောထားတွေ ရှိကြပါလဲ။ မြို့တော် ဝါဆောမှာ နေထိုင်တဲ့ Adam Kedziorek (ကက်ဇိုင်အိုရက်ခ်) ကတော့ -

“အမေရိကန် သမ္မတက ပိုလန်နိုင်ငံကို လာလည်တဲ့ အတွက် ကျနော်တို့ ဝမ်းသာပါတယ်။ အထူးသဖြင့် ပိုလန်နိုင်ငံသားတွေနဲ့ ဝါဆောမြို့သားတွေ အတွက် သမိုင်းဝင် မြို့တမြို့ဖြစ်တဲ့ ဒီမြို့ကို လာလည်တဲ့ အတွက် ကျေးဇူးတင်ပါတယ် ”

Marcin Zaborowski လို ဒေသခံ အများစုကတော့ အမေရိကန်နဲ့ လုံခြုံရေး တိုးမြင့် ဆောင်ရွက်မယ့် ကိစ္စကို ကြိုဆိုကြပါတယ်။

“ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဝါဆောမြို့ဟာ လုံး၀ မြေလှန် ဖျက်ဆီးခံလိုက်ရတဲ့ အတွက် လုံခြုံရေးနဲ့ ပတ်သက်လို့ အရမ်း သတိထားကြပါတယ်။ ပြီးတော့ ကျနော်တို့ဟာ ရန်လိုတဲ့ ရုရှားရဲ့အိမ်နီးချင်းလည်း ဖြစ်နေတယ်လေ။”

ရုရှားနဲ့ အဲဒီလို အိမ်နီးချင်း ဖြစ်နေတဲ့အတွက်လည်း ပိုလန်ဟာ လုံခြုံရေးအရ အာမခံရှိဖို့ နေတိုး မဟာမိတ်အဖွဲ့ကို အားကိုး အားထား ပြုနေရခြင်း ဖြစ်တယ်လို့ ပြောလာသူကတော့ ဝါဆောတက္ကသိုလ်က ပါမောက္ခတဦးဖြစ်သူ Zbegniew Lewicki ပါ။

“အများစု ကတော့ အမေရိကန်အနေနဲ့ သူ့ရဲ့ တပ်ဖွဲ့တွေကို ပိုလန်မှာ ဆက်ထားတာကို လိုလားကြပါတယ်။ ပြီးတော့ နေတိုး မဟာမိတ်အဖွဲ့နဲ့ အမေရိကန် အစိုးရကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ် အပိုဒ် (၅) ပါ မဟာမိတ် အဖွဲ့ဝင်နိုင်ငံတခုက အကူအညီ လိုအပ်တဲ့အခါမှာ လာရောက် ကူညီပေးမယ် ဆိုတဲ့ အချက်ကိုလည်း လိုက်နာ ကျင့်သုံးလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။”

ပိုလန်မှာ ရှိနေစဉ်အတွင်း စီးပွားရေးဆိုင်ရာ ကိစ္စရပ်ကိုလည်း ဦးစားပေး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ လောင်စာဆီ မှီခိုအားထားရမှု လျော့ကျရေး အတွက် ရည်ရွယ် လုပ်ဆောင်တဲ့ Three Seas Initiative ထိပ်သီး စည်းဝေးပွဲကို သမ္မတ Trump တက်ရောက်မှာ ဖြစ်ပါတယ်။ အမေရိကန်က တင်သွင်းတဲ့ သဘာဝဓါတ်ငွေ့တွေကို အဓိက လက်ခံပေးတဲ့ နိုင်ငံဖြစ်ဖို့ ပိုလန်က မျှော်လင့်နေတာပါ။

လက်ရှိအချိန်မှာတော့ ပိုလန်နိုင်ငံဟာ ရုရှားက တင်သွင်းတဲ့ ဓါတ်ငွေ့တွေအပေါ် မှီခိုအားထားနေရတယ်လို့ ပါမောက္ခ Zbegniew Lewicki က ပြောပါတယ်။

“အခုချိန်မှာတော့ ကျနော်တို့ဟာ ဓါတ်ငွေ့တွေကို ရုရှားနိုင်ငံက Gazprom ကုမ္ပဏီကနေ ရနေပါတယ်။ ရုရှားက အဲဒါကို အသုံးချပြီး ပိုလန်နဲ့ ယူကရိန်းတို့ကို အနိုင်ကျင့်တာ၊ အကျပ်ကိုင်တာတွေ လုပ်ပါတယ်။”

ထောက်ခံသူတွေ ကတော့ သမ္မတ Trump အစိုးရနဲ့ ပိုလန် အစိုးရ အကြား တူညီမှုတွေ အများအပြား ရှိတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့်လည်း သမ္မတ Trump ရဲ့ ခရီးစဉ်ကြောင့် အရှေ့နဲ့ အနောက် ဥရောပတိုက် အကြား ရှိနေပြီး ဖြစ်တဲ့ သဘောထား ကွဲပြားမှုတွေ ပိုမို ကြီးထွားလာစေ နိုင်တယ်ဆိုပြီး စိုးရိမ်သူတွေလည်း ရှိနေတာပါ။

သမ္မတ Trump ဟာ ကြာသပတေးနေ့မှာပဲ ဂျာမနီနိုင်ငံကို ခရီးဆက်မှာဖြစ်ပြီး သောကြာနေ့ G 20 ထိပ်သီး စည်းဝေးပွဲ မစခင် ကြာသပတေးနေ့ နှောင်းပိုင်းမှာ ဂျာမန်ဝန်ကြီးချုပ် Angela Merkel နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

သမ္မတ Trump နဲ့ ရုရှားသမ္မတ Vladimir Putin တို့ ၂ ဦးဟာ ညီလာခံ ပြင်ပမှာ သီးခြား တွေ့ဆုံဖို့ရှိကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော် ကရော ရုရှားအစိုးရ ဘက်ကပါ အတည်ပြု ပြောဆိုထားပါတယ်။

သမ္မတ Trump ပိုလန်ရောက်
please wait

No media source currently available

0:00 0:04:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG