သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲလက်မှတ်တံဆိပ် အရောင်လွဲမှားမှု နိုင်ငံရေး ပါတီတွေ စိုးရိမ်


နိုဝင်ဘာ (၈) ရက်နေ့မှာကျင်းပတော့မယ့် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကထုတ်ဝေတဲ့ မဲလက်မှတ်မှာ နိုင်ငံရေးပါတီတွေရဲ့အမှတ်တံဆိပ် အရောင်လွဲမှားနေတဲ့အတွက် နိုင်ငံရေးပါတီတွေက ကန့်ကွက်နေကြပါတယ်။ အဓိကနိုင်ငံရေး ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတချို့ရဲ့ မဲလက်မှတ်တွေမှာ အမှားအယွင်းတွေရှိနေတာကြောင့် မဲဆန္ဒရှင်တွေ မဲပေးရာမှာ အခက်တွေ့စေနိုင်တယ်လို့လည်း ပြောပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကထုတ်ဝေတဲ့ မဲလက်မှတ်မှာ NLD ခေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပါတီအမှတ်တံဆိပ်ဟာ ကြယ်ဖြူနေရာမှာ ကြယ်ဝါအဖြစ်ပြောင်းလဲသွားတဲ့အတွက် ပါတီ အမှတ်တံဆိပ်ကိုကြည့်ပြီး မဲပေးသူတွေအတွက် အခက်တွေ့စေတယ်လို့ NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်သူ နန်းခင်ထွေးမြင့်က ပြောပါတယ်။

“ကျမတို့က ရွာတွေဆင်းရင် အမြဲတမ်းပြောတယ်၊ ကြယ်ဖြူတစ်လုံး၊ ခွပ်ဒေါင်းဆိုပြီး ပြောတဲ့အခါကျတော့ တော်တော်များများကတော့ သိပြီး ကြည့်နေကြတာပေါ့နော်။ စာရွက်ကအဝါမို့လို့ အဝါဖြစ်သွားတယ်၊ ခွပ်ဒေါင်းနဲ့ ကြယ်ဖြူက ကြယ်ဖြူပဲ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကြည့်တော့လည်း စာလုံးလေးကသေးသေးလေးဆိုတော့ ကျမတို့အတွက်တော့ ဘာပဲပြောပြောပေါ့-……..ဒါတွေက။”

အလားတူ မွန်ပြည်နယ်အတွင်း မွန်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ မွန်အမျိုးသားပါတီရဲ့တံဆိပ် ကြယ်ဖြူနဲ့ ဟင်္သာပုံဟာ အရောင်ကွဲလွဲနေလို့ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ခဲ့တယ်လို့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မိတီဝင် နိုင်စံလှိုင်က အခုလိုပြောပါတယ်။

“အခုက ဘာဖြစ်သလဲဆိုတော့ ဟင်္သာကြယ်ဝါဆိုတာ ကျနော်တို့ပေးထားတဲ့ message က ဟင်္သာကြယ်ဖြူဖြစ်နေပါတယ်။ နောက်ပြီးတော့ ထွက်လာတာက ဟင်္သာကြယ်ဝါဆိုတော့ ကျနော်တို့ ပြည်သူလူထုတွေအတွက်က ဝေဝေဝါးဝါး၊ ယောင်ယောင်မှားမှား အလွဲအချော်တွေဖြစ်နိုင်တဲ့အတွက် ကျနော်တို့က ဒီကိစ္စနဲ့ ပက်သက်ပြီးတော့ ကျနော်တို့ နစ်နာမှုဖြစ်တဲ့အတွက် ရွေးကောက်ပွဲကောက်မရှင်ကို ကန့်ကွက်မယ်လို့ စကားအရပြောထားပြီးသား၊ ဒီ ပြည်နယ်ကော်မရှင်ကလည်း ကန့်ကွက်စာတင်မယ်ဆိုရင် ပြည်ထောင်စုကော်မရှင်ကို တိုက်ရိုက်တင်လိုက်ပါတဲ့။ ဘာကြောင့်လဲဆိုတော့ ပြည်ထောင်စု ကော်မရှင်က လုပ်တဲ့ကိစ္စဖြစ်တဲ့အတွက် သူတို့ဆီမှတော့ ကန့်ကွက်ရင်လည်း အပြီးသတ်မှာမဟုတ်တဲ့အတွက် အဲဒါဆိုတော့ ကန့်ကွက်မယ်ဆိုလို့ရှိရင် ပြည်ထောင်စုကော်မရှင်ကိုကန့်ကွက်ပါတဲ့။ သူတို့ကို copy ပဲပေးပါတဲ့ ။ ဒီလိုပြောထားတယ်။”

အထူးသဖြင့် ကျေးလက်နယ်ဒေသတွေမှာ မြန်မာစာမတတ်သူတွေဟာ ပါတီအမှတ်တံဆိပ်ကိုကြည့်ပြီး မဲပေးမှာဖြစ်လို့ အခုလို ပါတီတံဆိပ်သင်္ကေတ အရောင်ပြောင်းသွားတာဟာ ပြည်သူတွေမဲထဲ့ရေးမှာထိခိုက်နိုင်တယ်လို့ မွန်အမျိုးသား ပါတီရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမင်းစိုးလင်းက ပြောပါတယ်။

“ကျနော်တို့မှာက အသက်ကြီးပြီး မျက်စိမမြင်တဲ့သူတွေရှိတယ်၊ စာလုံးဝမတတ်တဲ့သူတွေရှိတယ်။ အဲဒီလူတွေအားလုံး မဲပေးနိုင်ဖို့က …. - အဲဒါ ဟင်္သာ၊ ကြယ်ဖြူလေးကိုပဲ ကျနော်တို့က အဓိကထား slogan တစ်ခုအနေနဲ့ သူတို့ကို သင်ထားတာ။ အခု ကြယ်က မဖြူတော့ ဒုက္ခရောက်ပြီပေါ့။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေတဲ့မဲလက်မှတ်ဟာ အဝါရောင်ဖြစ်နေတဲ့အတွက်အဖြူရောင်သုံး ထားတဲ့ပါတီတံဆိပ် အမှတ်အသားတွေဟာ မဲလက်မှတ်အောက်ခံဖြစ်တဲ့ အဝါရောင်ဖြစ်နေတာဖြစ်ပြီး ပါတီတံဆိပ်ပုံစံ ပျက်ယွင်းမသွားဘူးလို့ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အရာရှိ ဦးဟိဏ်းလင်းထက်က နိုင်ငံရေးပါတီတွေကို ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒီကနေ့မှာ ရွေးကောက်ပွဲကော်မရှင်ကနေ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိတဲ့ လူစာရင်းထုတ်ပြန်ခဲ့ရာမှာ အမှားအယွင်းများပြားနေဆဲလို့ NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်သူ နန်းခင်ထွေးမြင့်ကပြောပါတယ်။

“အခု အဲဒါထက်ဆိုးတာက နောက်ဆုံးထုတ်တဲ့စာရင်းမှာ - ပထမတုန်းကလည်းပါတယ်၊ ဒုတိယမှာလည်းပါတယ်။ တတိယကျမှ မပါတော့တဲ့လူတွေ အများကြီး။ ကျေးရွာအုပ်စုတွေ တအုပ်စုလုံးပျောက်နေတယ်။”

ဒီကနေ့မှာထုတ်ပြန်တဲ့မဲစာရင်းမှားယွင်းမှုဟာ ပြန်လည်ပြင်ဆင်ဖို့ အချိန်မရှိတော့တဲ့အခြေအနေတွေကြောင့် မဲပေးပိုင်ခွင့်ဆုံးရှုံးသွားမဲ့အရေးကို စိုးရိမ်တယ်လို့လည်း နန်းခင်ထွေးမြင့်ကပြောပါတယ်။

အရင်ကထုတ်ပြန်တဲ့မဲစာရင်းမှာ မဲပေးခွင့်ရှိပေမဲ့လည်း အခုနောက်ဆုံးထုတ်ပြန်တဲ့ မဲပေးခွင့်စရင်းမပါရှိတဲ့ဖြစ်စဉ်အပေါ် ကရင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးမောင်မောင်နိုင်က အခုလိုရှင်းပြပါတယ်။

“မဲစာရင်းဆိုတာက ဒုတိယအကြိမ်မှာတော့ သူတို့ ထုတ်တဲ့အချိန်မှာ ပါတယ်ဆိုပေမယ့်လည်း အဲဒီအချိန်မှာ ပုံစံတွေနဲ့ ကန့်ကွက်တာတွေလည်း ရှိပါလိမ့်မယ်။ နောက်ပြီးလို့ရှိရင်လည်း ဒီမဲစာရင်းမှာ မပါဝင်သင့်တဲ့လူတွေ ပါဝင်နေကြောင်းကို သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်နဲ့ မြို့နယ်ကော်မရှင်တွေက စစ်ဆေးတွေ့ရှိရတယ်ဆိုလို့ရှိရင်လည်း ကော်မရှင်ရဲ့အနေအထားအရ ဥပဒေနဲ့အညီ ဒါတွေကို မဲစာရင်းက စီစစ်ပြီးတော့ ဆောင်ရွက်လို့ရတဲ့အတိုင်းအတာလည်း ရှိပါတယ်။ အဲဒါတွေကြောင့်မို့လို့လည်း မဲစာရင်းထဲ ပြန်ပြီးတော့ မပါတာ ဖြစ်ပါလိမ့်မယ်။”

အလားတူ မွန်ပြည်နယ်အတွင်းမှာလဲ မွန်နိုင်ငံရေးပါတီတွေအားသာတဲ့ကျေးရွာအုပ်စုတွေမှာ မဲပေးပိုင်ခွင့်ရှိတဲ့ လူစာရင်း အမှားအယွင်းရှိနေဆဲဖြစ်ပြီး မှားယွင်းမှု အတိုင်းအတာကိုတော့ စစ်တမ်းကောက်ယူနေဆဲလို့ မွန်အမျိုးသားပါတီရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမင်းစိုးလင်းက ပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်ကနေ မဲစာရင်းထုတ်ပြန်ရာမှာ မှားယွင်းမှု များပြားနေသလို ရွေးကောက်ပွဲ မဲဆွယ် ခရီးစဉ်တွေမှာလည်း ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ ပါတီချင်းတိုက်ခိုက်မှု၊ လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင်တဲ့ ဟောပြောစည်းရုံးမှုတွေ ရှိနေတာကြောင့် မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲပုံရိပ် ဆိုးရွားစွာဖြစ်လာမှာကို စိုးရိမ်တယ်လို့လည်း ဒေါက်တာမင်းစိုးလင်းက ပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ လာမယ့် နိုဝင်ဘာလ (၆) ရက်နေ့ ည (၁၂) နာရီအချိန်ကစပြီး ရွေးကောက်ပွဲပြီးတဲ့အထိ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးရေးကို ရပ်နားရမယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်ခင်ဗျာ။

XS
SM
MD
LG