သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းတောင်ပိုင်း ၁၆ မြို့နယ် ကျေးရွာတွေမှာ ပါတီ မဲဆွယ်မှုများ မလုပ်နိုင်သေး


ရှမ်းပြည်သူလူထု မဲပေးစဉ်။
ရှမ်းပြည်သူလူထု မဲပေးစဉ်။

ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ မြန်မာ့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တွေအကြား စစ်ရေးတင်းမာနေဆဲ အခြေအနေကြောင့် နိုင်ငံရေး ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရာမှာ အခက်တွေ့နေတာပါ။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန် မိုးမိတ် မူဆယ်မြို့နယ် ဘက်မှာ မြန်မာ့တပ်မတော်နဲ့ တအာင်းပလောင်တပ်ဖွဲ့တို့ အကြား တိုက်ပွဲပြင်းထန် စွာ ဖြစ်ပွါးနေသလို စစ်ရေးတင်းမာနေတဲ့ တောင်ပိုင်း ရှမ်းပြည် တပ်မတော်ကနေ နယ်မြေ (၁၆)မြို့ နယ် အတွင်းမှာ မဲဆွယ်စည်းရုံးခွင့် ကန့်သတ်ထားတဲ့ အတွက် အခက်တွေ့နေတယ်လို့လည်း နိုင်ငံရေး ပါတီတွေဘက်က ပြော ပါတယ်။ ဒီအခက်ခဲကို ကျော်လွှားနိုင်အောင် ရှမ်းနိုင်ငံရေး ပါတီ ခေါင်းဆောင်တွေ နဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော်တို့ အကြား ညှိနှိုင်းနေတဲ့ အခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း ပြီး အခုလို သတင်းပေးပို့ထားပါတယ်။

လာမယ့် နိုဝင်ဘာလ ပထမအပါတ်မှာ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မှာဖြစ်ပေမဲ့ ရှမ်းပြည်နယ် အတွင်းမှာတော့ စစ်ရေးပဋိပက္ခ အရှိန်ပြင်းထန်နေဆဲဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် မိုးမိတ်မြို့နယ်နဲ့ မူဆယ်မြို့နယ်ဘက်မှာ တအာင်းပလောင် တပ်ဖွဲ့ TNLAနဲ့ မြန်မာစစ်တပ်တို့ အကြားမှာ တိုက်ပွဲတွေ ရက်ဆက် ဆိုသလို ဖြစ်ပွါးနေပါတယ်။ ဒီနေ့မှာ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ TNLAပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး မိုင်းအိုက်ကျော်က အခုလိုပြောပါတယ်။

" ဒီမနက် ၈နာရီ ၄၀မှာ နမ့်ဆန်မြို့နယ် ပန်တောကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်ပွားတယ်။ ကိုးနာရီခွဲ နီးနီးလောက်မှာ တိုက်ပွဲ ပြီးသွားတယ်။ အဲ့ဒီမှာ ကျနော်တို့ဘက်ကတော့ အကျအဆုံးမရှိဘူး။ အစိုးရဘက်ကတော့ သုံးဦးကျသွားတယ် သိရတယ်။ ကိုးနာရီခွဲလောက်မှာပဲ မိုးမိတ်မြို့နယ် ထဲမှာ နောက်ထပ် တကြိမ်ပြန်ဖြစ်တယ်။ မနေ့ကတော့ မူဆယ်မြို့နယ် မော်တောင်းရွာနား နဲ့ မန်ဟန်ရွာနားမှာ တိုက်ပွဲက တော်တော်လေးပြင်းထန်တယ်။ ငါးနာရီလောက်ကြာတာပေါ့။"

စက်တင်ဘာ(၂၄)ရက်နေ့ မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာ နဲ့ မန်ဟန်ကျေးရွာကြား ဖြစ်ပွါးတဲ့တိုက်ပွဲမှာ တအာင်း ပလောင်တပ်ဖွဲ့ဘက်က တပ်စွဲထားတဲ့တောင်ကုန်းကို မြန်မာစစ်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ထိုး စစ်ဆင် ခဲ့တယ်လို့ မိုင်းအိုက်ကျော်ကပြောပါတယ်။

ဒီတိုက်ပွဲမှာ TNLAဘက်က တဦးဒဏ်ရာရပြီး မြန်မာ့တပ်မတော်ဘက်က (၂၀) ဦးကျော် ကျဆုံး သွားတယ်လို့ TNLA ဘက်က ထုတ်ပြန်ထားပေမဲ့ သီးခြား အတည်ပြုချက်တော့ မရရှိသေးပါဘူး။

တအာင်း ပလောင်ဒေသမှာတော့ တိုက်ပွဲတွေကြားမှာဘဲ မဲဆွယ်စည်းရုံးရေး ခရီးဆင်းနေရတယ်လို့ တအာင်းပလောင် အမျိုးသားပါတီက မန်တုန်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တာ့အိုက်မုန်းက အခုလိုပြောပါတယ်။

"တိုက်ပွဲဖြစ်လိုက် ဒီကြားကနေ အဲ့လိုမျိုး ထွက်လိုက် အဲ့လိုပဲ ကျနော်တို့ မဲဆွယ်စည်းရုံးရေးတွေ ဝင်မယ်။ ဝင်ပြီးတော့ ပြန်ထွက်မယ်။ "

တအာင်းပလောင် အမျိုးသားပါတီအနေနဲ့ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ က မြို့နယ်(၈)မြို့နယ်မှာ ကိုယ်စားလှယ် (၂၇)ဦး ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်သွား မှာဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာလဲ မြန်မာစစ်တပ်နဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပြီး တောင်ပိုင်း ရှမ်းပြည် တပ်မတော်ကနေ နယ်မြေ မအေးချမ်းတဲ့ အခြေအနေ တွေ ရှိနေတာ ကြောင့် တိုက်ပွဲဖြစ်ပွါးတဲ့ဒေသတွေဖြစ်တဲ့ ခိုလမ်၊ ကျောက်မဲ၊ မိုးပွန်၊ ပင်လုံ၊ ကွန်ဟိန်း၊ လင်းခေးမြို့နယ် တွေ အပါအဝင် စုစုပေါင်း ၁၆ မြို့နယ်မှာ မဲဆွယ်စည်းရုံးရေး မဆင်းဖို့ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အဲဒီဒေသတွေ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာမှာ မြို့ပေါ်မှာသာ လုပ်နေရပြီး ကျေးလက်နယ်ဘက်မှာ လှုပ်ရှားခွင့် မရှိဘူးလို့ လဲချားမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တဦးကအခုလိုပြောပါတယ်။

" ပြန်လှည့်သွားရတယ်လေ။ မနေ့က နမ့်ဆန်၊ ခိုလမ်၊ လဲချား ၊ မိုင်းကိုင်ဘက်မှာ ရွာတွေဘက်ကို ဆင်းလို့မရသေးဘူး။"

တခြားနိုင်ငံရေးပါတီတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD၊ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီတွေကလဲ မြို့ကြီးပေါ်မှာ မဲဆွယ် စည်းရုံးရေး ဆင်းနေကြပြီး RCSS/SSA ကန့်သတ် ထားတဲ့ မြို့နယ်(၁၆)မြို့နယ် က ကျေးလက်နယ် တွေဘက်မှာ မဲဆွယ်ခရီး စတင်တာ မရှိသေးဘူးလို့လဲ အဆိုပါ SNLDပါတီဝင် အမျိုးသမီးကပြောပါတယ်။

ဒါပေမဲ့ ကျားဖြူပါတီခေါ်ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီအနေနဲ့ ရှမ်းပြည်နယ်အနှံ့ စည်းရုံးရေးခရီးစဉ်တွေမှာ အခက်ခဲမရှိဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ စိုင်းဆောင်စီကအခုလိုပြောပါတယ်။

"ကျနော်သိသလောက်တော့ ကျနော်တို့ သတင်းအားဖြင့်ပဲ ကြားတာပဲရှိတယ်။ တကယ်တော့ ထွက်ဖြစ်ကြပါတယ်။ ကျနော်တို့ ဗဟိုကိုတော့ အဲ့ဒီ့ မထွက်ဖြစ်ဘူးဆိုတဲ့သတင်းတော့ မရောက်လာဘူး။"

အခုလိုတောင်ပိုင်း ရှမ်းပြည်တပ်မတော်ကနေ နယ်မြေကန့်သတ်ထားတဲ့ အပေါ် ဖြေလျော့ပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ခွန်ထွန်းဦးကနေ RCSS/SSAရဲ့ အတွင်းရေးမှူး စိုင်းပိန်ခမ်းကို မနေ့ကထိုင်းနိုင်ငံမှာ သွားရောက် ဆွေးနွေးခဲ့ တယ်လို့ ခွန်ထွန်းဦးကပြောပါတယ်။

" ဒီ ၁၆မြို့နယ်စလုံးက လုံခြုံရေး စိတ်မချရတဲ့အတွက် ခင်ဗျားပြောတဲ့စကားက သက်ဆိုင်ရာကို မထိရောက်ပဲနဲ့ ခင်ဗျားဖြစ်စေချင်တဲ့ကိစ္စကို မထိရောက်ပဲနဲ့ အခုဟာက ဖြစ်နေတယ်။ ရှမ်းပြည်သူတွေ မဲထည့်ပိုင်ခွင့် ဆုံးရှုံးမယ်ပေါ့။ ဒါ ဘယ်သူတွေက မဲထည့်လို့ရပြီး ဘယ်သူတွေက မဲမထည့်လို့မရဘူးဆိုတာ မရှိဘူးဆိုပြီး ကျနော်တို့ သွားတွေ့တဲ့ အခါကျတော့ အဲ့ဒီ့စာရင်းက ရွေးကောက်ပွဲကော်မရှင် က အောက်တိုဘာလ ၁ရက်နေ့လောက်မှာ ကြေညာမယ်။ အကုန်လုံးပါသွားမှာ စိုးရိမ်ရတယ်ဆိုတော့ သူတို့လည်း လူထုဆီက ပြန်ကြားတယ် သူတို့လည်း မဲထည့်ချင်တယ်။ သိမ်းကြုံးပြီးတော့ မလုပ်ရဘူး။ မထည့်ရဘူးဆိုရင်တော့ မဖြစ်ဘူးဆိုတာတော့ ပြောပြလိုက်တယ်။ အဲ့ဒီ့တော့ သူတို့လည်း လက်ခံတယ်။"

ဒီတွေ့ဆုံမှုမှာ RCSS/SSAအနေနဲ့ နယ်မြေ(၁၆)ခု အတွင်း မဲဆွယ်ခွင့် ကန့်သတ် ထားတာဟာ ရှမ်းပြည်သူတွေ မဲပေးပိုင်ခွင့်ဆုံးရှုံးစေတဲ့ အနေအထားရောက် သွားမှာ စိုးတယ်လို့ ဆွေးနွေးချက်ကို RCSS/SSAရဲ့ အတွင်းရေးမှူး စိုင်းပိန်ခမ်းကနေ သဘောတူ လက်ခံပြီး အဖွဲ့အတွင်း ပြန်လည် တင်ပြသွားမယ်လို့ပြောဆိုခဲ့ကြောင်း SNLDဥက္ကဋ္ဌ ခွန်ထွန်းဦးကပြောပါတယ်။

လက်ရှိအခြေအနေကတော့ ပါတီစုံ အထွေထွေရွေးကောက်ပွဲကလဲ နီးကပ် လာနေသလို လာမယ့် အောက်တိုဘာလ အတွင်း မှာ အစိုးရ ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကနေ တပြည်လုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲ ရေး NCA သဘောတူစာချုပ်လက်မှတ်ထိုးနိုင်ရေး အတွက် တွေ့ဆုံဆွေးသွားမှာဖြစ်တဲ့ အနေအထားမျိုးမှာ လက်နက်ကိုင် တိုက်ပွဲတွေ မဖြစ်သင့်တော့ဘူးလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦးကပြောပါတယ်။

XS
SM
MD
LG