သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားများ ငွေကြေးထောက်ပံ့မှု လိုအပ်


နိုင်ငံရေးအကျဉ်းသားများ ငွေကြေးထောက်ပံ့မှု လိုအပ်
နိုင်ငံရေးအကျဉ်းသားများ ငွေကြေးထောက်ပံ့မှု လိုအပ်

မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အောက်တိုဘာလတုန်းက ပြန်လွတ်လာခဲ့တဲ့ ကိုယ်တိုင် နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့သူ နံမည်ကျော် လူရွှင်တော် ကိုဇာဂနာဟာ ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ်နဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေကို ဒီဇင်ဘာလ ၁၆ ရက်ကနေ ၂၁ ရက်နေ့အထိ သွားရောက်ခဲ့ပါတယ်။ သူ ဘန်ကောက်မှာ ရောက်နေစဉ်မှာ ဗွီအိုအေ ဝိုင်းတော်သူ မစုမြတ်မွန်က သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ရာမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ငွေကြေးဆိုင်ရာ အထောက်အကူတွေ လိုအပ်နေတဲ့အကြောင်း သူ့ရဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မစုမြတ်မွန်။ ။ ကိုဇာဂနာ ထောင်ထဲက ထွက်လာပြီးတဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး တော်တော်လေး ကူညီစောင့်ရှောက်မှုတွေ ပြန်ပြီးတော့ လုပ်ပေးတာ သိရပါတယ်။ ဆိုတဲ့အခါကျတော့ ဒီ ထောင်ထဲမှာရှိနေတဲ့ အကျဉ်းသားတွေ အနေနဲ့ အပြင်မှာရှိတဲ့သူတွေရဲ့ အကူအညီ ဘယ်လောက် အတိုင်းအတာအထိ လိုနေတဲ့အတွက်ကြောင့် ကိုယ်က လုပ်ပေးရတယ်လို့ ပြောနိုင်ပါလဲရှင့်။ -

ကိုဇာဂနာ။ ။ “ဘယ်လောက် အတိုင်းအတာ လိုလဲဆိုတော့ ၁၀၀ % လိုတယ်ဗျ။ ဒီအကြောင်း ပြောရမယ်ဆိုရင်တော့ ကျနော် စိတ်လည်း မကောင်းဘူးခင်ဗျ။ စိတ်လည်း မကောင်းဘူး ဆိုတာက ကျနော် ကိုယ်တိုင်ပင် အဲဒီဝေဒနာ ခံစားခဲ့ရတယ်။ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပံ့ပိုးတယ်၊ ဘယ်နိုင်ငံက ဘယ်သူတွေက ပံ့ပိုးတယ်။ ဘယ်သူတွေက ပေးတယ်၊ ဘယ်သူတွေကနေပြီးတော့ ထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် ဘယ်လောက် ပေးလိုက်တယ်။ အဲဒါက အမြဲကြားနေရတယ်။ ကျနော် ထောင်ကလွတ်လာတဲ့အထိ ဘယ်သူ့ဆီကမှ မရခဲ့ဖူးဘူး။ ငါးခြောက် တစ်ဖက်တောင် မစားခဲ့ရဘူး။ ကျနော်တို့နဲ့နေတဲ့သူတွေလည်း ဘယ်သူမှ မရခဲ့ကြရှာပါဘူး။

“ဥပမာ၊ ယုတ်စွအဆုံး ကျနော် စိတ်အရမ်းမကောင်းတာ တစ်ခုရှိတယ်။ ကျနော့်သူငယ်ချင်း လှမျိုးနောင်၊ အခုတော့ မန္တလေးထောင် ရောက်သွားပါပြီ။ မြစ်ကြီးနားမှာ အတူနေခဲ့တယ်။ မျက်လုံးတစ်လုံး ဆုံးသွားတယ်။ ထောင်ထဲမှာ မျက်လုံးတစ်လုံး ဆုံးသွားတယ်ဆိုတာက တကယ်ပြောတာ၊ ထောင်ထဲက ရိုက်လို့နှက်လို့ ဆုံးတာမဟုတ်ပါဘူး။ နဂိုရှိတဲ့ ရောဂါကြောင့် ဆုံးတာ။ သို့သော် တကယ်လို့များ သူဟာ proper treatment သင့်လျော်တဲ့ ဆေးဝါးကုသမှု တစ်ခုခု ရလိုက်တယ်ဆိုရင် အဲဒီလောက် မြန်မြန် မဆုံးရှုံးဘူးပေါ့။ အခုဆိုရင် မျက်လုံးတစ်လုံး ဆုံးရှုံးရုံတင်မကဘူး။ နောက် မျက်လုံးတစ်လုံးကပါ ဆုံးရှုံးတော့မယ်၊ သုံးပုံတစ်ပုံလောက် ဖြစ်လာပြီဆိုတော့ စာတောင် မဖတ်နိုင်တော့ဘူး ဖြစ်လာတယ်။ ဆိုတော့ ဒီလူတစ်ယောက်မှာ အရေးပေါ် ဆေးကုသဖို့အတွက် အစိုးရမှာ တာဝန်ရှိတယ်ဆိုတာ မှန်ပါတယ်။ သူတို့ ဖမ်းထားတာကိုး။ သို့သော် အဲဒီဟာကို ဆေးကုဖို့အတွက် moral encouragement စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေလည်း လိုတယ်။ financial encouragement ငွေကြေးအရ ပံ့ပိုးကူညီမှုလည်း လိုတယ်။ သူ့မှာက မရှိဘူး။ စီးပွားရေးအရ မပြေလည်ဘူး။ ပိုက်ဆံလေး သုံးသိန်းလောက် ရှိရင်ကို မျက်လုံးကို လေဆာနဲ့ပစ်လို့ ရရဲ့သားနဲ့ အဲဒီ ပိုက်ဆံလေး သုံးသိန်းလောက် မရှိတဲ့အတွက် သူ့ရဲ့ မျက်လုံး နောက်တစ်လုံးဟာ သုံးပုံတစ်ပုံ ဆုံးရှုံးလာရပြီ။ ဘယ်သူကူမှာလဲ။ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပါတယ် ကူညီပါတယ်လို့ ပြောပြီးတော့ လှမျိုးနောင်ရဲ့ မျက်လုံး တဖြည်းဖြည်းချင်း ဆုံးရှုံးနေတာကို Retinal Detachment လို့ ပြောတာပဲ။ ကျနော်တို့ ဒီအတိုင်း ထိုင်ကြည့်နေခဲ့ရတယ်။ ကျနော့် သူငယ်ချင်းကို ဒီလိုလူ အခန်းချင်း ကပ်နေတဲ့သူတောင် ကျနော် မကူနိုင်တော့ဘူး။ သူ စိတ် ဘယ်လောက် ထိခိုက်ထားမလဲ။ ငါတို့ကတော့ တိုင်းပြည်အတွက်လို့ ပြောတယ်၊ လုပ်လိုက်ရတာ တိုင်းပြည်အတွက်လို့လည်း ပြောတယ်။ ငါတို့ကို ဘယ်သူကမှလည်း လုပ်မပေးပါလား။ ပေးနေတာကတော့ အကြီးအကျယ်ပဲ။ ဘယ်သူကပေးတယ်၊ ဘယ်လောက်ပေးလိုက်ပြန်ပြီ ဆိုတာက အကြီးအကျယ်ပဲ။ ဘယ်သူ ပေးလို့မှမရတာ အမှန်ပဲ။

“နောက်ထပ် ကျနော် ထပ်ပြောမယ်။ ဒါ တရားဝင် တကမ္ဘာလုံးကို ပြောလို့ရတဲ့စကားဖြစ်တဲ့အတွက် ကျနော် ပြောချင်သေးတယ်။ ဘုန်းကြီးတွေကို ထောက်ပံ့တယ်လို့ ပြောတယ်။ ဘုန်းကြီးတွေကို ထောင်ထဲမှာ ထောက်ပံ့လို့ဆိုပြီး ဆုတွေလည်း ပေးလိုက်ကြတာ ဟိုးအမေရိကားကနေ နည်းတာမဟုတ်ဘူး။ ကျနော်တို့နဲ့ အတူတူနေတဲ့ ဘုန်းကြီးလေးပါး ရှိတယ်။ နံမည်တပ် ကျနော် ပြောလို့ရတယ်။ တနေ့က ဒေါ်အောင်ဆန်းစုကြည်က အညတရ သူရဲကောင်းဆု ပေးလိုက်တဲ့ ဘုန်းကြီး ဦးဉာဏ ကျနော်နဲ့အတူတူ ရှိတယ်။ ဘုန်းကြီး ဦးဓမ္မသာမိ၊ ကျနော်နဲ့အတူတူ မြစ်ကြီးနားထောင်မှာ နေခဲ့တယ်။ ဘုန်းကြီး ဦးဂန္ဒသာရ မန္တလေးက ဘုန်းကြီး ကျနော်တို့နဲ့အတူတူ နေခဲ့တယ်။ အဲဒီ ဘုန်းကြီးလေးပါးလုံး ဘာမှမရဘူး။ ကျနော်ပြောတာ ရှင်းရှင်းလေးနော်။ ဟုတ်တယ်မဟုတ်ဘူးဆိုတာ ဘုန်းကြီးတွေ ရှိတယ်။ ကျနော်နဲ့အတူတူ သုံးနှစ်ခွဲလုံးလုံး နေခဲ့တာ။ အဲဒီတော့ ကျနော်တို့ စိတ်ထဲမကောင်းဘူးခင်ဗျ။ အပြင်က ပြောလိုက်ရင်တော့ ဂုဏ်တွေယူပြီးတော့ အကြီးအကျယ်ပေးတယ်။ ဘယ်လိုပေးတယ်ချည်း ပြောတယ်။ ပြောပြီးတော့ နံမည်တွေ ယူနေကြတယ်။ တကယ့်တကယ် ထောင်ထဲကကောင်တွေက ဘာမှမရတော့ နေ့တိုင်း ဒီအသံကြားနေရလေ စိတ်တိုလေပဲ။ ကြာရင် အဲဒီထောင်ထဲကလူတွေ လွတ်လာရင် သတ်ချင်စိတ်တောင် ပေါက်လာလိမ့်မယ်။ ဆိုတော့ ဘာမှလည်းမပေးဘဲနဲ့ ပေးတယ်ပြောနေတာ။ ဒီကိစ္စရဲ့ နမူနာတစ်ခုဆို ကျနော် ပြောပြမယ်။

“ကျနော် ဒီလာခါနီးလေးမှာပဲ စင်ကာပူက လမ်းပြကြယ်အဖွဲ့ ရန်ကုန်ကို ရောက်လာတယ်။ သူတို့တွေက အကျဉ်းသား ၄၀ ကို လတိုင်း သူတို့ တာဝန်ယူ ထောက်ပံ့နေပါတယ်တဲ့။ ၁,၇၀၀ ပို့ပေးပါတယ်တဲ့။ သူတို့ပို့ပေးတဲ့စာရင်းထဲမှာ ပါတဲ့ မျိုးအောင်နိုင်။ သူ့မိန်းမ ကျနော့်အိမ်မှာ။ သူတို့ရောက်တဲ့အချိန်မှာ ရှိနေတယ်။ ဟောဒီမှာ ကိုမျိုးအောင်နိုင်ကို ထောင်ဝင်စာသွားတွေ့မယ်။ ကျနော်လည်း ခရီးသွားမှာမိုလို့ မျိုးအောင်နိုင်ဆီသွားမယ့် သူ့မိန်းမ မနေခြည်ကို ပစ္စည်းတွေ ထည့်ပေးနေတယ်။ စာအုပ်တွေ ထည့်ပေးတာ။ အဲဒီ မနေခြည်က ကျမ တပြားမှ မရပါဘူးတဲ့။ သူတို့က ကျနော်တို့ပေးနေတာ ၁၃ လရှိပြီတဲ့။ ဟုတ်ကဲ့… ကျမ တပြားမှမရပါဘူးတဲ့။ ဒါတော့ သူလည်း မလိမ်ဘူး။ ဒီကလူတွေ မရတာကလည်း မရဘူးပဲ ပြောရမှာပေါ့။ အဲဒါတွေ ကျနော် ပြောတာ။ ပေးတဲ့သူတွေကလည်း ပေးတယ်။ မရတဲ့သူကလည်း မရဘူးဆိုတော့ ကြားထဲမှာ တစ်ခုခုတော့ လွဲနေပြီလို့ ကျနော် ထင်တယ်။ အဲဒီခံစားချက်ကြောင့် ကျနော် ထောင်ထဲက ထွက်ထွက်ချင်းမှာ ကျနော့် သူငယ်ချင်းတွေကို ကျနော် ပြန်ပို့ချင်တယ်။ အဲဒီတော့ ကျနော် ဘယ်သူ့ဆီက ပိုက်ဆံမှမတောင်းဘူး။ ဘယ်သူ့ကိုမှ ကျနော် အလှူမခံဘူး။ သို့သော် နံပါတ်တစ်။ ကျနော့် သူငယ်ချင်းတွေဖြစ်တဲ့ ရုပ်ရှင်နဲ့ ဂီတနယ်ကလူတွေပေးတာ ကျနော် ယူတယ်။ ဆိုပါတော့ ထွန်းအိန္ဒြာဗို ပေးတယ်၊ ဝေဠုကျော်ပေးတယ်၊ ဇင်ဝိုင်းပေးတယ်။ မင်းမော်ကွန်း ပေးတယ်။ ကျနော် ယူတယ်လေ။ သူတို့ဆီကို ကျနော် အားမနာ လျှာမကျိုး ကျနော် တောင်းလို့ရတယ်။ ကျနော်နဲ့ နီးစပ်တဲ့သူငယ်ချင်းတွေကို ကဲ ပေးပါဦး တစ်သိန်းလောက်၊ ပေးပါဦး သုံးသိန်းလောက် လိုက်တောင်းတယ်။ ကျနော် မျက်နှာ အောက်ကျခံပြီး တောင်းရပါတယ်။ ဒီလိုပဲ နိုင်ငံခြားရောက်နေတဲ့ ကျနော် သူငယ်ချင်းတွေ တချို့က ပိုက်ဆံစုပြီး သူတို့အတွက် အမေရိကားရောက်နေတဲ့ သူတွေဆီက နှစ်ဆယ်မျိုး သုံးဆယ်မျိုး စုလိုက်တယ်။ ငါးယောက်လောက် စုလိုက်ရင်လည်း ဒါက ၁၅၀ လောက် ဖြစ်သွားတာ။ အဲဒီသူငယ်ချင်းတွေက ဝိုင်းစုပြီးပေးတဲ့ပိုက်ဆံလေးတွေနဲ့ပဲ ကျနော် ရအောင်ပို့တယ်။ သို့သော် ကျနော် ဒီထက် ပို့ချင်ပါတယ်။ အခု ကျနော် ထောင်ပေါင်း ၄၂ ထောင် ရှိတဲ့အထဲမှာ ၂ ထောင်ကလွဲရင် ထောင် ၄၀ ကို ကျနော် ပို့ပြီးသွားပါပြီ။ ထောင် ၄၀ မှာ နှစ်ခါပြန်ကြော့တဲ့ထောင်တွေ၊ ဥပမာ တောင်ငူဆို နှစ်ခါပြန်သွားပြီ။ လွိုင်ကော်ဆို နှစ်ခါ ပြန်သွားပြီ။ ဘူးသီးတောင်၊ မောင်တော ဆို နှစ်ခါပြန်သွားပြီ စသည်ဖြင့်ပေါ့။ မြစ်ကြီးနားဆို နှစ်ခါ ပြန်သွား ဖြစ်သွားပြီ။ အဲဒီလို ပို့တဲ့အခါမှာ အကျဉ်းသားတစ်ယောက်ကို ငွေတစ်သောင်း အနည်းဆုံး ပို့နိုင်ပါတယ်။ နောက်ပြီးတော့ အင်္ကျီပို့နိုင်တယ်။ စာအုပ်တွေ ကျနော် ပို့နိုင်တယ်။ လိုအပ်တဲ့ဆေးဝါး ကျနော်တို့ ဝယ်ပြီးတော့ ပေးနိုင်ပါတယ်။ သို့သော် တစ်သောင်းဆိုတော့ မများပါဘူးဗျာ။ သို့သော် သူတိုစိတ်ထဲမှာ ကျနော်တို့ကို ပစ်မထားဘူးဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အား ပေးမှုတစ်ခုရတယ်။ အဲဒါကတော့ ကျနော် မဏ္ဍပ်တိုင်တပ်ပြီး ပြောနေ့တဲ့ကိစ္စမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့လက်ထဲကို ဒီပစ္စည်းတွေ ရောက်တယ်ဆိုတာလည်း ကျနော်တို့က သူတို့ဆီကလာတဲ့ document တွေ အပြည့်စုံ ကျနော်တို့ဆီမှာ ရှိပါတယ်။ ဆိုတော့ အဲဒီစိတ်ကလေး တစ်ခုတည်းနဲ့ ကျနော် လုပ်တာပါ။”

မစုမြတ်မွန်။ ။ စောစောကပြောတဲ့ ဒီအဖွဲ့အစည်းတွေက ပေးနေပါတယ်လို့ ပြောနေတဲ့အဖွဲ့တွေက ဘယ်အဖွဲ့တွေလို့ ရည်ညွှန်းပြီးတော့ ပြောလို့ရနိုင်ပါလား။ -

ကိုဇာဂနာ။ ။ “ကျနော် နံမည်တွေလည်း မပြောတတ်တော့ဘူး။ အဖွဲ့တွေ တပုံကြီးပဲ။ နိုင်ငံခြားကနေ ပေးနေတာ။ စင်ကာပူရောက် မြန်မာများရော။ ဂျပန်နိုင်ငံရောက် မြန်မာများရော။ အမေရိကန် နိုင်ငံရောက် မြန်မာများရော ပေးနေတာပဲ။ နေ့တိုင်း ပေးနေတာပဲ။ မပေးဘူးလို့ ကျနော် ပြောတာမဟုတ်ပါဘူး။ သူတို့ပေးချင် ပေးလိမ့်မယ်။ တကယ်လည်း သူတို့ပေးနေပါတယ်။ မရတာ။ ကျနော်တို့ ပေးတဲ့သူကလည်း ပေးနေလိမ့်မယ်။ ဆိုတော့ ပေးတဲ့လူနဲ့ မရတဲ့လူနဲ့ကြားထဲမှာ ဒီဟာက ထူးဆန်းစွာ ပျောက်ဆုံးမှုကြီးပေါ့။ ဒီလိုပြောရမှာပေါ့။”

လူရွှင်တော် ဇာဂနာကို ဗွီအိုအေက မစုမြတ်မွန်က တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG