အကျင့်ပျက်ခြစားမှုဒဏ်ကြောင့် နိုင်ငံကနေထွက်ခွာလိုတဲ့ အာဖရိကတိုက်က လူငယ်အရေအတွက်ဟာ ၆၀ % ရှိတယ်လို့ အင်္ဂါနေ့က ထုတ်ပြန်လိုက်တဲ့ စစ်တမ်းတခုမှာဖော်ပြထားပါတယ်။ ဒီစစ်တမ်းမှာ အာဖရိက ၁၆ နိုင်ငံက လူငယ်ပေါင်း ၅၆၀၀ ကျော်ပါဝင်ဖြေဆိုထားပါတယ်။
သူတို့ရဲ့ ဘဝတက်လမ်းနဲ့ အလားအလာကို ရောက်ရှိဖို့ရာ အကျင့်ပျက်ခြစားမှုဟာ "တခုတည်းသောအကြီးမားဆုံးအတားအဆီး" ဖြစ်တယ်လို့ တောင်အာဖရိကနိုင်ငံ Johannesburg မြို့အခြေဆိုက် Ichikowitz မိသားစု ဖောင်ဒေးရှင်းက အထောက်အပံနဲ့အသက် ၁၈ နဲ့ ၂၄ နှစ်ကြား လူငယ် ၅၆၀၄ ကို ကောက်ယူထားတဲ့ စစ်တမ်းမှာတွေ့နိုင်ပါတယ်။
လူငယ်အများစုက သူတို့ အစိုးရတွေဟာ ဒီကိစ္စအပေါ် လုံလောက်တဲ့ ဖြေရှင်းမှုမျိုးမရှိဘူးလို့ ယုံကြည်နေကြပြီး ဒါကြောင့်ပဲ နောက် ၅နှစ်အတွင်း လူငယ် ၆၀% ဟာ တိုင်းပြည်ကိုစွန့်ခွာဖို့ နည်းလမ်းရှာကြံနေပါတယ်။
"၂၀၂၄ အာဖရိကလူငယ်စာရင်းကောက်ယူမှု" လို့ခေါ်တဲ့ Ichikowitz မိသားစု ဖောင်ဒေးရှင်းရဲ့ အထောက်အပံ့နဲ့ပြုလုပ်တဲ့ ဒီစစ်တမ်းဟာတခြားစစ်တမ်းတွေနဲ့မတူဘဲ အရွယ်အစားရော အတိုင်းအတာရော ကြီးမားကွာဟပါတယ်။ ဒီနစ်ဇန်နဝါရီက ဖေဖော်ဝါရီအတွင်း တောင်အာဖရိကကနေ အီသီယိုးပီးယားနိုင်ငံအထိ လူငယ်တွေကို ကိုယ်တွေ့ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့တာပါ။
တိုင်းတပါးကိုပြောင်းရွှေ့ရာမှာ ဒီအသက်အရွယ်အုပ်စုရဲ့ ပထမဆုံးရွေးချယ်မှုကတော့ မြောက်အမေရိကပဲဖြစ်ပြီး အနောက်ဥရောပကနိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ စပိန်တို့ကတော့ ဒုတိယလိုက်ပါတယ်။
၂၀၂၂ က ပြုလုပ်ခဲ့တဲ့ "Afro-optimism" လို့ခေါ်တဲ့ "အာဖရိကအပေါ်အကောင်းမြင်မှု" စစ်တမ်းမှာ ၃၇ % ကျော် မြင့်တက်လာပေမယ့်လည်း အခုစစ်တမ်းထဲကဖြေဆိုသူ ၅၅ % ကျော်ကတော့ အာဖရိကတိုက်ဟာ "လားရာလမ်းကြောင်းမှားယွင်းနေတယ်" လို့ ရှုမြင်ကြပါတယ်။
"သူတို့ဟာ အကျင့်ပျက်နိုင်ငံရေးသမားတွေအပေါ် အစိုးရရာထူးကနေ ဖယ်ရှားတဲ့ ပြစ်ဒဏ်လို လက်ရှိထက်ပိုကြီးလေးတဲ့ ဒဏ်ခတ်အပြစ်ပေးမှုတွေကို လုပ်စေချင်ပါတယ်။ အစိုးရဖွဲ့စည်းပုံစနစ်ကိုလည်း ပြောင်းလဲစေချင်နေပါတယ်။" လို့ ဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
ဒီထဲမှာ သုံးပုံနှစ်ပုံက အနောက်တိုင်းဒီမိုကရေစီစနစ်ကို ယုံကြည်ပြီး ၆၀ % ကတော့ "အာဖရိကနဲ့ရောယှက်ထားတဲ့" ဒီမိုကရေစီ အစိုးရအုပ်ချုပ်မှုပုံစံကို လိုလားပါတယ်။ ဒီမိုကရေစီမဟုတ်တဲ့ စနစ်တွေဖြစ်တဲ့ စစ်တပ်အုပ်ချုပ်မှုနဲ့ တစ်ပါတီစနစ်တွေက တချို့အခြေအနေတွေမှာ အလုပ်ဖြစ်တယ်လို့ သုံးဦးမှာ နှစ်ဦးက ယုံကြည်ကြပါတယ်။
တရုတ်လွှမ်းမိုးမှု
ဒီစစ်တမ်းကို ဖြေဆိုတဲ့ ၇၂% က ပြည်ပလွှမ်းမိုးမှုကလည်း ပြဿနာတခုဖြစ်တယ်လို့ဆိုပါတယ်။ "သူတို့က သူတို့နိုင်ငံကို ပြည်ပကုမ္ပဏီတွေ ဝင်ရောက်အမြတ်ထုတ်ကြမှာကိုလည်း စိုးရိမ်နေကြပါတယ်။ အထူးသဖြင့် သဘာဝသယံဇာတတွေကို လာရောက်တူးဖော်မှုနဲ့ လူထုကို အကျိုးအမြတ်မရှိတဲ့ ပြည်ပတင်ပို့မှုတွေကို ဆိုလိုတာဖြစ်ပါတယ်" လို့ ဖောင်ဒေးရှင်းကဆိုပါတယ်။ ၈၀% က တရုတ်လွှမ်းမိုးမှုကို အကောင်းမြင်ကြပြီး ၇၉% ကတော့ အမေရိကန်လွှမ်းမိုးမှုကို အလားတူ ရှုမြင်ကြပါတယ်။
မာလာဝီနဲ့ တောင်အာဖရိကလိုနိုင်ငံတွေမှာ သိသာတဲ့ ရုရှားရဲ့ လွှမ်းမိုးလာမှုကိုလည်း စစ်တမ်းဖြေဆိုသူ တဝက်ကျော်က အကောင်းမြင်ကြပါတယ်။ ရုရှားက နှံစားပင်နဲ့ မြေဩဇာထောက်ပံ့ပေးမှုတွေကို ဥပမာအဖြစ် သူတို့က ကိုးကားပြောဆိုပါတယ်။
အများစုက အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အနိုင်ရရင် ကမ်မလာဟဲရစ်နိုင်တာထက် အာဖရိကတိုက်အတွက် ပိုဆိုးတဲ့ ရလဒ်ဖြစ်မယ်လို့ ပြောကြပါတယ်။
ဒီအာဖရိကလူငယ်စစ်တမ်းကို ၂၀၂၀ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး "အာဖရိကလူငယ်တွေရဲ့ ထုတ်ဖော်ချက်ကို အချက်အလက်ကျကျ သိချင်လို့ ဖြစ်တယ်" လို့ ဖောင်ဒေးရှင်းရဲ့ ဆက်ဆံရေးဒါရိုက်တာ Nico De Klerk က AFP သတင်းဌာနကို ပြောပါတယ်။ ဒါဟာ အစိုးရတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက်လည်း အသုံးဝင်တဲ့အချက်အလက်တွေ ဖြစ်ပါတယ်။
အာဖရိကတိုက်ဟာ ကမ္ဘာ့အငယ်ဆုံးနဲ့ အတိုးတက်ဆုံးလူဦးရေရှိနေတာပါ။
Mo Ibrahim ဖောင်ဒေးရှင်းရဲ့ စစ်တမ်းအရ ပျှမ်းမျှအသက်က ၂၀၂၀ ခုနှစ် မှာ ၁၉.၇ ရှိပြီး ဒါဟာ တခြားဒေသတွေဖြစ်တဲ့ လက်တင်အမေရိက (၃၁)၊ မြောက်အမေရိက (၃၈.၆) နဲ့ ဥရောပ (၄၂.၅) တို့ထက်စာရင် လူငယ်ဦးရေအများဆုံးရှိနေတာလည်းဖြစ်ပါတယ်။ အာဖရိကတိုက်မှာ အသက် ၁၅-၃၅ ကြား လူဦးရေ သန်း ၄၂၀ ရှိပြီး အဲဒီထဲက သုံးပုံတပုံဟာ အလုပ်လက်မဲ့နေကြတယ်လို့ အာဖရိကဖွံ့ဖြိုးရေးဘဏ်က ဆိုပါတယ်။ ၂၀၅၀ မှာ ဒီလူဦးရေဟာ နှစ်ဆကျော်အရေအတွက် သန်း ၈၃၀ ကျော်ထိ ရောက်မယ်လို့လည်း ခန့်မှန်းထားပါတယ်။
ဒီဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ "၂၀၂၄ အာဖရိကလူငယ်စာရင်းကောက်ယူမှု" စစ်တမ်းကို PSB Insights အဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဘော့စွာနာ၊ ကင်မရွန်း၊ ချက်ဒ်၊ ကွန်ဂို၊ အိုင်ဗရီကို့စ်၊ အီသီယိုးပီးယား၊ ဂါဘွန်၊ ဂါနာ၊ ကင်ညာ၊ မာလာဝီ၊ နမ်မီဘီယာ၊ နိုင်ဂျီးရီးယား၊ ရဝမ်ဒါ၊ တောင်အာဖရိက၊ တန်ဇန်းနီးယားနဲ့ ဇမ်ဘီယာနိုင်ငံတွေက လူငယ်တွေ ပါဝင်ဖြေဆိုထားတာဖြစ်ပါတယ်။